မဲ မသမာမှု အလုပ်ဆုံးက စစ်တပ်ပဲ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၂၊ ၂၀၂၃
ကျနော့်နာမည်က ဗိုလ်ကြီး xxxx ပါ။ စစ်ဆေးဆရာဝန်တယောက်ပေါ့။ ကျနော်CDM လုပ်လာတာကတော့ xxxxxဆေးရုံကနေ လုပ်လာတာ၊ ၂၀၂၁- ၃လပိုင်း အာဏာသိမ်းပြီး တလလောက် အကြာမှာ တပ်ကထွက်လာတာပါ။ တပ်ထဲဝင်တာကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီတုန်းက အကြောင်း ၂ချက်ရှိတာပေါ့။ ပထမအချက်က ၁၀တန်းအောင်တော့ ဆေး အမှတ်မှီတယ်၊ အိမ်က ဆေးကျောင်းထားဖို့ ပိုက်ဆံမရှိဘူး၊ တပ်ထဲမှာဆိုရင် အလကားနီးပါး တက်ရတယ်ကြားတော့ ဆရာဝန်လည်းဖြစ်အောင် ပိုက်ဆံလည်းသိပ်မသုံး ရဘူးဆိုပြီး တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ။
နောက်တချက်က အဲဒီတုန်းက ငယ်သေးတော့ တပ်ကပြနေတဲ့ propaganda အားသာတာကိုး။ တကယ်ပဲ တပ်က ပြည်သူအတွက် လုပ်နေတယ် နိုင်ငံတော်ကာကွယ်နေတယ် လို့ တကယ်ထင်မိတာပါ။ အဲဒီအချက်နှစ်ချက်ကြောင့် တပ်ထဲ ဝင်သွားမိတာ။ ဝင်ပြီး ၁နှစ်၊ ၂နှစ်လောက် အတွင်းမှာပဲ ကိုယ်တွေခံယူထားတဲ့ အမှန်တရားနဲ့ သူတို့ သင်နေတဲ့ အမှန်တရားဆိုတာက မကိုက်ဘူး။ ၁နှစ် ၂နှစ်လောက်အတွင်းမှာ တော်တော် သိသာလာတယ်။
သူတို့ပြောခဲ့တာ အများစုက အလွယ်ပြောရရင် အဓိပ္ပါယ်မရှိတာတွေ များတာပေါ့။ တပ်မတော်က အရေးအခင်းမှာ ဘယ်လို နိုင်ငံကို ကာကွယ်ခဲ့ကြောင်း brainwash လုပ်ခံရတာပေါ့။ ခက်တာက အပြင်စာတွေ ဖတ်တတ်တယ် အပြင်အသံကိုလည်း နားထောင်တတ်တော့ သူတို့ပြောတာတွေက အဓိပ္ပါယ်မရှိကြောင်း သိလာတယ်။ သူတို့ကသာ နိုင်ငံတော်မှာ ကျေးဇူးရှင် အနေနဲ့ သူတို့ကိုယ် သူတို့ သတ်မှတ်နေတာ။ ဒါပေမယ့် သူတို့အုပ်ချုပ်ခဲ့တဲ့ နှစ် ၁၀စုနှစ်အတွင်းမှာ တိုးတက်လာတာ ပက်ကျိလောက်ပဲ ရှိတယ်။ ပြီးရင် သူတို့ပဲချမ်းသာသွားတာ။ ဒါတွေ မြင်နေရတော့ သူတို့ပြောတာတွေ သဘာဝမကျဘူး။
အဆိုးဆုံး ကတော့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းပဲ အဲဒီတုန်းက ကျနော်တို့ကို စစ်တက္ကသိုလ်ထဲမှာပဲ ပိတ် ထားတာ။ ဒါပေမယ့် အကုန်လုံး ပြန်ကြားနေရတယ်။ သတင်းတွေလည်း ကြားရတယ်။ သတင်းဆိုတာ သူတို့ဝါဒ ဖြန့်တဲ့ သတင်းတွေမဟုတ်ဘဲ သတင်းအစစ်တွေ။ ဒီကောင်တွေ ဘုန်းကြီးကိုပစ်တယ်၊ အရပ်သားတွေကို ပစ်တယ်၊ ရိုက်တယ် ဖမ်းတယ်ပေါ့။ အဲဒီအချိန်တုန်းက ပါခဲ့တဲ့သူတွေ ရှိတယ်။ အထူးသဖြင့် အရာရှိတွေ စစ်သားတွေ။
အဲ့ဒီတုန်းက အရေးအခင်း မှာ ပါခဲ့တဲ့သူတွေရှိတယ် သူတို့တွေရဲ့ အတွေးက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဘုန်းကြီးတွေကို ပစ်လိုက်ရတာ ရိုက်လိုက်ရလို့ ဖြိုခွဲလိုက်ရတာ နိုင်သွားတာကို သူတို့က ဂုဏ်ယူနေတာ။ အဲဒီတုန်းက ပစ်ခွင့်ရတဲ့သူတွေက သူရဲကောင်းလို့ သတ်မှတ်ပြီး သူတို့က ပြန်ကြွားတာ။ အဲဒါကို brainwash ခံထားရတဲ့ ကောင်တွေက အဆင့်ဆင့် အားကျကြတာပေါ့။ ဟာ နောက်အရေးအခင်းကျရင်လဲ ငါတို့လည်း ပစ်ချင်လိုက်တာလို့ အဲဒီလိုဖြစ်လာတယ်။ တပ်ထဲကကောင်တွေ ရဲ့ အတွေးက အဲဒီလို ရှိတယ်။
