အင်တာဗျူး

ဖက်ဒရယ်ရေးရာ မေးမြန်းချက် 

ဖက်ဒရယ်ရေးရာ သီးသန့်ဆက်သွယ် မေးမြန်းချက် 

ဦးမျိုးကျော် အထွေထွေအတွင်းရေးမှူး 

ရခိုင်ဒီုမိုကရေစီအဖွဲ့ချုပ် (ALD) 

 

၁) မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါတယ်လို့ မြင်လဲ။ မြောက်ပိုင်း မဟာမိတ်တွေရဲ့ ပြောဆိုမှုတွေမှာလည်း တရုတ်ရဲ့ အခန်းကဏ္ဍကို အခရာကျတဲ့ အရေးပါမှုအနေနဲ့ ပြောဆိုထားတာ တွေ့ရပါတယ်။

ဖြေ။ ။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့အခန်းကဏ္ဍ အရေးပါတာကတော့ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက အာဏာသိမ်းတာ ၁၉၅၈၊ ၁၉၆၂ နောက် ၁၉၈၈ ပြီးတော့ အခု အာဏာတစ်ကြိမ်သိမ်းလိုက်တိုင်း တရုတ်ရဲ့ ဩဇာက မြန်မာပြည်မှာ အများကြီးသက်ရောက်တယ်။

အခုဆိုရင် မြန်မာနိုင်ငံက တရုတ်ရဲ့ နယ်မြေလည်း တခုအထိ ရောက်သွားတယ်ဆိုတဲ့ အနေအထားမျိုးပေါ့နော။ ဘက်ပေါင်းစုံမှာ တရုတ်ရဲ့ သက်ရောက်မှုကရှိ တယ်။ နိုင်ငံကို ဦးဆောင် အုပ်ချုပ်နေတဲ့ သူတွေမှာသော်လည်း၊ တော်လှန်ရေးအင်အားစုတွေမှာသော်လည်း သူတို့ရဲ့ဩဇာဟာ ကြီးမားတယ်။

တဖက်မှာ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံရေး ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း တွေမှာ ရင်းနီးမြှုပ်နှံမှုတွေ အများကြီးပြုလလုပ်ထားတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာနိုင်ငံ အတွက် ဘယ်လိုမှ ငြင်းပျယ်လို့မရလောက်နိုင်အောင်ထိ ထဲထဲဝင်ဝင်ပါနေတဲ့ နိုင်ငံဖြစ်တယ်။

အခုတော်လှန် ရေး အင်အားစုတွေ ဆွေးနွေးတဲ့အခါမှာလည်း တရုတ်ကိုထည့်သွင်း စဉ်းစားနေ တာကို ကျနော် ကြားလိုက်မိ ပါတယ်။

၂) အမေရိကန်အစိုးရက ပြဌာန်းလိုက်တဲ့ NDAA 2023, the Burma act ဥပဒေက မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်ထိ သက်ရောက်မှု ရှိမယ်လို့ မြင်ပါသလဲ။ ဒီဥပဒေအရ တိုင်းရင်းသား အင်အားစုတွေအတွက် တိုက်ရိုက်သက်ရောက်မှု ရှိမယ်လို့ ပြဌာန်းချက်တွေ ပါဝင်ပါတယ်။ ဘာတွေ မျှော်လင့်လို့ ရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အမေရိကန်ဆိုတာလည်း ဒီမိုကရေစီဦးဆောင်နိုင်ငံပေါ့နော။ ဆိုတော့ သူတို့ကတော့ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီအခြေတည်ရာကနေ လျော့ကျသွားမယ်ဆိုတဲ့ချိန်မှာတော့ သူတို့ကတော့ ကိုယ့်ရဲ့မဟာမိတ် ကိုယ့်ရဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီနိုင်ငံကနေ မလျော့ကျအောင် ကျားကန်တဲ့အနေနဲ့၊ လူသားဆန်တဲ့ အနေနဲ့ နိုင်ငံရေးအရရော စနစ်အရရော အထောက်အကူပြုတဲ့အနေနဲ့ သူတို့ကတော့ ဒီလို ကူညီပေးတာလို့ ကျနော် ကတော့ နားလည်တယ်။

