သတင်း

PPST တင်းပြည့်အဖွဲ့ဝင်ကနေ နုတ်ထွက်ဖို့ မွန်ပြည်သစ်ပါတီ စာတင်ထား

ဓါတ်ပုံ – NCA-S EAO

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၁ ရက်၊ ၂၀၂၃။
 
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တင်းပြည့်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့ မွန်ပြည်သစ်ပါတီ (NMSP) စာတင်ထားတယ်လို့ သိရပါတယ်။
 
မွန်ပြည်သစ်ပါတီအနေဖြင့် နှုတ်ထွက်ဖို့ စာကို ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က တင်းပြည့်အဖွဲ့ကနေ နုတ်ထွက်ပြီး ပူးပေါင်း အဖွဲ့အနေဖြင့်သာ ပါဝင်ဖို့ စာတင်ထားတယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
 
“PPST က လက်ရှိ တင်းပြည့်ကျပ်ပြည့် ပါတာက(၇)ဖွဲ့၊ ပူးပေါင်းအဖွဲ့အနေနဲ့ ပါတာ(၃)ဖွဲ့ပေါ့လေ။ ပူးပေါင်း အဖွဲ့ဆို တာက တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ်ပေါ့ဗျာ၊ NMSPက တင်းပြည့်ကနေ ထွက်ပြီး ပူးပေါင်းအနေနဲ့ ဆက်ပါဘို့ (၈) ရက်နေ့တုန်းက စာ တင်ပြထားတာပါ” လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆိုပါတယ်။
 
အခု တင်းပြည့်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့ မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်စာ တင်ပြထားမှုနှင့် ပတ် သက်ပြီး PPST ရဲ့ ညီလာခံ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီခေါင်းဆောင်နေရာမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူသွားခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းက ဆက်လက် တာဝန် ယူခဲ့တာပါ။
 

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင် ပြည်နယ် လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့က လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။

အဲဒီထဲက အင်အားကြီးလက်နက်ကိုင်အဖွဲအစည်းဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ကရင့်အမျိုးသား အစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ စစ်တပ်ကအာဏာသိမ်းမှုအလွန် PPST အတွင်းက ပါဝင်မှုတွေကို ရပ်နားထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့ဟာ အာဏာသိမ်းမှုအလွန် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ဖြစ်ပွားနေကြတာပါ။

မွန်ပြည်သစ်ပါတီ (NMSP) ကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

Related Articles

Back to top button