၂၀၂၁ ဆိုလည်း စပြီး ဆန္ဒပြကတည်းက တပ်ထဲမှာ လက်ယားနေတဲ့ ကောင်တွေက အပြည့်ပဲ။ ငါတို့ မပစ်ရသေးဘူး ငါတို့ရွှေဝါရောင်တုန်းကလို မပစ်ရသေးဘူး ပစ်ချင်နေပြီဆိုတဲ့ ကောင်တွေက အများကြီးရှိတာကိုး။ ကျနော်တို့က ကြားရတာ စိတ်ကုန်နေပြီ။ တချို့ကောင်တွေဆို ထထိုးမိမတတ်တွေ ဖြစ်တာကိုး။ မြသွဲ့သွဲ့ခိုင် အသတ်ခံရတယ် ကြယ်စင်တို့ အသတ်ခံရတယ်ဆိုတော့လည်း ဒီကောင်တွေက အသတ်ခံရမှာပေါ့ ဖင်ယားပြီး လမ်းပေါ် ထွက်တာကိုး အဲဒီလိုပြောတာ။ အဓိကက တပ်ထဲရောက်လာလေလေ သူတို့ ရဲ့ brainwash နဲ့ ကိုယ်တွေ မကိုက်လို့ပေါ့။ ပြီးတော့ ဒီကောင် တွေရဲ့ အဓိပ္ပါယ်မရှိတာတွေ သိလာရလို့ ပေါ့။ တပ်ထဲကို ၂၀၀၆ နှစ်ကုန်လောက်က စဝင်တာ ။ ကျောင်းပြီးပြီးချင်း xxxxxxx ဆေးရုံမှာ ၂နှစ် တာဝန် ကျတယ်။ အဲ့နောက်ပိုင်း xxx ကို ကျနော်တာဝန်ကျတယ်။
ကျနော်တို့ စပြီး ထွက်တဲ့ အချိန်မှာကို အာဏာက သိမ်းပြီးနေပြီ။ ထွက်တာက ၂လပိုင်း။ အာဏာသိမ်းပြီးတော့ လမ်းမှာ ဆန္ဒတွေပြနေပြီ။ ကျနော် xxx ကို ထွက်တဲ့အချိန်မှာ မြသွဲ့သွဲ့ခိုင်လေး သေပြီးသွားပြီ။ မန္တလေးမှာ ဆန္ဒပြရင်းနဲ့ ကောင်လေး သေပြီးသွားပြီ။ အဲဒီတုန်းက ကြယ်စင်တော့ မဆုံးသေးဘူး။ ဟိုရောက်တဲ့အချိန်မှာ ကြယ်စင် ဆုံးတယ်။ အဆိုးဆုံးက NLD က အသက်မွေးဝမ်းကျောင်း ဆရာပဲ သူ့ကို ရက်ရက်စက်စက် သတ်လိုက်တဲ့အချိန်မှာ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ xxx မှာ လပိုင်းလောက်ပဲကြာတယ်။ တလမ်းလုံးလည်း ဆန္ဒပြတာတွေ မြင် နေရတယ်။ ကိုယ်တွေကလည်း ကျိတ်ပြီး အားပေးတယ်။ ကိုယ်တွေ ဘေးကပါလာတဲ့ ကောင်တွေကလည်း ကျိတ်ပြီး လက်တွေယားနေတယ်။ အဲဒီကောင်တွေက ပစ်ချင်ခတ်ချင်နေတယ်။ အဲဒီလိုမျိုးတော့ တွေ့ခဲ့ရတာပေါ့။
ဆေးရုံမှာလည်း ဆေးရုံဆိုတော့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အခွင့်အရေး ချိုးဖောက် ခံရတယ်လို့ မြင်တာပေါ့။ စစ်ဆေးရုံတွေ တင်ထားတယ် ဆိုတာ စစ်သားတွေရယ် စစ်သား မိသားစုတွေကို ကုပေးဖို့လေ၊ ဆရာဝန်ဆိုတော့ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ ကုချင်တာပေါ့။ ခက်တာက သူတို့ ပေးတဲ့ဟာတွေက ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ မရှိဘူး။ အဆင့်ဆင့် ဖြတ်စားတွေရှိတယ်။ စချလာကတည်းက ကွာလတီ မကောင်းတာတွေရှိတယ်။
ပြီးရင် ဆေးတွေ မလောက်ဘူး။ ကျနော်တို့ ဆရာဝန်တွေဆိုရင် လစဉ် လစာရတာ ၃သိန်းကျော်။ အိတ်ထဲကနေ တလ ကို တယောက်ကို မထွက်ရင် ၂သောင်း ၃သောင်း အိတ်စိုက်ပြီး ကုရတယ်။ ထိုက်တန်တဲ့ ဆေးကုသခွင့် ရသင့်တာပေါ့။ ဒါပေမယ့် မရဘူး။ မရတဲ့ အချိန်မှာ ကျနော်တို့ ဆေးရုံက မွဲနေတာက နိုင်ငံတခုလုံး တပ်တခုလုံးရဲ့ ဘတ်ဂျက်က မွဲနေလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ အဲဒီမှာ မတရားတာက ပေါ်လာတယ်။ ဒီ မင်းအောင်လှိုင်တို့ သူတို့ လက်အောက်က ဗိုလ်ချုပ်တွေကအစ သူတို့ သုံးနေ ကိုင်နေတဲ့ ဟာတွေက အကုန်လုံး ပစ္စည်းတခု နှစ်ခု လောက် ကားတစီးလောက် တန်ဖိုးက ကျနော်တို့ ဆေးရုံ မှာ တလလောက် လူတွေအများကြီး ကယ်ထားလို့ရတယ်။ ဒါမျိုး ရှိတယ်။ သိပ် fair မဖြစ်တာပေါ့။
