အတွေးအမြင်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(EAO)ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(EAO)ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုပြီ

Amara Thiha | အတွေးအမြင်

၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ နှစ်နှစ်တာ ကာလ ရောက်ရှိလာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို အားလုံးပါဝင်တဲ့လက်နက်ကိုင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ပေးဖို့၊ ပံ့ပိုးဖို့ တောင်းဆိုမှုတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

အထက်ပါ စဉ်းစားချက်ဟာ နိုင်ငံတကာက မြန်မာ့အရေး လေ့လာစောင့်ကြည်သူများအကြား ကျယ်ပြန့်လာသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ ထုတ်ဖော်ပြောဆိုထားပါတယ်။ အဓိကအရေးပါတဲ့ အဖွဲ့အစည်း တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ချုပ် (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ K3C ညွန့်ပေါင်းကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အင်အားစုများလည်း ဖွဲ့စည်းခဲ့ပြီး NUG နဲ့ ချိတ်ဆက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းစစ်တပ်က ၎င်းရဲ့ လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အပစ်ခတ်ရပ်စဲရေး အပါအဝင် ဆွေးနွေးမှုများ ဆောင်ရွက်နေသလိုပဲ ညှိနှိုင်းမှုမရှိတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲများဆက်တိုက်ဖော်ဆောင်နေ ဖြစ်ပါတယ်။

အခုလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အခင်းအကျင်းအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၊ ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF)၊ ကော်သူးလေတပ်မတော်နဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကဲ့သို့သော တိုင်းရင်းသား ဝိသေသ Ethnic Identity အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသစ်များစွာလည်း ပေါ်ပေါက်လာပါတယ်။ ထိုအဖွဲ့သစ်တွေဟာ လွတ်လပ်စွာ လှုပ်ရှားနိုင်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ သာမက တခြား တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တန်းတူပူးပေါင်းဆောင်ရွက်နေပါတယ်။

အဲဒီတိုင်းရင်းသား အဖွဲ့အစည်းသစ်တွေ ပေါ်ပေါက် လာမှုဟာ မေးခွန်းသစ်တွေ ပေါ်လာစေပါတယ်။ သို့ပေမဲ့ ထိုအဖွဲ့အစည်း အသစ်တွေဟာ တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) တွေလို့ သတ်မှတ်သင့်သလားဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါတယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ နားလည်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆိုတာကို ထပ်တိုးပြီး ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဖို့ လိုလာပြီလား ဆိုတာ စဉ်းစားစရာ ဖြစ်စေပါတယ်။

၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးက အစပြုခဲ့တဲ့ ပြည်တွင်းစစ်ကာလနဲ့ နှိုင်းစာရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (Ethnic Armed Organization)  ဆိုတဲ့အသုံးအနှုန်းကို အသုံးပြုခဲ့တာ ကာလတိုသာ ရှိပါသေးတယ်။ ထိုမတိုင်ခင်က တိုင်းရင်းသားအဖွဲ့အစည်းများ (Ethnic Organizations)နဲ့ တိုင်းရင်းသား တော်လှန်‌ရေး အင်အားစုများ (Ethnic Resistance Forces) စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်းမှသာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) ဆိုတဲ့ အသုံးအနှုန်းကို နားလည်မှုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ အ‌ရေးပါလာပါတယ်။

 ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကြား လုပ်ဆောင်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ညှိနှိုင်းမှုများအတွင်း အသုံးအနှုန်းအပေါ် ကြာမြင့်စွာ ညှိနှိုင်းမှု လုပ်ရခြင်းဟာ ထိုအသုံးအနှုန်းရဲ့ နိုင်ငံရေးအရ အရေးပါသောကြောင့် ဖြစ်ပါတယ်။ NCA မှာ ပါဝင်ညှိနှိုင်းသူများက စာချုပ်ပါ အချက်အလက် စာသားများအားလုံးကို သ‌ဘောတူခဲ့ပေမယ့် EAO များ အားလုံးပါဝင်နိုင်ရေး သတ်မှတ်ချက်အပေါ် ဘုံနားလည် သဘောတူညီမှု မရှိတာကြောင့် လက်မှတ်ထိုးမယ့် အဖွဲ့အစည်းအရေအတွက်နဲ့ ပတ်သက်ပြီး အဖွဲ့စုံ လက်မှတ်ထိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

မြန်မာ့ပဋိပက္ခ ဆက်လက်ရှည်ကြာလာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့ သက်မှတ်ချက်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲဆိုတာက အနာဂတ် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ မဟာမိတ်ဖွဲ့စည်းရေးတွေမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အနှစ်သာရအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတိုင်းဟာ အချက် နှစ်ချက် လိုအပ်ပါတယ် ။ (၁) တိုင်းရင်းသား လူမျိုးတခုခုကို ကိုယ်စားပြုဖို့နဲ့ (၂) အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက အသိအမှတ်ပြုမှုရရှိဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးအခင်းအကျင်းအပေါ် မူတည်ပြီး လူမျိုးစုတိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဟာ တခု ဒါမှမဟုတ် တစုထက်ပိုတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အပြန်အလှန် အသိအမှတ်ပြုဖို့အတွက် မဟာမိတ်ဖွဲ့စည်းရေးကလည်း အရေးပါသလို မဟာမိတ်တပ်ပေါင်းစုများ ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးညီလာခံတွေကလည်း အရေးပါပါတယ်။

