ကြားကာလ မွန်ပြည် ဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေး MSFC ဆက်လက် ဆောင်ရွက်နေ
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၃၀၊ ၂၀၂၃
ကြားကာလ မွန်ပြည် ဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ဆက်လက် ဆောင်ရွက်နေတယ်လို့ ကောင်စီတာဝန်ရှိသူတွေက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
“လောလောဆယ်မှာတော့ ကောင်စီမှာ ချမှတ်ထားတဲ့ ကော်မတီ ၃ ရပ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး ဒီအခန်းကဏ္ဍ ၃ ရပ်အနေနဲ့ ဖွဲ့စည်း ထားတာရှိတယ်။ ကော်မတီ ၃ရပ်အနေနဲ့ က တော့ ကော်မတီတစ်ခုချင်းစီမှာ ဥက္ကဋ္ဌ တစ်ဦးစီထားရှိပြီး ကော်မတီလုပ်ငန်းတွေအကောင် အထည်ဖော်ဖို့ လမ်းညွန်ချက်တွေ စပြီးရေးဆွဲနေပါပြီ။ တချို့ကော်မတီတွေကတော့ ရေးဆွဲပြီးတဲ့ ဗျူဟာတွေ လိုအပ်ချက်တွေကို ဖြည့်နေပါတယ်” လို့ ကောင်စီပြောခွင့်ရ နိုင်ထော့ရော့က ပြောပါတယ်။
ဒါ့အပြင် စုဖွဲ့ထားတဲ့ ကော်မတီများဟာ သက်ဆိုင်ရ ကော်မတီအလိုက် အစည်းအဝေးများပြုလုပ်ကာ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နေကြတာဖြစ်ပြီး အုပ်ချုပ်ရေးကော်မတီအောက်မှာတော့ လုပ်ငန်း ဌာန ၁၀ ခုကို ဖွဲ့စည်း လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အလားတူ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ကဏ္ဍတို့မှာလည်း ကော်မတီအလိုက် ပူးပေါင်းပြီး တစ်ဆင့်ချင်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီထဲက ပညာရေး၊ လူမှုရေး၊ ကျန်းမားရေး၊ စီးပွားရေး တို့ကိုတော့ ကောင်စီအနေဖြင့် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ အတည်ပြုပြဌာန်းထားတာ ရှိနေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် အစိုးရဆိုင်ရာ ယန္တယားများဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူသားချင်း စာနာမှု၊ အမျိုးသမီး နှင့် ကလေးအပါအဝင်၊ သတင်းနဲ့ ပြန်ကြားရေး၊ မြေယာသယံ ဇာတ၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနဲ့ အခွန် အကောက်ဌာန တို့ကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ပြင်ဆင်နေပေမယ့် အဲဒီထဲက ဌာနတချို့ကို ဖော်ဆောင်နိုင်ရေးမှာတော့ အခက်အခဲတွေလည်း ရှိနေတယ်လို့ ကောင်စီရဲ့ ပြောခွင့်ရ နိုင်ထော့ရော့ က ပြောပါတယ်။
လက်တလောမှာတော့ အရေးပေါ်လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် လူမှုကယ်ဆယ်ရေး လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြားကာလ မွန်ပြည် အစိုးရအဆင့် ဌာနဆိုင်ရာများကိုတော့ တစ်နှစ်အတွင်းဖွဲ့စည်းသွားနိုင်ဖို့တော့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ ချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ဖြစ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင် အားလုံးအပြီးတိုင်ချုပ်ငြိမ်းရေး၊ မဟာလူမျိုးကြီးဝါဒနဲ့ ဒီမိုကရေစီစနစ်အရ အနိုင်ကျင့်တဲ့ ပါတီကြီးဝါဒ ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား လူမျိုးများရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေး စတဲ့ နိုင်ငံရေး ရည်မှန်းချက် တွေနဲ့ MSFC ကို ဖွဲ့စည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကိုတော့ စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ဧပြီလ ၁၉ ရက်နေ့မှာ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေး အင်အားစုအသီးသီးနဲ့ ပူးပေါင်းပြီး မွန်ပြည် ကြားကာလပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (MSICC) ကို စတင်ဖွဲ့စည်းလည်ပတ်ခဲ့ကာ အဲဒီနောက်မှာတော့ ပိုမိုကောင်းမွန်တဲ့ အင်အားရရှိလာဖို့နဲ့ မွန်ပြည် ဖက်ဒရယ်ယူနစ်တရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး MSICC ကနေ MSFC ကို ၂၀၂၃ ဇန်နဝါရီ ၂၁၊ ၂၂ ရက်နေ့က လွတ်မြောက်တနေရာမှာ ပြုလုပ်တဲ့ ညီလာခံကနေ ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။