အတွေးအမြင်

ခံနိုင်ရည် (Resilience)

ခံနိုင်ရည် (Resilience)

igloo | အတွေးအမြင်

တော်လှန်ရေးလုပ်နေကြတဲ့အချိန်နဲ့ လုပ်နေကြသူ တဦးနဲ့တဦးအကြား မှန်မှန်ကန်ကန် နေရာပေး လက်ခံနိုင်ဖို့နဲ့ မှိုင်းတိုက်ခံနေရတဲ့ကာလကို အတူတကွရင်ဆိုင်ဖြတ်သန်းနေကြတဲ့အခါမှာ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေကိုမြင်ယောင်ပြီး အားပေးနေမယ့်အစား လက်တွေ့ကြုံတွေ့ရင်ဆိုင်နေရတဲ့အရာတွေကိုရင်ဆိုင်နိုင်ဖို့ ကိုယ် နဲ့ ကိုယ့်အဝန်းအဝိုင်းရဲ့ ခံနိုင်ရည်ကို ပိုပြီးကောင်းအောင် တည်ဆောက်ဖို့လိုပါတယ်။

မှိုင်းမိနေကြတဲ့သူတွေလို့ပြောတဲ့အခါမှာ ဖိနှိပ်နေတဲ့စကစနဲ့အပေါင်းအပါတွေအပါအဝင် ဖိနှိပ်ခံနေရလို့ အရင်ကတည်းက တော်လှန်လာကြတဲဲ့အဖွဲ့အစည်းတွေနဲ့ ၂၀၂၁ အာဏာသိမ်းမှ တနိုင်ငံလုံနီးပါး မတူညီသောပုံစံတွေနဲ့တော်လှန်ရေးမှာပါကြတဲ့ပြည်သူတွေနဲ့ဦးဆောင်အဖွဲ့အစည်းတွေပါ လက်တွေ့မှာခံစားကြုံတွေ့လို့ အတူတူရင်ဆိုင်ကျော်လွှားနေကြရတာ ဖြစ်ပါတယ်။

မတူညီတဲ့ရေခံမြေခံတွေကြောင့် ခံနိုင်ရည်ကိုတည်ဆောက်ကြတဲ့အခါတွေမှာ ကိုယ်နဲ့မတူညီတဲ့ပုံစံမျိုးနဲ့ တည်ဆောက်နေကြတာကို တွေ့ခဲ့မြင်ခဲ့ရရင်လည်း လက်ခံပေးနိုင်ဖို့လိုပါတယ်။

အနာတရဖြစ်နေတဲ့ စိတ်နဲ့ခန္ဓာကို ကုသဖို့ အချိန်နဲ့နေရာမရှိတဲ့အခါ ဒါမှမဟုတ် အနာနဲ့ဆေးတည့်ဖို့ ဘယ်လိုအနာတွေနဲ့ ဘယ်ဆေးကထည့်သင့်တယ်ဆိုတာကို ရှာမတွေ့သေးခင်အချိန်ကာလမှာ အဲ့ဒီအနာအကျင်တွေကို ခံနိုင်ရည်ရှိဖို့လုပ်တာကလည်း နည်းလမ်းတခုဖြစ်ပါတယ်။

စကစ ကြောင့် ထိခိုက်နာကျင်ဘဝပျက်ပြီး ပြေးလွှားရှောင်တိမ်းရုန်းကန်နေကြရတဲ့သူချင်း အတူတူ ခေါင်းတလုံးပိုမြင့်ချင်တဲ့စိတ်တွေပေါ်လာကြတဲ့အခါမှာ ကိုယ့်ကိုကိုယ်ပြန်ထိန်းနိုင်အောင် လုပ်ဖို့လိုသလို ကိုယ်တည်ဆောက်ထားတဲ့အဖွဲ့အစည်း အဝန်းအဝိုင်းကလူတွေကလည်း ခိုလှုံခွင့်ပေးတဲ့အဖွဲ့အစည်း အဝန်းအဝိုင်းအပေါ်မှာ မင်းတို့ထက် ငါတို့က ပိုသိတယ်ဆိုတဲ့ စိတ်ထားမျိုးပေါ်လာခဲ့ရင် ကိုယ်နင်းထားတဲ့မြေနဲ့ ကိုယ်သောက်နေတဲ့ရေက ဘယ်သူ့ ရေနဲ့မြေလဲဆိုတာကို သတိရပါ။