အဲဒီတော့ ဒီမိုကရေစီဖက်က နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တော်လှန်ရေး အင်အားစု တွေပဲဖြစ်ဖြစ် တခြားလူ့အခွင့်ရေးလှုပ်ရှားသူတွေပဲဖြစ်ဖြစ် တော်တော်များများကတော့ အမေရိကန်ရဲ့ အကူအညီကို ကြိုဆိုကြတယ်၊ ထောက်ခံကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရဲ့အကူအညီဟာ ဒီအင်အားစု တွေအတွက် အသက်ရှု ထွက်ပေါက်တခုဖြစ်တယ်ပေါ့နော။ အတိုက်အခံတွေအတွက် အများကြီး အကျိုးသက် ရောက်မှုရှိပါတယ်။

၃) လက်ရှိအခင်းအကျင်းအရ ဖက်ဒရယ်ဒီမိုကရေစီကို သွားဖို့ အများစုကလည်း ပြောဆိုနေကြပြီဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်း မြင်နေရပြီလား၊ သုံးသပ်ပေးပါဦး။ 

ဖြေ။ ။ ဒါကတော့ အခုအတိုက်အခံအင်အားစုကြီးဖြစ်တဲ့ NUG/CRPH တို့က ပြက်သားတဲ့ မူဝါဒချမှတ်ဖို့ လိုတယ်။ နောက်တခါ ဗမာအစုအဖွဲ့ပိုင်တဲ့ ဗမာပြည်နယ်ပေါ်ပေါက်ဖို့လိုတယ် ပေါ်အောင်လည်း သူတို့ ကနေပြီး စီစဉ်ဆောင်ရွက်ရလိမ့်မယ်။

အဲ့ဒါမှလည်း တန်းတူညီမျှတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာမှာဖြစ်တယ်။ အဓိက တာဝန်ရှိတာကတော့ ဗမာ နဲ့ လက်ရှိ NUG/CRPH သူတို့တွေ ဒီဥပဒေတွေကို ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ ပြဋ္ဌာန်းအကောင်အထည်ဖော်ရမယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။

တိုင်းရင်းသားတွေ ကတော့ နဂိုကတည်းက သူ့ပြည်နယ်နဲ့သူ ရှိနေကြပြီ မရှိတာကတော့ ဗမာတွေရဲ့ပြည်နယ်ဆိုတာကို သူတို့ အနေနဲ့ ဘယ်လိုစုဖွဲ့မလဲ၊ ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတာကို ဟိုကတည်းက လွတ်မြောက်နယ်မြေမှာ ရောက် ရှိနေတဲ့ နိုင်ငံရေးအင်အားအစုအဖွဲ့၊ တော်လှန်ရေး အင်အားစု တွေမှာ မူ ရှိပြီးသားဖြစ်တယ်။ ဒါပေမဲ့ အကောင် အထည်မဖော်နိုင်ခဲ့တာပါ။ နှစ်ပေါင်း ၂၀ ကျော်လောက် ကတည်းက ကျပြီးသားမူဖြစ်တယ်။  

အခုလည်း မူအရ ကတော့ ပြောကျတာပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်ကြမယ်ဆိုပြီးတော့။ ပုံဖော်ကြမယ်ဆိုတဲ့ အခါမှာ တန်းတူညီမျှတဲ့ ပြည်နယ်တွေရှိဖို့လိုတယ်လေ၊ သူတို့ဖက်က လုပ်ရမယ့်၊ အကောင်အထည်ဖော်ရမဲ့ လုပ်ငန်းတခုအနေနဲ့ အကြွေးကျန်နေတယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။

၄) တချို့လည်း ကွန်ဖက်ဒရယ်ရှင်း ပြောဆိုကြတယ်၊ တချို့ကလည်း မကြေညာပဲ ကွန်ဖက်ဒရယ်ရှင်း အဆင့် ရနေတယ်လို့ ပြောကြတော့ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းမှန် သွားနိုင်ဖို့ ဘယ်လို အခင်းအကျင်းမျိုး လိုအပ်နေတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အဲ့လိုမျိုးရဖို့က ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မူတည်လိမ့်မယ်၊ ဒီအဖွဲ့အစည်းတွေက ဘယ် လောက်ထိအင်အားကြီးပြီးတော့ သူတို့ကို ဒီအဆင့်ကိုမှမပေးလို့ရှိရင် အုပ်ချုပ်ရေးအပေါ်မှာ ပြဿနာ အကြီးကြီး လာပြီးထိခိုက်နိုင်တယ်ဆိုရင်တော့ ကွန်ဖက်ဒရေးရှင်းအဆင့်လည်း ဖြစ်သွားနိုင်တာပေါ့လေ။

ဒါပေမဲ့ အခုချိန်ထိတော့ ဒီပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စုအဆင့်တောင်မှ မရသေးဘူးပေါ့နော။ အခုချိန်ထိ တိုင်းရင်းသားတွေ တိုက်ပွဲဝင်လာတာဟာ သူတို့ပြည်နယ်ကို ဒီပြည်ထောင်စုထဲမှာ မခွဲမခွာဘဲနဲ့ ဖက်ဒရယ်စနစ်နဲ့ပေါ့နော။ အာဏာကိုခွဲဝေပြီးတော့ ပေါင်းစည်းကြမယ်ဆိုတဲ့ တိုက်ပွဲဝင်နေတာဖြစ်တယ်။

ကွန်ဖက်ဒရိတ်ကတော့ ကျနော်တို့ အခုချိန်ထိတော့ မမြင်နိုင်သေးဘူးလို့ဘဲ ပြောရမှာပေါ့နော။ တော်လှန်ရေး အဖွဲ့အစည်းတွေအင်မတန်အားကောင်းလာရင်၊ အားကောင်းလို့ စုစည်းညီညွတ်မှုရသွားရင်တော့ တစ်မျိုး ပေါ့ဗျာ။

၅) တဘက်ကလည်း စစ်ဘောင် တအားကျယ်လာတော့ မြန်မာနိုင်ငံ တည်ငြိမ်ရေး လမ်းကြောင်းက အရင်ကထက် ပိုကြပ်တည်းမှု ဖြစ်စေတယ်လို့ ရှုမြင်ကြပါတယ်။ တည်ငြိမ်ရေးလမ်းကြောင်း အမှန်တကယ် ကြပ်တည်း သွားပြီလား၊ ပါတီနိုင်ငံရေး သမားတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ စစ်ဘောင်ကျယ်လာတယ်ဆိုတာလည်း ခေတ်အဆက်ဆက်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်း တွေဖြစ် တာပါ။ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်တာပါ။ တိုင်းရင်းသားတွေက မိမိတို့ရဲ့ လူမျိုးလွတ်မြောက်ဖို့ အတွက် တိုက်ပွဲဝင်ကြတာဖြစ်တယ်လေ။

အဲ့ဒီတော့ တိုက်ပွဲနယ်မြေဆိုတာ တိုင်ရင်းသားနယ်မြေတွေမှာ ဖြစ်ခဲ့တာကိုး၊ သို့သော် အခုဒီ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုင်းတွေဖက်မှာ ဗမာကိုယ်စားပြု နေရာတွေမှာပါ တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်လာတယ်။

တခါမှမကြုံဖူးတဲ့နေရာတွေမှာ စစ်အာဏာရှင်က သူတို့ အာဏာ တည်မြဲဖို့အတွက် နှိမ်နှင်းသတ်ဖြတ်ခဲ့တယ်။ အဲ့ဒီတော့ တော်တော်လည်းကို ဆိုးဆိုးဝါးဝါး အထိနာကျတာပေါ့ နော။ ဆိုလိုတာက အဲ့ဒေသမှာရှိတဲ့ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေအတွက် စိတ်မကောင်း ပါဘူး။ ဒီမှာပိုပြီး ကွဲကွဲပြားပြားမြင်ရတာက ဗမာလူမျိုးဆိုတဲ့ လူမျိုးတူလို့ သက်ညှာမယ်ဆိုတာမရှိပါဘူး။

အာဏာရှင်ဆိုတာက သူ့အာဏာတည်မြဲဖို့အတွက် ဘယ်သူ့ကိုမှ မိတ်ဆွေဆိုတာမရှိဘူး၊ ဆွေမျိုးဆိုတာမရှိဘူး၊ လူမျိုးမရှိဘူး၊ အာဏာတည်မြဲဖို့အတွက် အားလုံးကို ရှင်းပစ်မယ်ဆိုတာပဲရှိတယ်။ အဲ့တာကြောင့် ကျနော်တို့ အနေနဲ့ကတော့ ဒီအာဏာရှင်အုပ်စုကိုတော့ အမြစ်ပြတ်အောင်လုပ်ရမယ်ဆိုတဲ့ဟာမြင်တယ်။ အဲ့ကြောင့် အာဏာရှင်ရဲ့ တစ်ဖက်မှာရှိနေတဲ့ ပြည်သူတွေအားလုံးပူးပေါင်းပြီးတော့မှ အာဏာရှင်စနစ်ကို အမြစ်ပြက် အောင်လုပ်ဖို့ လိုမယ်လို့ဘဲ ပြောချင်ပါတယ်။

Related Articles

Back to top button