နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး သီးသန့်ဆက်သွယ်မေးမြန်းချက် အပိုင်း(၁)
အီဂေါဗလားဗစ်
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
Director of Educational Initiatives Myanmar
ဆိုဖီယာ ။ ။ လက်ရှိနွေဦးတော်လှန်ရေးဟာ နှစ်နှစ်ကျော် ကာလကို ရောက်ရှိလာပြီဖြစ်သလို၊ ဖက်ဒရယ် ပဋိဉာဉ်ရေးဆွဲပြဌာန်းနိုင်ခဲ့တာလဲ နှစ်နှစ်ပြည့်တဲ့အချိန်ကို ရောက်ရှိပါပြီဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းနိုင်ခဲ့တာ နှစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ နွေဦး တော်လှန်ရေးကို ပြန်သုံးသပ်ကြည့်ရင် ဘယ်လို ပုံပေါ်နေပြီလို့ မြင်ရပါသလဲ။
အီဂေါ ။ ။ နွေဦးတော်လှန်ရေးဟာ အထင်ကြီးစရာ ကောင်းသလို၊ သူရဲကောင်းဆန်ဆန်လုပ်နိုင်တဲ့ တော်လှန်ရေး တစ်ခု၊ မျှော်လင့်ချက်ပြည့်တဲ့ တော်လှန်ရေးလို့ ပြောလို့ ရနိုင်မလို စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ် လွန်းတယ်လို့ ပြောလို့ ရပါတယ်။ ဒီမေးခွန်းကို အချက် (၃) ခုနဲ့ ဆက်လက် ဖြေပါမယ်။
၁။ စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်ဇောနဲ့ အာဏာသိမ်းခဲ့အပေါ်မှာ လက်သိပ်မခံတဲ့ ပြည်သူတွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ လအနည်းငယ်အတွင်း သပိတ်အင်အားစုတွေကို ဖိနှိပ်ဖြိုခွင်းနိုင်မယ်လို့ ယူဆထားပေမဲ့ ထိုအတိုင်း မဖြစ်လာခဲ့ပါဘူး။ ရန်ကုန်ရုံးစိုက် နိုင်ငံတကာ သံရုံးတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ ထိုအတိုင်းထင်မြင်ထားကြပေမဲ့ သူတို့ထင်သလို သပိတ်အင်အားစုတွေကို စစ်တပ်က အဆုံးသတ်ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ နွေဦးတော်လှန်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိရှိမှုဟာ ထိုအရာတွေက မှားကြောင်း ပြနိုင်ခဲ့ပါတယ်။
၂။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်သလဲဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။
၃။ နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုအတွက် မျှော်လင့်ချက်တဖိတ်ဖိတ်လက်နေတဲ့အရာဖြစ်ပါတယ်။ လွတ်မြောက်မှုရရှိဖို့အတွက် စွန့်စားနိုင်မှုနှင့် ဒုက္ခခံနိုင်မှုအတွက် ပြည်သူတွေက အဆင်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် စုပေါင်းစွမ်းရည်ဟာ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်၊ခိုးဆိုးလုနှိုက်အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ထက် အားအင်တောင့်တင်းပါတယ်။
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ပြည်သူတွေကို ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းအာဆီယံနိုင်ငံတွေအနေနဲ့ အထောက်အပံ့အနည်းငယ်ပေးရုံလောက်နဲ့ တော်လှန်ရေးကြီးဟာ မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။ မဟုတ်ပါက တော်လှန်ရေးကာလရှည်လျားပြီး ပြည်သူတွေအနေနဲ့ ဘက်ပေါင်းစုံက အထိနာမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခု မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဘယ်လိုနည်းနဲ့မှ တိုင်းပြည်ကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ပါဘူး။