နောက်တခုက ကိုယ့်ဆေးရုံထဲမှာ ဆေးတွေရှားပါးနေတဲ့ အချိန်မှာ အဲ့ဒီဆေးတွေကို ခွဲတမ်းကနေ ထုတ်ထုတ်ပြီးတော့ နယ်လှည့်ဆေးကု ဆိုပြီး ဆရာဝန်တွေကို လွှတ်တယ်။ လစဉ် လွှတ်ရ တဲ့ အကြောင်းအရင်းက အရပ်သားတွေကို လိုက်ကုခိုင်းတာ။ လိုက်ကုခိုင်းပြီးတော့ စည်းရုံးချင်တာ။ ဆရာဝန်တွေကိုသုံးတယ်။ သူတို့ရဲ့ တပ် ရဲ့ image ကို ဆွဲတင်တယ်။ ဘာအတွက်လဲ ဆို တော့ နောက်ဆုံး ဒီ ရွေးကောက်ပွဲမှာနိုင်ဖို့ ထောက်ခံတာရဖို့ အဓိကက အာဏာရဖို့အတွက် အဲဒီ အတွက် ဆရာဝန်တွေကို သုံးတယ်။ မလောက်မငှ ဆေးတွေကို ဆွဲသုံးတယ်။
တကယ်တမ်း သွားကုတော့လဲ effective ဖြစ်လားဆိုတော့ မဖြစ်ဘူး။ နဂိုထဲကတောင် မလောက်တာ ထပ်ခွဲပြီး အပြင်လူတွေကို သွားကု တော့ အပြင်လူတွေက ဘာရမှာလဲ။ ပါရာစီတမော ရမယ် အားဆေးတွေ ရမယ်၊ သိပ်ပြီး အဓိပ္ပါယ်မရှိဘူး။ ပိုဆိုးတာက ဆေးရုံမှာ ရှားပါးပြီး ခက်ခက်ခဲခဲ ကုနေတဲ့ အချိန်မှာ မင်းအောင်လှိုင်တို့လို ကောင်တွေက ကိုဗစ်ကာလမှာ မယောင်ရာဆီလူးပြီး သူ့ဘာသာ ပြည့်စုံနေတဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေ ကို လိုက်လှူတယ်။ ပြီးရင် ခက်ခဲနေတဲ့ ရုပ်ရှင်အဖွဲ့သားတွေကို ဆိုပြီး တခါ မှတ်မှတ်ရရ သွားလှူလိုက်သေးတယ်။ မင်းသား မင်းသမီးတွေ သူ့ဟာသူတောင် စားလို့မကုန်တဲ့သူတွေကို သွားပြီး လှူလိုက်သေးတယ်။ အဓိကက သူ့ကို ထောက်ခံအောင်လို့။ အဲဒါတွေက ဆေးရုံကို မလာဘူး။ တပ်မတော် သားတွေရဲ့ မိသားစုဆီကို ရောက်ရမယ့်ဟာတွေက မရောက်ဘူး။ ပြောင်ပြောင်တင်းတင်း ရှိသမျှ အကုန်လုံးကို သူတို့ အခွင့်အရေးအတွက် သုံးပြီး ချိုးဖောက်နေတာပေါ့။
ပိုဆိုးတာက မင်းအောင်လှိုင်တို့ဆို ဆေးရုံတွေ ထောင်တယ် ပုဂ္ဂလိက ဆေးရုံကြီးတွေ ထောင်တယ်။ ကန်သာယာတို့ အခုနောက်ပိုင်း ဘောက်ထော်တို့ ဘာတို့ အဲဒီမှာ ဘာတွေခန့်လဲ ဆိုရင် စစ်တပ်က ဆရာဝန်တွေ ဆွဲခန့်တယ်။ လစာကလဲ လောက်လောက်လားလား မဟုတ်ပါဘူး။ တပ်ကလစာပဲ ဆက်ပေးထားတော့ ကျနော် ထင်ပါတယ် အစိုးရ ရဲ့ လစာကို အလွဲသုံးစား လုပ်ပြီးတော့ ကိုယ်ပိုင် အကျိုးအတွက် သုံးနေတဲ့ သဘောပါပဲ။
တပ်က ဆရာဝန်တွေ ဆွဲခန့် တယ်။ အဲဒီမှာ ဆွဲသုံးထားတယ်။ အဲဒီလိုမျိုးတွေ အများကြီး ရှိတယ်။ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆေးဝါး နဲ့ ပတ်သက်ပြီး သူတို့ ချိုးဖောက်တဲ့ အပိုင်းတွေပေါ့။ နောက်တခုက နိုင်ငံတော်တော်များများရဲ့ စစ်သားတွေ မှာ ရသင့်တဲ့ အခွင့်အရေးရှိတယ်။ စစ်သားတိုင်းမှာ အာရုံစားရတဲ့အပိုင်းက စိတ်ကျန်းမာရေး ရှိတယ်။ တိုက်ပွဲတွေဘာတွေ ကြုံရတဲ့သူတွေ အမေရိကန်တွေဆိုရင် အီရတ် သွားတယ် အာဖဂန်နစ္စတန် သွားတယ် ပြန်လာရင် PTSD တွေ ပါလာတယ်။ တိုက်ပွဲနောက်ပိုင်းမှာ စိတ်ဒဏ်ရာတွေ ရလာတာပေါ့။ အိပ်မပျော်တာ ရှိတယ် ဂယောင်ချောက်ခြား ဖြစ်တာတွေရှိတယ်။