အပြန်အလှန် အသိအမှတ်ပြုဖို့အတွက် မဟာမိတ်ဖွဲ့စည်းရေးကလည်း အရေးပါသလို မဟာမိတ်တပ်ပေါင်းစုများ ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးညီလာခံတွေကလည်း အရေးပါပါတယ်။

တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုခြင်းဆိုတဲ့ အခြေခံ အယူအဆကြောင့် လူများစု ဗမာတွေမှာလည်း ၎င်းကို ကိုယ်စားပြုဖို့ လက်နက်ကိုင်တပ် ရှိသင့်၏၊ မရှိသင့်၏ဆိုပြီး အစောပိုင်းနှစ်တွေမှာ အငြင်းပွားစရာတွေ ဖြစ်စေခဲ့ပြီး ရလဒ်အနေနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတတပ်ပေါင်းစု) နဲ့ အတိုက်အခံတွေ စုပေါင်းကာ ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ – DAB) ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး နောက်မှာတော့ ဗမာလူမျိုးကိုယ်စားပြု ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နေရာမှာ ထူထောင်ခဲ့ပြီး လူများစု ဗမာလူမျိုးတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဓိပ္ပာယ်ဖွင့်ဆိုဖို့ နောက်ထပ် သတ်မှတ်ချက်တခုကတော့ သီးခြားနိုင်ငံရေး ဦးစီးအဖွဲ့ (Separate Political Wing) ရှိခြင်း၊ မရှိခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ လက်နက်ကိုင်တပ်ကြား စည်းခြားထားမှုဟာ အမြဲလိုလို ဝေဝါးနေတတ်ပြီး အင်အားကြီး အဖွဲ့အစည်းတွေသာ စစ်ရေး၊ နိုင်ငံရေး ထောက်တိုင် နှစ်ခုလုံး ရှိတတ်ကြတာပါ။ နှစ်ခုလုံး ရှိလျှင်သော်မှ လက်နက်ကိုင်တပ်က သြဇာပိုကြီးနေတတ်ပါတယ်။

တပ်ဖွဲ့အင်အားနဲ့ နယ်မြေထိန်းချုပ်မှုအပေါ် မူတည်ပြီး အင်အားငယ်အဖွဲ့တွေက အင်အားကြီးအဖွဲ့တွေရဲ့ လောင်းရိပ်အောက်မှာ လှုပ်ရှားရတာမျိုးလည်း ရှိတတ်ပါတယ်။ မည်သို့ပင်ဆိုစေ မဟာမိတ်စုဖွဲ့မှုတွေမှာတော့ နယ်မြေထိန်းချုပ်မှုနဲ့ အင်အားအပေါ် အခြေမခံဘဲ နိုင်ငံရေးအရ ကိုယ်စားပြုမှုကို ယေဘုယျအားဖြင့် တန်းတူညီမျှ ရကြပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးဟာ သမိုင်းတလျှောက် တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား နိုင်ငံရေးနဲ့ မဟာမိတ်အတွင်း လွှမ်းမိုးမှုရရန် ကြိုးပမ်းမှုနဲ့လည်း ဆက်ဆိုင်ပါတယ်။

သို့ပေမယ့် ရှမ်းနီတပ်ကဲ့သို့သော လက်နက်ကိုင်အဖွဲ့တွေကတော့ ၎င်းတို့ တိုင်းရင်းသားအုပ်စုကို ကိုယ်စားပြုကောင်း ပြုနိုင်ပေမယ့် စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် တိုင်းရင်းသား မဟာမိတ်တွေအကြား အသိအမှတ်ပြုမှုရဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အနေနဲ့ အသိအမှတ်ပြုခံရမှုအတွက် နောက်ထပ် သတ်မှတ်ချက်တခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းဟာ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီဆိုရင် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့် ရှိလင့်ကစား တိုင်းရင်းသားလက်နက်ကိုင်အဖြစ် အဖွဲ့အစည်းတွေအကြား အသိအမှတ်ပြုခံရလေ့ မရှိပါဘူး။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အပြန်အလှန် အသိအမှတ်အပြုခံရမှုဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ ဘယ်လောက်ကင်းရှင်းလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါပေမယ့် အခုသတ်မှတ်ချက်ဟာ တရားဝင် ထုတ်ဖော်ပြောကြားထားတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အပြန်အလှန် အသိအမှတ်အပြုခံရမှုဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ ဘယ်လောက်ကင်းရှင်းလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

