သတင်း

စစ်ကောင်စီထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုထဲမှာ ၃ ပါတီသာ လှုပ်ရှားမှုရှိ၊ ပြည်ခိုင်ဖြိုးပါတီက လှုပ်ရှားမှု အများဆုံးဖြစ်

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၁၁ ရက်၊ ၂၀၂၃။

အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်(UEC)ထံ နိုင်ငံရေး ပါတီ ၅၃ ခု မှတ်ပုံပြန်တင်ခဲ့ကြပေမဲ့ တကယ် လှုပ်ရှားမှု ပြုလုပ်နိုင်တာကတော့ ၃ ပါတီပဲ ရှိတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီတွေကို ဒီနှစ် မေလ ၂၈ ကနေ ဇွန် ၂ အထိ စောင့်ကြည့်ခဲ့ရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ခိုင်ဖြိုးပါတီပါတီက ၁၇ ကြိမ်၊ ပြည်သူ့ပါတီက ၃ ကြိမ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ ကြိမ်သာ လှုပ်ရှားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီက လူထုစည်းရုံးရေး ၁၃ ကြိမ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၃ ကြိမ်၊ ပါတီတွင်း စည်းရုံးရေး ၁ ကြိမ်နဲ့ နိုင်ငံတကာ ဆက်ဆံရေး ၁ ကြိမ်ဆိုပြီး တွေ့ရတာပါ။

ပြည်သူ့ပါတီကတော့ လူထုစည်းရုံးရေး ၂ ကြိမ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁ ကြိမ်နဲ့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁ ကြိမ်သာ ရှိခဲ့ပါတယ်။

ဒီ ပါတီ ၃ ခုရဲ့ လှုပ်ရှားမှုတွေကို ဒေသအလိုက်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တိုင်းမှာ အများဆုံး လုပ်ခဲ့ကြတာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းမှာ ၉ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၃ ကြိမ်၊ နေပြည်တော် ၂ ကြိမ်နဲ့မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှာ ၁ ကြိမ်စီ တွေ့ရတယ်လို့ ဆိုပါတယ်။

ကျန်ပါတီ ၂ ခုရဲ့ လှုပ်ရှားမှုတွေကလည်း ရန်ကုန်တိုင်းမှာသာ ဖြစ်ပါတယ်။ လူထုစည်းရုံးရေးလုပ် တယ်ဆိုရာမှာ တော့ ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် ကျောင်းအပ်တဲ့နေရာမှာ ကူညီပေးတာနဲ့ မိုခါမုန်တိုင်းအလွန် ကူညီ ကယ်ဆယ်ရေးများတွေမှာ အများဆုံး တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ။

စစ်တပ်က ကြိုးကိုင်မဲ့ ရွေးကောက်ပွဲကို တိုင်းရင်းသားပါတီအချို့နဲ့ ပါတီကြီးအချို့က ပြန်လည်မှတ်ပုံ မတင်ထားပါဘူး။ မှတ်ပုံတင်ထားတာက ပြည်ခိုင်ဖြိုးပါတီနဲ့ အပေါင်းအပါ ပါတီငယ်သားများဖြစ်ပါတယ်။ အခုမှ အသစ်ထူထောင်တဲ့ ပါတီတွေလည်း ရှိနေပါတယ်။

စောင့်ကြည့်လေ့လာမှုအရ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လူထုက စိတ်မဝင်စားသလို ရွေးကောက်ပွဲဝင်ပါတီများ အနေနဲ့လည်း ပါတီနာမည်သာရှိပြီး လှုပ်ရှားမှုမရှိကြပါဘူး။ ခုခံစစ်ပြင်းထန်နေတဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ဘယ်ပါတီမှ လှုပ်ရှားတာမတွေ့ရပါဘူးလို့ ဆိုပါတယ်။

အခု တွေ့ရှိမှုကတော့ ပြီးခဲ့တဲ့တပတ်အတွင်း စစ်ကောင်စီရဲ့ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာ၊ စစ်ကောင်စီ သတင်းပြန်ကြားရေးနဲ့ ပါတီများရဲ့ တရားဝင် Facebook စာမျက်နှာ ၁၀၄ ခုနဲ့ သတင်းမီဒီယာများကို BACS က စောင့်ကြည့်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Related Articles

Back to top button