အိမ်မှာ ရှိတဲ့ သူတွေကို ရိုက်တာနှက်တာ ရှိတယ်။ ပြီးရင် တချို့ဆို သောင်းကျန်းပြီး တပ်ထဲမှာ သေနတ်တွေ လျောက်ပြီး ပစ်လိုက်တာ လူတွေသတ်ပစ်လိုက်တာအထိပါ ရှိတယ်။ အဲဒါတွေကို ပုံမှန်ဆိုရင် ရှေ့တန်းပြန် စစ်သားတွေကို (အဆက်စ်) လုပ်ရမှာ။ ဒါပေမယ့် မြန်မာစစ်တပ်မှာ အဲလို (အဆက်စ်) လုံး၀မရှိဘူး ။ တကယ်တမ်း ရန်ကုန် စိတ်ကျန်းမာရေးဘက် ရောက်လာတယ်ဆိုတာ ထိန်းမနိုင်သိမ်းမရ သွက်သွက်ခါမှ ရောက်လာတာ။ သူတို့ တပ်ထဲမှာ ရူးကြောင်ကြောင် ဂေါက်တောက်တောက် ဖြစ်နေတဲ့ ကောင်တွေ အများကြီး ကျန် တယ်။
ဘာလို့ (အဆက်စ်) မလုပ်လဲ ဆို (အဆက်စ်) လုပ်လိုက်ရင် သူတို့ကို ထွက်ခွင့်ပေးရတော့မှာ။ သူတို့ကို ရှေ့တန်းမှာ သုံးလို့ မရတော့ဘူး နားခိုင်းရတော့မှာ။ တိုက်ဖို့ခိုက်ဖို့ အတွက် စစ်စည်းကမ်း အရ လိုက်နာဖို့ အတွက် စိတ်ကျန်းမာရေး မပြည့်မီဘူးဆို နားခိုင်းရတော့မှာ။ သူတို့ နားခိုင်းလို့ မဖြစ်ဘူး။ အင်အား လုံလောက်အောင်မရှိဘူး။ ဘယ်သူမှလည်း မထွက်ခိုင်းဘူး။ တခါတလေ အရက်ကြောင် ကြောင်နေတဲ့ကောင်တွေ ဆေးကြောင် ကြောင်နေတဲ့ကောင်တွေ အရူးတပိုင်းတွေကိုပဲ ရှေ့တန်းကို ပြန်လွှတ်နေတာပေါ့ ။
အခု မီးရှို့တယ် သတ်တယ်ဆိုတာ တကယ်တော့ မထူးဆန်းဘူး။ အဲဒီ သတ်တဲ့ မီးရှို့ နေတဲ့ ကောင်တွေ တဝက်လောက်က ဂေါက်နေလို့။ အဲဒါမျိုးတွေကို ကုသခွင့်ရသင့်တယ်။ သူတို့ ကိုယ်တိုင်လည်း မသိဘူး။ ခက်တာက သူတို့ ရူးနေတာလည်း သူတို့သိမှာ မဟုတ်ဘူး။ ကုပေးဖို့လည်း အစီအစဉ် မရှိဘူး။ အဲဒီလူတွေကို သူတို့က မြှောက်ခိုင်းတာ။ အများအားဖြင့်တော့ ရှေ့တန်း ပြန်လာရင် သတ်လာ ဖြတ်လာရင် လူကြီးတကောင်ကောင်က လာပြီးတော့ တိုင်းမှူး ဖြစ်ဖြစ် တပ်ရင်းမှူးဖြစ်ဖြစ် တကောင်ကောင်က လာပြီးတော့ အားပေးသွားတယ်။ မင်းတို့ တော်တယ် ဆက်လုပ် ဒီလိုပဲ အားပေး သွားတာ။
သူတို့ ပြန် ထရိန်းပြီဆိုရင် ဘာ ထရိန်းလဲဆို ကျန်းမာရေးနဲ့ တိုက်ရေးခိုက်ရေးပဲ ထရိန်းတာ။ စိတ်ပိုင်းဆိုင်ရာကို လုံး၀ဂရုမစိုက်ဘူး။ အခု PDF တွေ ပြည်သူတွေ ဆိုလဲ ဒီအရူးတပိုင်းကောင်တွေ နဲ့ ရင်ဆိုင်နေရတာ ရှိတာကိုး။ ဘာဖြစ်လို့လဲ ဆိုရင် တချို့ တပ်တွေဆိုရင် တပ်တတပ်မှာ လူ ၂၀၀ ရှေ့တန်းကို သွားရင် လူ အနည်းဆုံး ၁၉၀ လောက်က ဆေးသုံးတယ် တိုက်တယ်။ ဘာလို့ဆို ဆေးက ရှေ့တန်းမှာ အရမ်း ဝယ်ရလွယ်တယ်။
တချို့ကောင်တွေဆို BGF ကနေ ဆေးလုံးတွေ ပေါပေါ ပဲပဲ နဲ့ ဝယ်တယ်။ ကရင်ခွင်ထဲမှာ ဆို အဲလိုကောင်တွေ အများကြီးပဲ။ ဆေးကွဲပြီး ချနေတာ ဆေးကွဲပြီး မချရင် ဘာလုပ်လဲဆို ရသမျှ အရက်တွေနဲ့ ကွဲပြဲပြီး ချနေကြတာ များတယ်။ သူတို့က ပုံမှန်စိတ်နဲ့ တိုက်နေတာ မဟုတ်ဘူး။ သူတို့ တိုက်နေတဲ့ ရည်ရွယ်ချက်ကို သိလို့ ယုံကြည်လို့ တိုက်နေတာလည်း မဟုတ်ဘူး။ သူတို့ ဘာအကျိုးအမြတ် ရမလဲ စားစရာ နေစရာ ရမယ် brainwash ခံ ထားရမယ် ဒါတွေကြောင့်ပဲ တိုက်နေတာ။ ပြီးတော့ စိတ်ကလည်း ပုံမှန် မဟုတ်ကြဘူး။ ဒါတွေကလဲ တပ်မတော် တရပ်လုံး သူတို့ system တခုလုံး အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာ။ ကျန်းမာရေး ရပိုင်ခွင့်တွေ အကုန် ချိုးဖောက် နေတာ။
