သတင်း

KNU တပ်မဟာ ၅နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ၆ဦးသေဆုံး 

Photo – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၅၊ ၂၀၂၃
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မ ဟာ(၅)က မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်(၁၀)ရက်နေ့က KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ် တာဘူကျိုးဒေသနဲ့ ကူးဆိပ်နဲ့ မြေနီကုန်းကြား မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၃)ဦး သေဆုံးသွားပြီး ဆိုင်ကယ် (၁)စီးလည်း ပျက်စီးသွားခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် မတ်(၉)ရက်နေ့ မနက်(၆)နာရီခွဲအချိန်ကလည်း KNU ဒွယ်လိုးမြို့နယ်အတွင်းရှိ စစ်ကောင် စီရဲ့ မယ်သူထာစခန်းကို KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၁) ဦးသေဆုံးပြီး အဲဒီနေ့ မနက်(၈)နာရီလောက်က ဖားဂေါ်လိုးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က စောမူပလောဒေသရှိ သေဂေါ်တူကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့မှုရှိကြောင်းလည်း သိရပါတယ်။
ထို့‌နောက် မတ်(၈)ရက်နေ့ မနက်(၈)နာရီခွဲနဲ့ (၁၀)နာရီခွဲအချိန်ခန့်ကလည်း နားကူနားမှာ ကျူးကျော်နေထိုင်လာတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ ၅ က (၂)ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၂)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကာ အဲ့ဒီနေ့ညပိုင်းအချိန်မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့က ကတိုင်တိကျေးရွာအုပ်စု ပိုဂါကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ အသက် (၁၆)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်(၁၁)ရက်နေ့ကလည်း KNU လူသောမြို့နယ်အတွင်းရှိ ဖားဂေါ်လိုးစခန်းမှာ နယ်မြေကျူးကျော် အခြေချနေထိုင်လာတဲ့ စစ်ကောင်စီတပ်က တရိပလောကျေးရွာထဲကို လက်နက်ကြီး (၂)ချက် ပစ်ချခဲ့သလို ည(၆)နာရီခွဲအချိန်မှာလည်း ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက မြို့အနားရှိ ကျေးရွာတွေနဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေထဲကို လက်နက်ကြီး(၆)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
KNU ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီ BGF တပ်ဖွဲ့တို့ရဲ့ ကျေးရွာတွေ ထဲ ကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက် သေဆုံးဒဏ်ရာရရှိတာတွေ အမြဲလိုလိုရှိနေတယ် လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related Articles

Back to top button