စစ်အုပ်စုအနေနဲ့ တိုက်ခိုက်ခံရပြီးနောက်ဆုံးမှာ ခုံရုံးတင်ခံရမှာဘဲ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေခြင်းဟာ တရက်ထက်တရက် ပိုမိုဆိုးရွားလာပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ များလာပေမဲ့ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်တဲ့ အခြေအနေမရှိသေးသလို တဘက်မှာလည်း အရပ်သားတွေကိုသာ ပိုမိုပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။ စစ်တပ်အနေနဲ့ ၎င်းတို့ရဲ့ ရက်စက်မှုတွေကို ဖျောက်ဖျက်ပစ်ဖို ကြိုးပမ်းလျက်ရှိပါတယ်။ တချိန်တည်းမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုကို အောင်အောင်မြင်မြင် နှိမ်နှင်းလျက်ရှိပြီး စစ်အုပ်စုအနေနဲ့ တပ်ပျက်နေတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ချင်း၊ ကရင်နီနှင့် စစ်ကိုင်းတိုင်းနေရာအများစုကို မထိန်းချုပ်နိုင်တော့ပေ။ ကရင်မှာလည်း အပြင်းအထန် တောင့်ခံနေရသလို ကချင်၊ ရခိုင်မှာလည်း တစထက်တစ လက်လွတ်ပေးနေရပါတယ်။
စစ်တပ်အနေနဲ့ လူသားအရင်းအမြစ်နဲ့ပတ်သက်ပြီး အခက်ကြုံနေရပါတယ်။ စစ်တပ်အနေနဲ့ အုပ်စုတွေ ခွဲပြီးရှေ့တန်းထွက်နေရတာကြောင့် အင်အားပြန်မွေးဖို့တောင် နောက်တန်းမှာ လူမကျန်တော့တဲ့အခြေအနေကို ရောက်ရှိနေပါတယ်။ တပ်သားခန့်ထားရေးနဲ့ ရိက္ခာပြတ်တောက်မှုကို ကြုံနေရသလို တချိန်တည်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ စုပေါင်းတိုက်စစ်ဆင် တိုက်ခိုက်မှုကို ခံနေရပါတယ်။ တောလှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်ရင်းသင်ယူစနစ်နဲ့ ပိုမိုကျစ်လျစ် အားကောင်းလာပါတယ်။
စစ်အုပ်စုအနေနဲ့ ၎င်းတို့ရဲ့အထိနာမှုကို ဖုံးကွယ်ထားပေမဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရှိန်မကျဘဲ ဆက်လက်တိုက်ခိုက်မယ်ဆိုရင် စစ်တပ်အနေနဲ့ အောက်ခြေကနေ ပြိုကျသွားမှာ ဖြစ်ပါတယ်။
ဆိုဖီယာ ။ ။ နွေဦးတော်လှန်ရေးဆိုတာ ဘယ်လို တော်လှန်ရေးပုံစံမျိုးလို့ ပြောလို့ ရနိုင်ပါသလဲ။
အီဂေါ ။ ။ နွေဦးတော်လှန်ရေးကို စတင်ဦးဆောင်သူတွေဟာ စိတ်အားတက်ကြွတဲ့လူငယ် (Gen – Z) တွေ၊ အလတ်တန်းစာ မြို့ပြပညာတတ်တွေ နှင့် နိုင်ငံရေးတက်ကြွလုပ်ရှားသူ အမျိုးသမီးတွေ ( Lady Voter) တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်က အကြမ်းဖက်လုပ်ရပ်နဲ့ နှိမ်နှင်းတာကြောင့် ဆန္ဒပြမှုပုံသဏ္ဍာန်ဟာ ပြောင်းလဲလာခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခုခံကာကွယ်ဖို့အတွက် ပြည်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရပြီး ကျေးလက်အခြေပြု ပျောက်ကြားစနစ်ကို ကျင့်သုံးခဲ့ရပါတယ်။