မဲမသမာမှု ကိစ္စကတော့ တော်တော် ရယ်ရတာပေါ့။ မဲမသမာမှု အလုပ်ဆုံးက တပ်လို့ပဲ ပြောလို့ရတယ်။ သင်တန်းတက်နေတဲ့သူတွေ အဝေးရောက်နေတဲ့ သူတွေ အများစုကို ကြိုတင်မဲတွေ လိုက်ကောက်တယ်။ လိုက်ကောက်တဲ့ အချိန်မှာ လိုက်ကောက်တဲ့သူ တာဝန်ခံ တယောက်ပေါ့ အဲဒီလူ က စရဖ က အရာရှိ တယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ တပ်ကြပ်လောက်ပဲ ဖြစ်ရင်လည်းဖြစ်မယ်၊ တခြားသူလည်း ဖြစ်ရင်ဖြစ်မယ်၊ လိုက်ကောက်တဲ့ နေရာပေါ် မူတည်တာပေါ့။ အဲဒီတာဝန်ခံက လူတွေကိုခေါ်တယ် တပ်တခုထဲမှာ လူတွေကို စုတယ် ကြိုတင်မဲ ပေးပါဆိုပြီး ပေးခိုင်းတယ်။ သူတို့ ယူလာတဲ့ အိတ်တွေ အကုန်လုံးက အပွင့်တွေပေါ့။
အထဲမှာ မဲစာရွက်တွေရှိတယ်။ ဒါပေမယ့် မဲပေးတဲ့လူတိုင်းကို နောက်ကနေ ထိုင်ကြည့်နေတာ။ မဲကို ဘာခြစ်လဲ ဆိုတာ ကြည့်တာ။ တကယ်တော့ အဲ့ဒီမဲတွေက ကျနော်တို့ နားလည်ထားတာ Privacy နဲ့ ပေးရတယ်။ ပြီးရင် ချိတ်ပိတ်ပြီး သွားရတယ်။ သူတို့က အဲဒီလို မဟုတ်ဘူး။ ထိုင်ကြည့်တယ် ဘာပေးလဲပေါ့ ထိုင်ကြည့်တဲ့သဘောက ဘာမှမပြောဘူး ကြိုက်တာထည့်ပါလို့ သူတို့ ပါးစပ်က အမြဲတမ်းပြောတယ်။ ကြိုက်တဲ့ပါတီကို မဲပေးပါလို့ ပြောတယ်။ ပြီးတော့ ထိုင်ကြည့်တယ်။ ဘယ်သူမှလဲ NLD တို့ တခြား ပါတီတို့ မပေးရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က မဲပေးပြီးသွားရင် အဲဒီမဲကို ဘယ်လို ပြန်ယူလဲ ဆိုတော့ စာအိတ်ထဲကို ထည့်တယ် စာအိတ် ကို မပိတ် ဘူး။
အပွင့် အပွင့်မှာ အဲဒီ စာအိတ်ပေါ်မှာ နာမည် နဲ့ ကိုယ်ပိုင်နံပါတ်လေး တွေကို ရေးခိုင်းတယ်။ ဘယ်သူမှ မဲမပေးရဲဘူး။ ဒါကတော့ နားလည်မှု နဲ့ ခြိမ်းခြောက်တဲ့ သဘော။ မင်းတို့ နာမည် နဲ့ NLD မဲပေးထားတာ ပါသွားရင် မင်းတို့ကောင်တွေ ပြီးရင် ကိုယ့်ဘဝကိုယ် တွေးထား ဆိုတဲ့ အထာမျိုးနဲ့ပေါ့။ နယ်ထဲ ရောက်သွားမလား ရှေ့တန်း ရောက်သွားမလား ချောင်ထဲ ရောက်သွားမလား အဲဒီလို အထာနဲ့ လာတာပေါ့။ ရှိသမျှ လူ အားလုံးက သူတို့ ကြိုက်တာ ထည့်ပါလို့ ပြောနေရင်းက ထည့်ချင်ချင် မထည့်ချင်ချင် ပြည်ခိုင်ဖြိုးကို ထည့်လိုက်ရတဲ့ သဘောမှာ ရှိတာပေါ့။ ဒါကတော့ ကြိုတင်မဲ နဲ့ ပတ် သက်ပြီး ချိုးဖောက်တဲ့ ကိစ္စပေါ့။
နောက်တချက်က သူတို့ အဆင်မပြေဘူးလို့ ယူဆတဲ့ ကြိုတင်မဲကို လှမ်းမမေးဘူး ဘယ်ကို ထည့်ပေးရမယ်လို့ လှမ်းမမေးဘူး သူတို့ ထည့်ချင်တာကိုထည့်ပြီး စာရင်း ပို့လိုက်တာတွေရှိတယ်။ တချို့လူတွေဆို မဲမပေးလိုက်ရဘူး။ တပ်ကို လှမ်းမေးလိုက်ရင် ကျနော် တို့ ထည့်လိုက်ပါပြီ ဒါပဲပြောတယ်။ ဘယ်ကိုထည့်လဲ ဆိုတာ မပြောဘူး။ လူတိုင်း သိပါ တယ် ဘယ်ကိုထည့်တယ်ဆိုတာ။ ဒါ သူတို့ ကြိုတင်မဲ ခိုးနည်း ၂နည်းပေါ့။ နောက်တနည်းက ဘာလုပ်လဲဆိုတော့ ကြိုတင်မဲ လိုတဲ့နေရာတွေ လိုတဲ့နေရာတွေ သူတို့ ခိုးချင်တဲ့နေရာတွေ တပ်ကို အရွှေ့အပြောင်း လုပ်လိုက်တယ်၊ ဟိုဘက်မြို့ ဒီဘက်မြို့ ကောက် ရွှေ့ပြီး တာဝန်တွေ ချလိုက်တာ။ ဒီ မြို့က တပ်က ဟိုဘက် တပ်မှာ လုံခြုံရေး သွားစောင့်ရင် အဲ့ကောင်တွေ အကုန်လုံးဆီက ကြိုတင်မဲ ကောက်လိုက်တာ။ ဆိုလိုတာက ကြိုတင်မဲ ဆိုရင် သူတို့ ပိုင်တယ်လေ။ ပိုင်တယ် ဆိုတာ ခုနကပြောတဲ့ မဲခိုးနည်း စနစ်နဲ့ ဆိုရင် ကြိုတင်မဲ အားလုံးက မဲခိုးထားတာချည်းပဲ။ မဲပုံးထောင်လိုက်ရင် NLD ကို ပြေးထည့်မယ့်သူတွေ အများကြီး ကျန်နိုင်သေးတယ်။ သူတို့ မပိုင်ဘူး အဲဒါကြောင့် တတ်နိုင်သလောက် ကြိုတင်မဲကို ခိုးတယ်။
အဓိက သူတို့အတွက် အရေးကြီးတဲ့သူ နိုင်မယ်လို့ထင်တဲ့ ယူဆတဲ့ နယ်မြေတွေမှာ ကြိုတင်မဲကို တပ်တွေကို ရွှေ့ပြောင်းပြီး ခိုးတယ်။ တချို့တပ်တွေဆို ရက်စက်တယ် ရှေ့တန်းမှာ အကြာကြီး လွှတ်ထားပြီး ပြန်လာခါနီးတဲ့ဟာတွေဆို ပြန်မလာခိုင်ဘူး။ ဘာလို့ဆို ကြိုတင်မဲ ဖြစ်သွားအောင်လို့ ပြန်လာချိန် ပြည့်တဲ့သူကိုတောင် ပြန်မလာခိုင်းဘူး။ ကြိုတင်မဲ လုပ်လိုက်တယ်။ ဟိုးရှေ့တန်းက လူတွေဆို ကြိုတင်မဲ ကောက်ဖို့မလွယ်ဘူးလေ။ အဲတော့ ငါတို့ထည့်ပေးလိုက်ပြီလို့ ပြောလိုက်တယ်။ အဲဒီလောက်ဆို လူတိုင်း သဘောပေါက်ပါတယ်။
သူတို့ ဘယ်လို ခိုးလဲဆိုတာ။ နောက်တခုက ဘာလဲ ဆိုရင် တချို့နေရာတွေဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတဲ့နေရာ ကတောက် ကဆ ဖြစ်နိုင်ချေ များတဲ့နေရာတွေ တပ်တွေကို ၂၀၁၀ မှာဆို အတင်းထိုးထည့်တယ်။ ကျနော့် မိတ်ဆွေတွေလည်း ပါသွားတယ်။ ဆိုလိုတာက တိုက်ပွဲဖြစ်စေချင်တာပေါ့။ တချို့ သူတို့ လုံး၀ နိုင်ချေ မရှိတဲ့ နေရာတွေ တခြား ရည်ရွယ်ချက်ရှိတဲ့ နေရာမျိုးတွေမှာဆို တိုက်ပွဲ ဖြစ်စေချင်တယ်။
အဲဒီ နေရာမှာရှိတဲ့ မဲကို အနှောင့်အယှက် ဖြစ်စေချင်တယ် ဖျက်စေချင်တယ်။ ထိတွေ့မှု ဖြစ်တယ်ခေါ်တာပေါ့။ တိုက်ပွဲ မဖြစ်ဖြစ်အောင် လွှတ်ခံရတဲ့ သက်သေတွေ ရှိတယ်။ အဲဒီတုန်းက တပ်က ကြိုတင်မဲ တွေကို အဲဒီနည်းနဲ့ ဖိအားပေးတယ်။ နောက်တနည်းကတော့ တပ်ထဲမှာ ဟောပြောပွဲတွေ လုပ်တယ်၊ စာရွက်တွေ ဝေတယ်၊ လက်ကမ်းစာစောင်တွေ ဝေတယ်၊ အဲဒီထဲမှာ ပါတဲ့ အချက်အလက်တွေက ပြည်ခိုင်ဖြိုး လို့ မပါရုံတမယ်ပဲ ရှိတယ်။
တပ်မတော်ကနေ မွေးဖွားလာတဲ့ ပါတီကို မဲပေးပါ၊ တပ်မတော်ကို အားပေး ထောက်ခံတဲ့ ပါတီကို မဲပေးပါလို့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့် ပါတီကို မဲပေးပါတို့ တပ်တိုင်းကို ဝေလိုက်တယ်၊ ပြီးရင် သူတို့ရဲ့ တပ်မှူးတွေကအစ လိုက်ပြီးတော့ တတပ်လုံးကို အဲဒီစာတွေကို ပြောပြီး စည်းရုံးတယ်။ ဆိုလိုတာက ပြည်ခိုင်ဖြိုး နာမည် မပါတာ ကလွဲရင် တတပ်လုံးကို မဲဆွယ်စည်းရုံးချိန် မတိုင်ခင်ထဲက မဲဆွယ် ထားတယ် ဖိနှိပ် ထား တယ်။ ငါတို့ တပ်က ရသင့်တဲ့ ပါတီ မဲများများ မရရင် မရတဲ့ တပ်က တခုမဟုတ်တခု ဖြစ်နိုင်တယ်။ ဥပမာ ရှေ့တန်းကို အကြာကြီး လွှတ်ခံရတာ ဖြစ်နိုင်တယ်ဆိုတာ မသိမသာ ခြိမ်းခြောက်တာတွေ ရှိတယ်။ ကြိုတင်မဲတွေ မဲပေးမယ့်နေ့က မဲတွေကော အစွမ်းကုန် ခိုးတာ။