လက်တွေ့မကျတဲ့အာမခံချက်တွေပေးတာ၊ ဖြစ်လာမှာမဟုတ်တဲ့စိတ်ကူးစိတ်သန်းတွေကိုပြောပြီး စိတ်ဓါတ်ခွန်အားမြှင့်တာတွေက လက်တွေ့ဖြစ်နေတဲ့အခြေအနေတွေနဲ့ ရေရှည်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေအတွက် အထောက်အကူမဖြစ်တဲ့အပြင် ကိုယ်နဲ့ကိုယ့်ကိုဦးဆောင်နေတဲ့သူတွေအပေါ်ထားတဲ့ ယုံကြည်မှုကိုပါလျော့ကျစေပြီး သံသယများတဲ့မေးခွန်းတွေကိုပဲ ပေါ်လာစေမှာပါ။

တဖက်မှာ စကစ ရဲ့ မီးရှို့ မုဒိန်းကျင့် နှိပ်စက် ညှင်းပန်း သတ်ဖြတ်တဲ့ဒဏ်ကို အလူးအလဲရင်ဆိုင်နေကြတဲ့သူတွေအဖို့ ခံနိုင်ရည်ရှိရှိနဲ့နာကျည်းချက်တွေကို ခွန်အားအဖြစ်ပြန်ပြောင်းနိုင်ဖို့ဆိုရင် မှန်ကန်တဲ့လမ်းစဥ်ကိုလျှောက်ပြီး ရိုးသားတဲ့ကတိကဝတ်တွေကို ဦးဆောင်နေတဲ့သူတွေဆီကပဲ ရနေဖို့လိုပါတယ်။

ပြည်သူတွေလို့ အခေါ်ခံနေရတဲ့ လူထုတွေက ခံနိုင်ရည်ကိုယ်စီမွေးပြီးတော်လှန်ခဲ့ကြလို့သာ ဒီနေ့အထိ တော်လှန်ရေးက ဆက်ပြီးသွားနေသလို ဖြစ်နိုင်တယ်ဆိုရင် မြန်မြန်ဆန်ဆန် အဆုံးသတ်ကိုမြင်ရပြီး အေးအေးချမ်းချမ်းနဲ့ဘ၀ကို ဖြတ်သန်းချင်ကြတဲ့သူတွေချည်းပါပဲ။

ဦးစီးဦးဆောင်ပြုနေကြတဲ့ ခေါင်းဆောင်တွေလည်း ကိုယ့်ကိုကိုယ် လူလို့မြင်ပြီး ဟတ်ချလောင်း ဒါဖြစ်စေ ဆိုတာမျိုးလုပ်နိုင်ကြတဲ့ နတ်မျိုးနတ်နွယ်တွေ မဟုတ်လေတော့ ခေါင်းဆောင်သည်လည်းပဲ ဝေဖန်ခံနိုင်တာနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေကို လုပ်သွားရင်းနဲ့ ကိုယ့်ရဲ့ခံနိုင်ရည်ကို မွေးမြူထားဖို့ကို မမေ့သွားဖို့လိုတာပေါ့လေ။ 

တခုခုဖြစ်လာမှာမို့ ပြည်သူတွေကို စိတ်ရှည်သည်းခံဖို့ပြောဆိုဆုံးမနေရင် ကိုယ်ပြောတဲ့အတိုင်းဖြစ်မလာလို့ အဆဲခံရတဲ့အခါတွေမှာလည်း စိတ်ရှည်သည်းခံပေးလိုက်ရင်း အတူတူ ခံနိုင်ရည်မွေးကြတာက ပိုမကောင်းဘူးလား?

Related Articles

Back to top button