အရေးတကြီးသတိချပ်စရာတစ်ခုက နွေတော်လှန်ရေးဟာ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ပြီး ထွက်ပေါ်လာတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် အစဉ်တစိုက် တွန်းလှန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဖြစ်စဉ်နဲ့ မတူသလို ပန်းတိုင်၊ လော့ဂျစ်နဲ့ အရွေ့ပုံစံတွေကလည်း ကွဲပြားပါတယ်။ ထိုတွန်းလှန်မှုတွေဟာ ပိုမိုနက်နဲရှုပ်ထွေးသလို လမ်းစဉ်နဲ့ အရွေ့ဟာလည်း ကိန်းသေတစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုပုံစံတွေဟာ ကွဲပြားသလို ရေတိုရေရှည်ပန်းတိုင်တွေ အောင်မြင်နိုင်ဖို့ ချမှတ်ထားတဲ့ လမ်းစဉ်တွေကလည်း မတူကြပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုချမဲ့ နွေဦးတော်လှန်ရေးဟာ မတူညီပေမဲ့ အတိုင်းအတာတစ်ခုအထိ စုဆုံလာခဲ့ပါပြီ။ ထိုတော်လှန်ရေးတွေကို တစုတစည်းတည်းဖြစ်လာဖို့အတွက် ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိစွာ လုပ်ဆောင်မှသာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဆိုဖီယာ ။ ။ တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ဆို ဘယ်လို အချက်အလက်မျိုးနဲ့ ပြည့်စုံဖို့ လိုအပ်ပါသလဲ။
အီဂေါ ။ ။တော်လှန်ရေးအောင်မြင်ဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမဲ့ အချက်တွေအများကြီးရှိပါတယ်။ အောင်မြင်ရေး ဖြတ်လမ်းတွေ မရှိပါဘူး။ ဖော်ပြရမယ်ဆိုရင် ပြည်သူ့ထောက်ခံမှုဟာ အရေးကြီးလွန်းလှပါတယ်။ ပြည်သူတွေရဲ့ ပြတ်သားတဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကြောင့်သာ စစ်အုပ်စုကို လက်ရှိအချိန်အထိ တောင့်ခံနိုင်တာ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ မြို့ပြဒေသမှာ ပြည်သူတွေ ပုံမှန်အတိုင်း သွားလာနေကြတယ်ဆိုတဲ့အမြင်ကို ပြသဖို့တောင် အတော်ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရပါတယ်။
တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက်ပါဝင်နေဖို့နဲ့ မျှော်လင့်ချက် မဝေဝါးသွားစေဖို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တိုက်ပွဲသေးတွေရဲ့ အောင်ပွဲကို အလေးစိုက်ဖို့လိုသလို တိုက်ပွဲကြီးတွေကိုလည်း ပိုမို အားစိုက်လုပ်ဆောင်ဖို့ လိုပါတယ်။ သပိတ်လူငယ်တွေနဲ့ ပျောက်ကြားတော်လှန်ရေးရဲဘော်တွေဟာ တိုင်းပြည်တစ်ခုလုံးရဲ့တော်လှန်ရေးကို ပုခုံးထမ်း တာဝန်ယူလျက်ရှိပါတယ်။ လူငယ်တွေဟာ အသက်စွန့်ပြီး ရဲဝင့်စွာ စွန့်စားတိုက်ပွဲဝင်နေသလို တဘက်မှာလည်း ပြည်သူတွေရဲ့ အထင်ကြီးလေးစားယုံကြည်မှုကို ရရှိထားပါတယ်။
“ လူငယ်တွေ အသက်စွန့် တိုက်ပွဲဝင်နေတဲ့အချိန်မှာ ပြည်သူတစ်ဦးချင်းစီအနေနဲ့ နိုင်ရာတာဝန်ကို ကျေပွန်စေ ရမယ်”။