၂၀၂၀ မှာဆို တော်တော်ကို မျှော်လင့် ချက် ကြီးကြီးမားမား နဲ့ ခိုးထားတာ။ ဒီတခါတော့ ငါတို့ တခုခု ရလောက်တယ်ဆိုပြီး ခိုးထားတာပေါ့။ အဲ့လောက် ခိုးတာတောင်မှ NLD က သောင်ပြိုကမ်းပြို နိုင်တဲ့အချိန်မှာ ရှက်ရမ်း ရမ်းတယ်လို့ ပဲ ယူဆတယ်။ ဒါမှမဟုတ်လဲ သူတို့ရဲ့ plan တွေပေါ့ ငါတို့ ဒီလောက် ခိုးလို့မှမနိုင်ရင် သိမ်းမယ်ဆိုတဲ့ plan တွေပဲ ဖြစ်ပါလိမ့်မယ်။ မဲကိစ္စမှာ ကျနော်က အဲ့ဒီတုန်းက တပ်က တနေရာမှာ မှာ ရောက်နေတဲ့ သင်တန်းက တနေရာမှာဆိုတော့ သူတို့က ထုံးစံအတိုင်းပဲ ကျနော့်ဆီကို လာတယ် ကျနော် ဘယ်သူ ပါဆိုပြီး မိတ်ဆက်တယ်။ ကြိုတင်မဲလေး ပေးပါဆိုပြီး တောင်းတယ်။ ကြည့်လိုက်တော့ အိတ်ကအပွင့် ဘယ်မှာ ပေးရမလဲ ဆိုတော့ ဒီထိုင်ခုံမှာ ပေးပါတဲ့။ ပေးမယ်ဆိုတော့ သူက ဘာလုပ်လဲဆိုတော့ နောက်ကျောကနေ ရပ်ပြီး ငုံ့ကြည့်နေတယ်။ အဲဒီတုန်းက NLD ကို မဲပေးဖို့ ဘယ်လောက်ပဲ ဆုံးဖြတ်ထား ပြည်ခိုင်ဖြိုးကို ခြစ်တာ။ ပြည်ခိုင်ဖြိုးကို ခြစ်မှကို ရမှာ။ သူက အဲ့ဒီမဲကို ကြည့်တယ် ဟုတ်ပြီ ခြစ်လိုက်တယ် ခြစ်ပြီး သွားရင် အဲ့ဒီမဲကို ယူတယ် စာအိတ်ထဲကို ထည့်တယ်။ စာအိတ်မှာ နာမည်ရယ် နံပါတ်လေးရယ်ပါ ရေးမှတ်သွားတယ် ကိုယ်ပိုင်နံပါတ်လေးပါ ရေးမှတ်သွားတယ်။ မသိမသာ ခြမ်းခြောက်နည်းနဲ့ ကြိုတင်မဲ အားလုံးကို လိုက်ခိုးနေတဲ့သဘောပါ။
နောက်တခုကမင်းအောင်လှိုင် ရဲ့ စီးပွားရေး ခေါင်းပုံဖြတ်တဲ့ အပိုင်းပေါ့။ တည့်တည့်ပြောရရင် ပြည်သူ့ ဘဏ္ဍာ ခိုးတဲ့ အပိုင်းပေါ့။ စစ်တပ်ကို လာတဲ့ထောက်ပံ့တွေ အားလုံးက ပြည်သူ့ ဘဏ္ဍာပဲလေ။ လွှတ်တော်ကနေ တင် တောင်းရတာကိုး။ မင်းအောင်လှိုင်က ပုံမှန်ဆိုရင် တပ်တွေကို စစ်တယ် ဆေးရုံတွေကို စစ်တယ် လူမြင်သာအောင် စစ်တယ် စစ်ပြီးသွားရင် သူက လက်ညှိုးထိုးပြီး တခုပြီး တခု ပြင်ခိုင်းတယ်။ တချို့နေရာ တွေ ဆိုရင် ဧရာမ ၃ထပ်၊ ၄ထပ် ဆောင်ကြီး အသစ် ဆောက်ခိုင်းတယ်။ အဲဒါကိုပဲ သူတို့ အချင်း ချင်း တပ်ထဲမှာ တပ်ချုပ်ကြီးရဲ့ စေတနာတို့ ဘာတို့ ဝါဒ ထပ်ဖြန့်ကြတယ်။ အဓိကက သူပြင်ခိုင်း ဆောက်ခိုင်းတာတွေက သူ ပြင်ခိုင်းဆောက်ခိုင်းလိုက်ပြီဆို နောက်ကနေ တပ်မှူးတွေက လိုက်မှတ် ရတယ် ပြီးသွားရင် သူ့ရဲ့သား သူ့ရဲ့တူ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို အလိုက်တသိ သွားပြီး အပ်ရတယ်။ ပုံမှန် တပ်မတော်က လုပ်မယ်ဆို GE တပ် ဆောက်လုပ်ရေး တပ်ကို ပေးရင်ပေး မပေးဘူး။ သူတို့ မလုပ်နိုင်ဘူးလို့ ယူဆရင် တင်ဒါ ခေါ်ရမှာပေါ့။ ဒါ လုပ်ရိုးလုပ်စဉ်။
တင်ဒါခေါ်ရတဲ့ အကြောင်းအရင်းက ဘဏ္ဍာမဆုံးရှုံးရအောင်လို့ အသက်သာဆုံးနဲ့ အကောင်းဆုံး လုပ်နိုင်မယ့် ကုမ္ပဏီ ခေါ်တဲ့သဘော။ အဲဒီလို မလုပ်ဘဲနဲ့ သူတို့ရဲ့ ဆွေတော်မျိုးတော် ကုမ္ပဏီတွေကို ပြေးကပ်ရတယ်။ သူတို့တွေက လာဆောက် ဆောက်လုပ်ရေး ဆိုတာ ဆောက်ပြီးသွားရင် quality check လုပ်ရတယ်။ ဒီကောင်တွေ ဆောက်ထားတဲ့ ခပ်ညံ့ညံ့တိုက်တွေကို ဘယ်ကောင်မှ quality check လုပ်ပြီး မတားရဲဘူး။ ဘယ်သူက မင်းအောင်လှိုင်တူ ဆောက်ထားတဲ့ဟာကို၊ မင်းအောင်လှိုင် ရဲ့ သားနဲ့ ပတ်သက် တဲ့သူ ဆောက်ထားတာကို၊ ဒါကြီးက စုတ်နေတယ် ပြန်ဆောက်ပေးလို့ ဘယ်သူက ပြောရဲမလဲ။ ပြောစရာမလိုပဲ အနိုင်ကျင့်တဲ့ တနည်းပေါ့။
