သတင်း

မိုခါ မုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဇိုတုန်ဒေသမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးပြီး ၊ ကျွဲ၊ နွား၂၀ ကျော် သေဆုံး

ဓါတ်ပုံ – Zotung Public Administrative Organization

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၈ရက်၊ ၂၀၂၃။

မိုခါ မုန်တိုင်းဒဏ်ကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ဇိုတုန်ဒေသမှာ အရပ်သား နေအိမ် ၃၀၀ ကျော် ပျက်စီးပြီး ၊ ကျွဲ၊ နွားအကောင်ရေ(၂၀) ကျော်သေဆုံးခဲ့တယ်လို့ ဇိုတုန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီက သိရပါ တယ်။

ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာများဟာ ဟုန်လေးရွာ (၆၀) အိမ်၊ တိန်ဆီးရွာ (၉၇)အိမ်၊ ထော်လန်ရွာ (၃၇) အိမ်၊ ရွာဗား (က) ရွာ (၅၆)အိမ်၊ ရွာဗား (ခ) ရွာ (၃၄) အိမ် ၊ ခွါတွာရွာ (၄) အိမ် နှင့် တီလပ်ရွာ (၁၇) အိမ် စုစုပေါင်း (၃၁၁) အိမ်ပျက်စီးပြီး ရှာတလိုင်း၊ လိုတော်နှင့် အိုက်ကားကျေးရွာ များမှ ကျွဲ၊နွား အကောင်ရေ (၂၀) ကျော် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးကြရတယ်လို့ သူတို့အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီဇိုတုန်ဒေသက ရွာခံတချို့က အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပြီး နေအိမ်တချို့တွေဟာလည်း ပြန်ပြုပြင်လို့ မရတော့တဲ့အခြေအနေထိ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘာသာရေးကျောင်းနှင့် စာသင်ကျောင်း တချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇိုတုန်ဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆိုအရ ဒီကနေ့ချိန်ထိ ဆက်လက် စာရင်းပြုစုနေရပြီး အပျက်အစီးအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ အသိပေးထားပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ထုတ်ပြန်ချက်အရ မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုဟာ မတူပီမြို့နယ်ထဲက အိမ်ခြေ ၈၈၇ လုံး အများဆုံးဖြစ်ပြီး၊ မင်းတပ်မြို့နယ် အိမ်ခြေ ၃၆၄ လုံးနဲ့ ဒုတိယပျက်စီးမှု အများဆုံးဖြစ်ကာ ပလက်၀ အိမ်ခြေ ၂၂၀၊ ကန်ပက်လက် ၁၁၂၊ ထန်တလန် ၂၇၊ ဖလမ်း ၇၄၊ ဟားခါး ၈၅ ၊ တီးတိန် ၅ လုံး စုစုပေါင်းအိမ်ခြေ ၁၇၇၄ လုံးထိ ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အဦး ၂၉ လုံး၊ ကျန်းမာရေး အဆောက်အဦး ၅ လုံး၊ စာသင်ကျောင်း ၃၀ လုံးနှင့် စပါးကျီ ၁၉ ခု တို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ချင်းပြည်နယ်ထဲက မတူပီအပါအဝင် မြို့နယ်အများစုကိုတော့ စစ်ကောင်စီက ကုန်သွယ်ရေးလမ်း ကြောင်းများ ဖြတ်တောက် ထားသလို၊ ဖုန်းဆက်သွယ်ရေး အင်တာနက်လှိုင်းတို့ကိုလည်း ဖြတ်တောက်ထားတာကြောင့် လိုအပ်နေတဲ့ အရေးပေါ် အကူအညီပေးနိုင်ရေးဟာ ခက်ခဲနေပြီး ပြန်လည် ထူထောင်ရေးအတွက်လည်း အရေးတကြီး လိုအပ်နေတယ်လို့ ချင်းဒေသဘက်လာတဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Related Articles

Back to top button