သတင်းဆောင်းပါး

ဒဲ့ညှိကြတော့ကွာ

■ ဒဲ့ညှိကြတော့ကွာ

ဒီစာက ကျနော့်သဘောထား မဟုတ်ပါဘူး။
နိုင်ငံတကာရဲ့ သဘောထားကို နားလည်သလောက် ပြန်ရေးပြတာပါ။

ဒီနေ့ ဧပြီ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံကို (၂) ရက်ကြာ လာရောက်ပြီး၊ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ကိစ္စ – သဘောထား ထုတ်ပြန်ချက် ထွက်လာတယ်။

ဒီထုတ်ပြန်ချက်ဟာ – နိုင်ငံတကာအသိုင်းအဝန်းရဲ့ မြန်မာ့အရေးအပေါ် ထားတဲ့ သဘောထားကို ထင်ဟပ်တယ်လို့ ယူဆပါတယ်။ အဲသည်လို ပြောတဲ့နေရာမှာ – အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေအပြင် ၊ မြန်မာနဲ့ ဘေးချင်းကပ်နေတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားအမြင်ကိုပါ ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားကတော့ – ထူးထွေ ပြောစရာ မလိုဘူး။ ပါပြီးသားဖြစ်တယ်။

⦿ လိုရင်း အနှစ်ချုပ်ကို ပြောရရင် —

၁။ အာဆီယံရော၊ အမေရိကန်ရော၊ တရုတ်ရော၊ ဥရောပနိုင်ငံတွေအားလုံးလိုလိုဟာ – မြန်မာပြည်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်တာကို မမြင်စေချင်ဘူး။ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ် ထိပ်တက်နေတာကို မလိုချင်ဘူး။ ဒါ့အပြင် စစ်တပ်က လက်နက်နဲ့ အင်အားသုံး ဖြိုခွင်းနေတာတွေကိုလည်း သူတို့ မလိုချင်ဘူး။ ဒါပေမယ့် ပါးရိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ အမြင်နဲ့ နှစ်ဖက်စလုံး နိုင်ပွဲ မရှိ အကြွင်းသုည ကစားပွဲကြီးကို ဆင်နွှဲနေတာ အတော်ကြီး မကြိုက်လှဘူး။

၂။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာမှုကို မကြိုက်သလို၊ ဒီတော်လှန်ရေးဘက်က လူတွေကလည်း — ငါတို့ကို ဒီလို လုပ်လို့ ငါတို့က ပြန်လုပ်ရတာဆိုတဲ့ မူကိုလည်း ထောက်ခံနေတာ မဟုတ်ဘူး။ သတင်းမီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သားနိုင်ငံရေးသမားတွေက ဘယ်လောက်ပဲ — လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ပရိုမိုးရှင်းလုပ်နေသည်ဖြစ်စေ လက်နက်နဲ့ အပြန်အလှန် အပြုတ်တိုက် အပြတ်ရှင်းပွဲ လုပ်နေတာကို နိုင်ငံတကာက မနှစ်မြို့ဘူး။ မြန်မာစစ်တပ်ကိုလည်း မတားနိုင်တော့ — အလွန်အမင်း ရိုင်းမသွားအောင် (ပြောလို့ ဆိုလို့တော့ ရနိုင်သေးတယ်ဆိုတဲ့အမြင်နဲ့) စစ်ကောင်စီကို ကြိုးစား ထိတွေ့နေတာလို့ နားလည်တယ်။ ဒီဘက်က လူတွေ ထင်သလို နိုင်ငံတကာတရားဝင်မှု ဖြစ်ဖို့ စစ်ကောင်စီနဲ့ ထိတွေ့တာတော့ မဟုတ်ဘူး။ ပြောဖို့ ဆိုဖို့ လမ်းကြောင်းကို ပိတ်မထားဘဲ — ရနိုင်သမျှ ပြန်လည် ယဉ်ပါးအောင် လုပ်နေတဲ့သဘောလို့ နားလည်တယ်။

၃။ နောက်တစ်ခုကတော့ – သိပ်မကြာခင်က အမေရိကန်ထောက်လှမ်းရေးအစီခံစာမှာ အစီရင်ခံတဲ့အချက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်အရေးဟာ ချက်ချင်း လက်ငင်း အလျင်အမြန် အဖြေထွက်နိုင်သေးမှာ မဟုတ်ဘူး။ အချင်းချင်းက တစ်ယောက် တံခါးကို တစ်ယောက် ပိတ်ပြီး အပြတ်အသတ် ချကြဖို့ပဲ အားသန်နေတယ်။ ဆိုလိုချင်တာက — မြန်မာ့အရေးဟာ ရှေ့မတိုးသာ နောက်မဆုတ်သာဘဲ လက်နက်ကိုင်ပဋိပက္ခထဲ ပိတ်လှောင်ပြီး ကာလတစ်ခုထိ ဖြတ်သန်းရအုံးမယ်ဆိုတဲ့ သဘော။ ဒါကို ဘယ်ဘက်ကမှ ဂယ်ပေါက်လည်း မထားတော့သလို၊ ထွက်ပေါက်အနေနဲ့လည်း ဘယ်သူမှ ထွက်လို့ မရအောင် အားလုံးက လုပ်ထားပြီးကြပြီ ဖြစ်တယ်။ ဒါကို နိုင်ငံတကာက ရတတ်သမျှ — နှပ်ကြောင်းဖော်ပေးနေတာ ရှိတယ်။ တရုတ်လည်း သူ့နည်း သူ့ဟန်နဲ့ လုပ်တယ်။ အာဆီယံကလည်း ကြိုးစား လုပ်တယ်။ အမေရိကန်ကလည်း တိုက်ရိုက် ဝင်မလုပ်ပေမယ့် နောက်ကွယ်မှာ အင်ပြည့်အားပြည့်နဲ့ ဘက်ပေါင်းစုံက လုပ်နေတယ်။

