သတင်း

လွတ်မြောက်နယ်မြေ၏အရသာကို ရခိုင်ပြည်သူများ ခံစားနေကြရပြီလို့ AA ဒုစစ်ဦးစီးချုပ်ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၅၊ ၂၀၂၃

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးသက်တမ်း ၁၄ နှစ်တာကာလအတွင်း ရခိုင်ပြည်တွင်း လွတ်မြောက် နယ်မြေ အတိုင်းအတာတစ်ခုထိရရှိခဲ့ပြီး ရခိုင်ပြည်သူတို့ အနေဖြင့် လွတ်မြောက်နယ်မြေ၏ အရသာကို ခံစားနေကြ ရပြီဟု ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောဆိုပါတယ်။

ယမန်နေ့ ဧပြီလ ၄ ရက်၊ ည ၇ နာရီက အွန်လိုင်းမှပြုလုပ်ခဲ့တဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် “လွတ်မြောက်နယ်မြေ အကြောင်း အမေးအဖြေ” အစီအစဉ်တခုမှာ ဒေါက်တာညိုထွန်းအောင်က ပြောဆို သွားခဲ့တာပါ။

“၁၄ နှစ်တာကာလမှာဆိုလို့ရှိရင် ရခိုင်ဒေသရဲ့တစ်စိတ်တစ်ပိုင်းမှာဆိုလို့ရှိရင် လွတ်မြောက်နယ်မြေတွေ အတိုင်း အတာ တစ်ခုထိရရှိလာပြီလို့ ပြောလို့ရပါတယ်။ အခု ၁၄ နှစ်တာကာလကို ကျော်ဖြတ်ပြီးတဲ့ အချိန်မှာတော့ ရခိုင်လူမျိုး တွေအနေနဲ့ လွတ်မြောက်နယ်မြေဆိုတဲ့အရသာရော၊ လွတ်မြောက် နယ်မြေတွေကို အတိုင်းအတာ တခုထိရရှိခဲ့ပြီဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရခိုင်ဒေသဟာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ နယ်မြေများကိုလည်း လွတ်မြောက်နယ်မြေအဖြစ် ရရှိဖို့ ရက္ခိတလမ်းစဉ်နှင့်အတူ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာညိုထွန်းအောင်က ဆက်ပြောပါတယ်။

“ရခိုင်မှာလည်း တချို့နေရာတွေမှာ မလွတ်မြောက်သေးတဲ့နယ်မြေတွေရှိတယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒီနေရာတွေကို ဆက်လက်လွတ်မြောက်ဖို့ ရက္ခိတလမ်းစဉ်နဲ့အတူတူ ဆက်လက်ကြိုးစား ဆောင်ရွက်နေ တယ်”လို့ ပြောပါတယ်။

လွတ်မြောက်နယ်မြေဆိုတာဟာ နယ်စပ်ဒေသများမဟုတ်ဘဲ မိမိတို့ လူမျိုးနေထိုင်ရာ ဘူမိနက်သန်မြေပင် ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကြီးများအနေဖြင့်လည်း ရခိုင်ဒေသ လွတ်မြောက်ရန် ခေတ်အဆက်ဆက် ကြိုးပမ်း ခဲ့သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့သလို၊ လက်ရှိ ULA/AA ၏ ၁၄ နှစ်တာ တော်လှန် ရေးသက်တမ်းမှာတော့ ရခိုင်ပြည် လွတ်မြောက်နယ်မြေများကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

ရခိုင်ပြည်တွင် လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ လွတ်မြောက်နယ်မြေများရရှိထားနိုင်တာကြောင့် အုပ်ချုပ်ရေး၊ တရား စီရင်ရေး အပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို လွတ်လပ်စွာဆောင်ရွက်နိုင်လာတယ်လို့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်း အောင်က ဆက်ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး လာမည့် ဧပြီ ၁၀ ရက်မှာတော့ ရက္ခိုင့်တပ်တော် (AA)ဖွဲ့စည်း ထူထောင်ခြင်း ၁၄ နှစ်မြောက်နေ့ ကျရောက်မှာ ဖြစ်ပါတယ်။

Related Articles

Back to top button