ဓါတ်ပုံ – Bawlakhe PDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ
မေလ ၃ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်\သံ လွှင့်ဌာန တို့ကို ယမန်နေ့ မေလ ၁ ရက်နေ့ မနက်ပိုင်း ၄ နာရီ ၅၀ မိနစ်ခန့်က စတင်ပြီး ကာကွယ်ရေးတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစီးနင်းတိုက်ခိုက်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၇ ယောက်သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးပူးတပ်ဖွဲ့ဘက်ကလည်း BPDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ ၁ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး တပ်စွဲထားတဲ့ စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖျက်စီးနိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ G4 ၁လက်၊ AK 22 ၁လက်၊ G4 ကျည်ဘောက် ၆ဘောက်၊AK ကျည်ဘောက် ၃ဘောက်၊ လက်ပစ်ဗုံး ၁လုံးနှင့် ကျည်ဆံအချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီ အမှတ် ၄၃၀ တပ်ရင်းက စစ်ကူအင်အား ထပ်မံ ရောက်ရှိလာ တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။
တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ စစ်သားများကိုတော့ မေလ ၂ ရက်နေ့မှာ စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင် သွားခဲ့တယ်လို့လည်း သိရပါတယ်။
အခု စစ်ဆင်ရေးကိုတော့ NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်း၊ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်တဲ့ ဘောလခဲ ခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် စီးနင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။