၄။ ဘန်ကီမွန်း လာရောက်ပြီး သဘောထားထုတ်ပြန်ချက်မှာ Constructive Dialogue ဆိုတာကို အထူးပြု တွေ့ရှိရတယ်။ အခု အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီကို သူတို့ ဒဲ့ညှိစေချင်တာ ထင်ရှားတယ်။ တခြားသော စကားရပ်တွေကတော့ — မူအားဖြင့် ရပ်ခံတင်ပြတာတွေ၊ မူအားဖြင့် ကန့်ကွက်တာတွေ ရှိတယ်လို့ နားလည်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ — ဒီလို ပဋိပက္ခအခြေအနေမျိုးမှာ လုပ်ရင် ပြဿနာတွေ ပိုများလာစေမှာဖြစ်လို့၊ အခု မလုပ်သေးနဲ့ ဆိုင်းထားအုံး။ တကယ် လုပ်ရင်လည်း တကယ့်နိုင်ငံရေးအဖြေရမှာ မဟုတ်ဘူးလို့ — နိုင်ငံတကာက မြင်ထားဟန်ရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ လိုချင်တာ — စစ်မြေပြင်က အားလုံး ထွက်ခွာရေးပဲ။ စားပွဲဝိုင်းပေါ် ရောက်ရေးပဲ။

၅။ သိပ်မကြာခင်က တရုတ်ကိုယ်စားလှယ်လာရောက်တာနဲ့ပတ်သက်ပြီး ဒါကလည်း ဒီသဘောပဲ။ တရုတ်က စေ့စပ်ညှိနှိုင်းရေး လုပ်ပါလို့တော့ — တရားဝင် တိုက်ရိုက် မပြောပေမယ့် ၊ စီးပွားရေး ကုန်သွယ်ရေး လုပ်လို့ မရအောင် တိုက်ခိုက်နေတာမျိုးဟာ သူ့အတွက်လည်း မကောင်းဘူး။ ယခင်တုန်းက — တိုက်ပွဲရှိပေမယ့် သူက ပြည်တွင်းမှာ စီးပွားရေးလုပ်နေနိုင်သေးတယ်။ အခုဟာ ဘာမှ လုပ်လို့ မရတဲ့ အခြေအနေကို တရုတ်ကလည်း မကြိုက်ဘူး။ တကယ်တော့ တရုတ်အနေနဲ့လည်း အချင်းချင်း ညှိစေချင်တာပဲ။ လောလောဆယ် တော်လိုက်တာ။ အခုဟာ အားလုံး အပြိုင်းအရိုင်းပန်းနေပြီ။ ခဏ နားကြစို့ ဆိုတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တရုတ်က ဘယ်လောက်ပြောပြော စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေက နားထောင်ပေမယ့် လက်ခံချင်မှ လက်ခံမယ်။

Min Thayt – Official, [4/25/2023 7:14 PM]
၆။ တရုတ်ရော၊ အမေရိကန်ရော၊ အာဆီယံရော… အားလုံးက ညှိစေချင်တယ်။ သူတို့ရဲ့ အာဂျင်ဒါက — လောလောဆယ် အဖြေရရေး မရရေးကို အသာထား– မြေပြင်မှာ တိုက်နေကြတာထက် စားပွဲဝိုင်းမှာ စကားစစ်ထိုးနေတာက — လေနဲ့ တိုက်တာဖြစ်လို့၊ အတော်ကြီး မျှော်လင့်ချက်ရှိတယ်။ ပြည်သူလည်း ဒီလောက် ဒုက္ခသုက္ခမရောက်တော့ဘူးလို့ တွက်ဆဟန်တူတယ်။ စစ်မြေပြင်ကနေ — စားပွဲဝိုင်းဆီ အရောက်တွန်းတင်ရေးဟာ နိုင်ငံတကာရဲ့ အထူးလိုလားချက် ဖြစ်တယ်။

မင်းတို့တတွေ ဒဲ့ညှိကြကွာ…လို့ ပြောနေတာ၊
သူတို့လည်း အာပေါက်နေပြီ။
ဒီဘက်ကတော့ ဘယ်ဘက်ကမှ ညှိဖို့ ပြောမယ် မထင်။
ပြောရင်လည်း ဝိုင်းဖိကြမယ့် အခင်းအကျင်းကို မြင်နေရတယ်။
ညှိဖို့ ပြောတဲ့ကောင်ကိုလည်း ဝိုင်းဆဲကြလိမ့်မယ်။

မြန်မာ့နိုင်ငံရေးကတော့ – ဒီပုံနဲ့ ညကြီး မိုးထပ်ချုပ်မယ် ထင်တယ်။

အဖြေကို လက်နက်နဲ့ မရှာ၊ စားပွဲဝိုင်းနဲ့ ရှာစေချင်တာ နိုင်ငံတကာရဲ့ သဘောထားဖြစ်တယ်။ အခုဟာက သူတို့ ဘယ်ဘက်ကိုမှ ထိန်းမရတော့။ အရပ်စကားနဲ့ပြောရင် (မိ မနိုင် – ဖမနိုင်) တွေ ဖြစ်ကုန်ကြပြီ။

  • မင်းသေ့

ထုတ်ပြန်ချက် အပြည့်အစုံ — မူရင်း။

https://theelders.org/sites/default/files/newsarticaldocument/20230425_BKM_Myanmar.pdf

Related Articles

Back to top button