သတင်း

၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း အခမ်းအနား မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ ဦးဆောင်ကျင်းပ

ဓါတ်ပုံ – Federal Journal Myanmar 

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၆ ရက်၊ ၂၀၂၃။

ဒီကနေ့ ဇွန် ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများ သမဂ္ဂ (Chin Students’ Union of Myanmar)မှ အိန္တိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ ကိုယ်တိုင်တက်ရောက် အခမ်းအနားနဲ့ အဝေးရောက် အခမ်းအနား ပုံစံဖြင့် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင်သူ တဦးဖြစ်တဲ့ ချင်းကျောင်းသားများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဆလိုင်းထောင်း ထောင်း က “ဒီနေ့ဟာ ဆလိုင်းတင်မောင်ဦး ကျဆုံးနေ့ ဖြစ်သော်လည်း ဝမ်းနည်းရမဲ့နေ့မဟုတ်ဘဲ ဂုဏ်ယူရမဲ့နေဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုးတွေအတွက်သာမက ပြည်သူတစ်ရပ်လုံးအတွက် အမှန်တရားဘက်က ရပ်တည်ပြီး စစ်အာဏာရှင် တော် လှန်ရေးမှာ မတရား ကြိုးပေးကွက်မြတ်ခဲ့ရတာဖြစ်ပါတယ် ဒါကြောင့် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသူတွေ အနေနဲ့လည်း ဆလိုင်းတင်မောင်ဦး ရဲ့ ပြောကြား ချက်များကို ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ချီတက်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အခမ်းအနား အစီအစဉ်မှာတော့ ဆလိုင်းတင်မောင်ဦး ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှု အထုပ္ပတိ မှတ်တမ်းရုပ်သံတို့ကို ပြသခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဦးနေလင်းအောင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ အခြားသောခေါင်းဆောင်များနှင့် မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ လည်း တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး“GUYS form chin” အဖွဲ့မှ တေးသံရှင်များကလည်း တေး သီချင်းတို့ဖြင့် ဂုဏ်ပြု ပါဝင်ပေးခဲ့ကြပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ရဲ့ ထင်ရှားတဲ့ သမိုင်းဝင် စကားဖြစ်တဲ့ “ငါ့ကိုသတ်ချင်သတ်လို့ ရမယ် ။ ငါ့ခံယူချက် နဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ သတ်လို့မရဘူး။ မင်းတို့စစ်ဖိနပ် အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုတဲ့ စစ်အာဏာရှင်တော်လှန်ရေး နိုးဆောင်သံ လူထုတွေကြားမှာ တော်လှန်ရေးခွန်အားအဖြစ် ကိုင်ဆွဲ ကြွေးကြော်ကြဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းနေကြပါတယ်။

ဆလိုင်း တင်မောင်ဦးကို စစ်အာဏာရှင်တို့ဟာ ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ရက်စက်စွာ ကြိုးပေးကွပ်မြတ် ခဲ့တာဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး သေဒဏ်စီရင်ခံရချိန်ဟာ အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။

Related Articles

Back to top button