သတင်း

မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့

ဓါတ်ပုံ – Mobye Rescue Team

ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၇ ရက်၊၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား မေလ (၂၇)ရက်နေ့မှ ဇွန်လ (၆)ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပြင်းထန်ခဲ့တဲ့ တိုက်ပွဲများအတွင်း လက်နက်ကြီးများကြောင့် အရပ်သားများလည်း ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲကယ်ဆယ်ရေး၏ အဖွဲ့ဝင်တစ်ဦး ပြောတာက “မနေ့ညကတော့ တစ်ဦးပဲ တိတိကျကျသိရတယ်၊ မွန်းလွဲပိုင်း လောက်မှာ ၄၂၂ က ပစ်လာတဲ့ လက်နက်ကြီးကြောင့် ကွက်သစ်ရပ်ကွက်ထဲ အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦး ရင်ဘတ်၊ဝမ်းဗိုက်၊ခြေထောက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်၊ ကျန်နှစ်ဦးမှာတိတိကျကျ မသိရ သေးပါဘူး” လို့ ပြောပါတယ်။

အခု အရပ်သားများ ထိခိုက်သေဆုံးမှုဟာ ယမန်နေ့ (၆)ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီး/ လက်နက်ငယ်များ ပစ်ခတ်မှုများကြောင့် သေဆုံးမှု များရှိခဲ့တယ်လို့ဒေသခံတွေကလည်း ပြောပါတယ်။

အခုတော့ တိုက်ပွဲများကြောင့် မိုးဗြဲမြို့၊ ပွဲကုန်း(၁)၊(၂)၊(၃)ရပ်ကွက်၊ ဈေးကုန်းရပ်ကွက်၊ ပေါ်ဦးရပ်ကွက်တို့မှာ နေထိုင်တဲ့ အရပ်သားပြည်သူများဟာလည်း နီးစပ်ရာဘေးလွတ်သို့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ စစ်တမ်းအရ စစ်အာဏာ သိမ်းမှု စတင်ဖြစ်ခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါ ရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ထိ မိုးဗြဲမြို့မှာတော့ အရပ်သားပြည်သူသေဆုံးသူ စုစုပေါင်း (၄၀)ဦး ရှိလာပြီး၊ ကျား(၂၃)ဦး၊ မ(၁၁)ဦး၊ ကျား/မ မသိရသေး သူ(၆)ဦး ရှိခဲ့ပါတယ်။

သေဆုံးသူ (၄၀)ဦးထဲမှာတော့ (၁၈)နှစ်အောက်ကလေးငယ် (၁၀)ဦးထိလည်းပါဝင်နေတာ တွေ့ရပါတယ်။

အခု သေဆုံးခဲ့ရတဲ့ အရပ်သားများ အများစုဟာ စစ်ကောင်စီ လက်နက်ကြီးထိမှန်မှုနှင့် လက်နက်ငယ်ပစ်ခတ်မှုများ ကြောင့် ဖြစ်တယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးကလည်း ပြောပါတယ်။

Related Articles

Back to top button