တခြား အရေးကြီးတဲ့ သတ်မှတ်ချက် တခုကတော့ ဗဟိုအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကို  ဆွေနွေးဘက်အဖြစ် လက်ခံခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဗဟိုအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဘက်အနေနဲ့ သတ်မှတ်ချက်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၁ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မဖိတ်ခေါ်မီ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် (ဒါမှမဟုတ်) ပြည်သူ့စစ် မပြောင်းလဲခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများ ဆိုတဲ့ အခြေခံအပေါ်မှု မူတည်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က ဒီလို ချဉ်းကပ်မှုဟာ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကဲ့သို့သော အရေးပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖယ်ကျဉ်ထားတဲ့အတွက် အားလုံးပါဝင်နိုင်မှုဆိုင်ရာ အကြပ်အတည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ ချန်လှပ်ခံထားရတဲ့ အဖွဲ့တွေကို နောက်ပိုင်းမှာ ဆွေးနွေးဘက်အဖြစ် ဆွေးနွေးခဲ့ပေမယ့်လို့ တိကျတဲ့ မူဝါဒသတ်မှတ်ချက်ဟာ မရှိခဲ့ပါဘူး။

AA ရက္ခိုင့်တပ်ဖွဲ့ဝင်များ

သို့ပေမယ့် အာဏာသိမ်းမှု မတိုင်ခင်မှာ ဗဟိုအစိုးရက ဆွေးနွေးဘက်အဖြစ် သတ်မှတ်ခြင်းနဲ့ မဟာမိတ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖြစ် အသိအမှတ်ပြုခံရခြင်းဟာ နိုင်ငံရေးအရ သိသာတဲ့ အရေးပါမှု ရရှိသလို နိုင်ငံရေးအရ တရားဝင်မှု အဆင့်တခုအထိ ပေးအပ်ခြင်း ခံရတာဖြစ်ပါတယ်။

သမိုင်းတလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ မဟာမိတ်တချို့ တရားဝင် ဖျက်သိမ်းခဲ့တယ်ဆိုတာ ရှားပါတယ်။ အဖွဲ့တွေဟာ တစစနဲ့ ကွယ်ပျောက်သွားလေ့ရှိသလို နာမည်အဟောင်းနဲ့ အသွင်သစ်အဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့လေ့ ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတာနဲ့အမျှ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကဲ့သို့ မဟာမိတ်တွေ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား သရုပ်သကန် ကိုင်စွဲပြီး အသစ်ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ အားကောင်းလာပါတယ်။ ယင်းတို့နဲ့ နှိုင်းယှဉ်ပါက တချို့သော ဆွေးနွေးဘက် အဖွဲ့အစည်းတွေမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် ရရှိလာတဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုဟာ အားနည်းလာတာ တွေ့ရပါတယ်။

FPNCC ဟာ အင်အားကြီးမားလာပြီး စစ်ကောင်စီနဲ့ ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်ထိန်းထားနိုင်ပေမယ့် NUG အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်ကို တွန်းတင်ဖို့ တိုင်းရင်းသား မဟာမိတ်ဖွဲ့ရေးမှာ ရုန်းကန်နေရပါတယ်။ NUG နဲ့ ရှိရင်းစွဲ EAO တွေဟာ အသစ်ဖွဲ့ထားတဲ့ အဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖြစ် အသိအမှတ်ပြု မပြုဟာ တိကျရေရာတဲ့အဖြေ မရှိသေးပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဆိုတာ ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံရမလဲဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် ကြိုးပမ်းချက်ဟာ အမြဲလိုလို စိန်ခေါ်မှုကြီးတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ သို့ပေမယ့် ရှောင်လွှဲလို့တော့ မရပါဘူး။ မြန်မာ့ပြည်တွင်းစစ် ၇၅ နှစ်အထိ ရှည်ကြာလာပြီးနောက် သေချာတဲ့ အချက်တခုကတော့ လက်ရှိ အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း စာရင်းကို ပြန်လည်သုံးသပ်လေ့လာဖို့ လိုလာပြီဖြစ်ပါတယ်။

ဒါဟာ အစီရင်ခံစာများ၊ သုတေသနလုပ်ငန်းများ အတွက်သာမက နိုင်ငံရေးဆွေနွေးမှုများအတွက် နိုင်ငံရေးအရ လိုအပ်ချက်ပါ ဖြစ်ပါတယ်။ သေချာတာတခုကတော့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ တရုတ်ပြည် သုံးပြည်ထောင်ခေတ်လိုပါပဲ။ စစ်တပ်၊ အတိုက်အခံအင်အားစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ရှေ့အနာဂတ်တခုအထိ လှိုင်းကြီးလေထန်လမ်းကြမ်းမှာ ဆက်လက်အားပြိုင်နေဦးမှာပါပဲ။

(The Diplomat Website စာမျက်နှာမှာ Amara Thiha ရေးသားတဲ့ it’s Time to Rethink Myanmar’s Ethnic Armed Organizations ကို ကံ့ကော်ဖြူ ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

Amara Thiha ဟာ Peace Research Institute of Oslo (PRIO) တွင် Doctoral Researcher တဦး ဖြစ်ပြီး Stimson Centre ၏ Non-Resident Fellow လည်း ဖြစ်ပါတယ်လို့ သိရပါတယ်။

Related Articles

Back to top button