သတင်း

Move Forward Party ဖျက်သိမ်းခံရပါက ဆန္ဒပြမှုများဖြစ်ပေါ်လာမယ်လို့ ထိုင်းနိုင်ငံရှိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ သဘောတူထား

Move Forward Party ဖျက်သိမ်းခံရပါက ဆန္ဒပြမှုများဖြစ်ပေါ်လာမယ်လို့ ထိုင်းနိုင်ငံရှိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ သဘောတူထား

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဇူလိုင်လ ၁၂ရက်၊ ၂၀၂၃။

ဇူလိုင်လ ၁၂ရက်နေ့မှာပြုလုပ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ Move Forward Party ကို ဖျက်သိမ်းမယ်ဆိုရင် လူထုလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက သဘောတူညီခဲ့ကြကြောင်းသိရပါတယ်။

လက်ရှိ ရွေးကောက်ပွဲအနိုင်ရ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ဟာ ဘုရင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်ချက် ရှိမရှိ နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံး၏ စီရင်ချက်ကိုရယူရန် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ ဒီမိုကရေစီအ‌ရေးတက်ကြွလှုပ်ရှားသူများကကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Pita Limjaroenrat မှာ အပြစ်ရှိကြောင်း ခုံရုံးက တွေ့ရှိပါက ပါတီဖျက်သိမ်းခံရနိုင်ပြီး နိုင်ငံရေးမှ တားမြစ်ခံရနိုင်ကြောင်း နှင့် ဒီလိုဖြစ်လာပါက ဆန္ဒပြပွဲများကို ထပ်မံပြုလုပ်သွားကြဖို့ လှုပ်ရှားသူများက သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

Progressive Movement Party ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် Piyabutr Saengkanokkul က ရွေးကောက်ပွဲ ကော်မရှင် (EC)ရဲ့ သမာသမတ်ကျမှု မရှိခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ရှိတယ်လို့လည်း သူ၏ Facebook ပေါ်တွင်ရေးသားထားပါတယ်။

ယခင် Future Forward ပါတီ၏ခေါင်းဆောင်ဟောင်း Thanathorn Juangroongruangkit နှင့် ပတ်သက်တဲ့ အမှုကိုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ မလွှဲပြောင်းမီ ၅၁ ရက်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပါတီဖျက်သိမ်းခဲ့ခြင်းလည်း ရှိခဲ့ကြောင်း သူကရေးသားထားပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများကလည်း မနက်ဖြန်မှာ ထိုင်းလွှတ်တော်ရှေ့တွင် Pita ကို မဲပေးရန် ငြင်းဆိုထားသည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် အထက်လွှတ်တော်အမတ်များကို ဆန္ဒပြကြဖို့ ပြင်ဆင်ထားကြကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ အခုလို မဲအများဆုံးအနိုင်ရရှိထားတဲ့ ပါတီခေါင်းဆောင်ကို အရေးယူပြီး ပါတီကိုဖျက်သိမ်းဖို့ ကြိုးစားတာဟာ မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းဖို့ ကြိုးစားမှုပုံစံများနှင့် တူညီလျှက်ရှိပါတယ်။

Photo – Thai Enquirer

Related Articles

Back to top button