ဓါတ်ပုံ – Karenni Voice
ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၃ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ လိခူပရားကျေးရွာနှင့် ဒိုရောကျေးရွာထဲက အရပ် သားတွေ နေထိုင်တဲ့ နေရာမှာ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားများထိခိုက်သေဆုံးပြီး လူနေအိမ်များလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ လိခူပရားကျေးရွာမှာတော့ ယမန်နေ့ ၂၂ ရက်နေ့ ညသန်းခေါင် မွန်းတည့် ၁၂း ၃၀ ခန့်မှာ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒိုရောကျေးရွာကိုတော့ ဒီကနေ့ ဇွန်လ(၂၃)ရက်နေ့ မနက် (၄) နာရီ ဝန်းကျင်ချိန်မှာ လေယာဥ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
လိခူပရားကျေးရွာ ဗုံးကြဲ တိုက်ခံရချိန် အရပ်သားနေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ပြီး ဒိုရောကျေးရွာကို ထပ်မံ တိုက်ခိုက်ခံရချိန်မှာတော့ ဒေသခံ အသက်ကြီးပိုင် ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး၊ ကလေး(၂) ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခု စစ်ကောင်စီက လာရောက် ဗုံးကြဲတိုက်ခဲ့တဲ့ ကျေးရွာများဟာ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ အရပ်သားများကို ထိခိုက်သေဆုံးဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းမှု စတင်ခဲ့တဲ့ အချိန်ကနေ ဒီကနေ့အချိန်ထိ အရပ်သားများဟာ စစ်ကောင်စီရဲ့ လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရတာကြောင့် ကရင်နီဒေသမှာ အရပ်သား ပြည်သူ သေဆုံးသူ(၁၈)ဦးထိ ရှိလာပြီလို့ တိုးတက်သော ပြည်သူ့ အင်အားစု (PKPF) ရဲ့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။