သတင်း

ဓနုဒေသမှာ စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်တာခံရသူ ၁၁ဦးနဲ့ မီးရှို့ခံရတဲ့ နေအိမ် ၅၆လုံးခန့်ရှိလာ

ဓနုဒေသမှာ စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်တာခံရသူ ၁၁ဦးနဲ့ မီးရှို့ခံရတဲ့ နေအိမ် ၅၆လုံးခန့်ရှိလာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၉ ရက်၊ ၂၀၂၃။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်တာခံရသူ ၁၉ဦးနဲ့ မီးရှို့ခံရတဲ့ နေအိမ် ၅၆လုံးခန့်ရှိလာတယ်လို့ မှော်ဘုရင်စစ်ကြောင်းထံကနေ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့အထိ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာ၊ သိမ်ကုန်းရွာ၊ လွှစင်ရွာ၊ မြို့ကုန်းရွာ၊ ကျောက်ပခြုပ်ရွာ၊ ပဲရင်းတောင်ရွာ၊ မျက်ခါးအင်းရွာ၊ နန်းခုံကျေးရွာတို့မှာ သတ်ဖြတ်ခံရသူ ၁၁ ဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၅၆လုံးရှိလာတယ်လို့ သိရပါတယ်။

“ဒီလ ၁၅ရက်နေ့က ကျောက်ပချုပ်ရွာမှာ တောင်သူ နေအိမ်တစ်လုံး မီးထပ်ရှို့ခံရတယ်။ ရွာငံဒေသမှာဆိုရင် မီးရှို့ဖျက်ဆီးခံရတာ နေအိမ် ၅၆လုံးရှိပြီ။ အကြောင်းမဲ့သတ်မှတ်ခံရတဲ့ ပြည်သူက ၁၁ဦးရှိပြီ။ PDF၊ UGတွေ ထိခိုက်ကျဆုံးတာတော့ မပါဘူးပေါ့။ ဒါကကျွန်တော်တို့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းတွေပါ။ ဒီထက်များရင်လည်း များနိုင်တယ်”လို့ မှော်ဘုရင်စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက FJMMကိုပြောပါတယ်။

အဲဒီရွာ ၈ရွာကနေ ဖမ်းဆီးခံရသူ ၆၀ ဦး၊ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၈၆ဦးနဲ့ ချိပ်ပိတ်ခံရတဲ့ နေအိမ် ၁၂ လုံး အထိရှိနေပြီး ဖမ်းဆီးခံရသူအချို့က ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်ပေမယ့် အချို့ ကလောစစ်ခုံရုံး၊ တောင်ကြီး၊ ပင်းတယနဲ့ ရွာငံ စစ်ကြောရေး စတဲ့နေရာတွေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားနိုင်တဲ့ နေရာတွေကို ပျူစောထီးအင်အား ၈၀ အပါအ၀င် အင်အား ၁၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီလိုပဲ ရှမ်းနဲ့ မန္တလေးနယ်စပ်၊ ကျောက်ပချုပ်ဒေသမှာလည်း စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဒေသအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ လုယက်သောင်းကြန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo – CJ 

Related Articles

Back to top button