အောင်မြင်မှုတွေကို ဂုဏ်ပြုမှတ်တမ်းတင် အောင်ပွဲခံဖို့လည်း အရေးကြီးပါတယ်။ နာကျင်မှုတွေကို အရင်းခံပြီး ပညာယူကာ ဆုံးဖြတ်ချက်မှန်ကန်လာစေဖို့နဲ့ တိကျလာဖို့ လုပ်ဆောင်ဖို့ လိုအပ်သလို၊ နစ်နာသူတွေလည်း သူရဲကောင်းတွေအဖြစ် သတ္တိရှိရှိပြန်လည်ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာ ပြည်သူတွေကို သွေးမအေးအောင် စည်းရုံးလှုပ်ဆော်ဖို့ အကြမ်းမဖက်သပိတ်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းဖို့ လိုအပ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ ကဏ္ဍအသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြဖို့ လိုသလို တချိန်တည်းမှာ ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ပါတယ်။ ပေါင်းစည်းနိုင်မှုဟာ နွေဦးတော်လှန်ရေးအတွက် အားတရပ်ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ လက်ခံဖို့လိုအပ်ပါတယ်။ မဟုတ်ပါက မကျေနပ်တွေနဲ့သာ ပြည့်နှက်နေပါလိမ့်မယ်။ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လျင်မြန်စွာ အမြင်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးအနေနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချမှတ်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
တော်လှန်ရေးအလွန်ကာလနဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေ၊ အာဂျင်ဒါတွေနဲ့ ဝန်မပိနေဘဲ လက်ရှိမှာ လက်တွေ့ကျပြီးအခြေခံကျတဲ့ စည်းမျဉ်းတွေ၊ ခိုင်မာအားကောင်းတဲ့မျှော်မှန်းချက်တွေကို ချမှတ်နိုင်ရန်သာ အရေးကြီးပါတယ်။
NLD အနေနဲ့ လက်ရှိအချိန်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ပတ်သက်ပြီး အာမခံချက်ပေးဖို့ လုပ်သင့်ပါတယ်။ NLD, NUG ခေါင်းဆောင်တွေရဲ့ ပြောစကားတွေနဲ့ မလုံလောက်တဲ့ ပိုမိုသေချာတဲ့လုပ်ရပ်ကို လုပ်ဆောင်သင့်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း မိမိတို့ရဲ့ ပြည်ထောင်စုတည်ဆောက်ရေးမူကို ခိုင်ခိုင်မာမာ ထုတ်ဖော်ပြောကြားဖို့လိုပါတယ်။ လက်ရှိအချိန်ဟာ PDF နဲ့ ERO အကြား ပိုမိုအားကောင်းတဲ့ ပေါင်းစည်းရေး တည်ဆောက်နိုင်ဖို့ လိုပါတယ်။
PDF နဲ့ ERO အကြား စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာအရ ပိုမို ပူးပေါင်းဆောင်ရွကလဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ဒုတိယအကြိမ် D-Day ကြေညာချက်ထုတ်ပြန်ပြီး စစ်တပ်ရဲ့ အရှိုက်တွေကို ပိုပြင်းတဲ့အားနဲ့ ဖိတိုက်ဖို့ လိုအပ်ပါတယ်။ စစ်တပ်ရဲ့ အဓိကနေရာတွေကို ရေလှိုင်းစစ်ဆင်ရေးနဲ့ အငိုက်ဝင်ရောက် တိုက်ခိုက်ဖို့ လိုပါတယ်။ ထိုစစ်ဆင်ရေးဟာ စစ်တပ်ထောက်ခံသူတွေကို အလွန်တရာ ထိတ်လန့်စေပြီး တပ်တွင်းပြိုကွဲမှု အားကောင်းလာမှာ ဖြစ်ပါတယ်။
ထိုလုပ်ရပ်ဟာ တော်လှန်ရေးမဟာမိတ်တွေကို ထင်သာမြင်ဟာ ဖြစ်စေတဲ့ လုပ်ရပ်ကိုပြသနိုင်မှာ ဖြစ်သလို၊ ယုံကြည်မှုလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ထို့ပြင် တရားဝင်မှု၊ ငွေကြေးနဲ့ လက်နက်အင်အားနဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာတွေရဲ့ရပ်တည်ချက်ကို ပိုမိုမေးခွန်းထုတ်လာနိုင်မှာဖြစ်ပါတယ်။