သူတို့ဆောက်ခဲ့တဲ့ တိုက်တွေအများစုကတော့ တနှစ် နှစ်နှစ်လောက် နေရင် အက်သွားတယ် ဆေးတွေ ကွာကျသွားတယ် ကွာလတီ တော်တော် ညံ့ညံ့ ဆောက်ထားတာပေါ့။ နေဖို့တောင် မသင့်တော်တဲ့ဟာတွေ။ သူတို့ ဆောက်တယ် ဆောက်ရင်းနဲ့ ခိုး တယ်။ မဆောက်ခင်ထဲက ကန်ထရိုက်ကို မမျှတတဲ့ နည်းနဲ့ အာဏာအလွဲသုံးစား လုပ်ပြီး ကန်ထရိုက်တွေယူတယ်။ အဲဒီတော့ ကျနော်တို့က မင်းအောင်လှိုင် လာပြီဆို နောက်ကွယ်မှာ နားလည် တဲ့ အရာရှိတွေ စစ်သည်တွေက ကျိတ်ပြီး ပြောကြတာပေါ့။ ကန်ထရိုက်တာကြီး လာပြီ ပရောဂျက်တွေ လာရှာပြီ ဆိုပြီး ပြောကြတာပေါ့။ ဒါ သူလာစစ်တိုင်း ကျနော် တို့တွေ ပြောနေကြ စကားပေါ့။ သူတို့ ရဲ့ ပြည်သူ့ ဘဏ္ဍာကို ခိုးနည်းပေါင်း ၁၀၀ ထဲက တနည်းပေါ့။
ကျနော်ကပုံမှန်အားဖြင့် တပ်ထဲမှာ နေတယ် မထွက်ဖြစ်ဘူး ဆိုတာက ဘာလဲဆိုတော့ တပ်ထဲမှာ နေပြီး ရင့်ကျက်လာတဲ့အချိန်မှာ NLD အစိုးရ တက်လာပြီ ဒီမိုကရေစီက အပြည့်မရရင်တောင် တစိတ်တပိုင်းတော့ ရနေပြီဆိုပြီး ကျနော်တို့က မျှော်လင့်ချက် ရှိတာပေါ့။ ကိုယ်တွေ မျှော်လင့်ချက်က ရှင်းပါတယ်။ တပ်ထဲကလူတွေ လူ့အခွင့်အရေး အပြည့်နဲ့ ကောင်းကောင်း မွန်မွန် နေရဖို့ တချက်။ နောက်တချက်က ဘယ်နိုင်ငံရေးထဲမှာမှ ဝင်မရှုပ်ပဲနဲ့ လူမုန်းမခံပဲ သိက္ခာ ရှိရှိ ကိုယ့်အလုပ်ကို လုပ်ဖို့။ အဓိက က စစ်တန်းလျားကို ပြန်ဖို့။ ကျနော်တို့က တပ်ထဲမှာ နေရင်းနဲ့ NLD အစိုးရ တက်လာတဲ့ အချိန်မှာ ကျနော် တို့ မျှော်လင့်ထားတာ အဲ့ဒါပဲပေါ့။ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ တပ်က ကိုယ့်အလုပ်ကိုလုပ်ဖို့။ အဓိကက အဆဲမခံရဖို့ သိက္ခာရှိဖို့။ သူတို့ လုပ်နေတဲ့ အလုပ်တွေကို ကိုယ်တွေက ရောယောင်ပြီး အဆဲခံရတာ အဆင်မပြေဘူးလေ။ အဲဒီတော့ အာဏာသိမ်းလိုက်တယ်။ တဖက်ကတော့ တော်တော်လေး ဒေါသထွက်ဖို့ ကောင်းတယ်။
နောက်တဖက်က ကြည့်ရင်လဲ အားတက်စရာ ဖြစ်ဖို့ကောင်းတယ်။ သိမ်းလိုက်တဲ့ အတွက် တော်လှန်ရေး ဖြစ်ကိုဖြစ် လာတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲ ဖြစ်ဖြစ် လက်နက်ကိုင်ပဲ ဖြစ်ဖြစ် တချိန်ချိန်တော့ ဖြစ်လာတယ်။ တော်လှန် ရေး ဖြစ်ကို ဖြစ်လာတဲ့အတွက် ဒီကောင်တွေ မဖြစ်မနေ စစ်တန်းလျားကို ပြန်ကိုပြန်ရတော့မယ်။ ဒီပွဲမှာ ရှုံးကိုရှုံးမယ်။ ဒါကတော့ အားတက်စရာပေါ့။ တပ်ထဲကနေ မျှော်လင့်တာပေါ့။
ဆန္ဒပြမှုတွေနဲ့ နိုင်ငံတကာက ဝင်ပြီးတော့ ကူညီနိုင်ရင် ပြီးသွားမလားပေါ့။ မင်းအောင်လှိုင်တို့ ရှုံးသွားမယ် ပြုတ်သွားမယ်ပေါ့။ လိုချင်တဲ့အစိုးရ တက်လာရင် ကိုယ်တွေရဲ့ Goal က ပြည့်ပြီလေ။ ကိုယ်တွေလည်း အရမ်း ကြီး စတေးခံစရာမလိုဘူးပေါ့။ အဲ့တော့ တပ်ထဲမှာပဲနေတယ် စောင့်ကြည့်တယ်။ တလလောက် စောင့်ကြည့်တယ်။ ဆန္ဒပြတဲ့နေရာတွေကအလုပ်မဖြစ်ဘူး။ လူတွေလည်း စ သတ်လာတယ်။ အရင်ကတည်းက ဆန္ဒပြတဲ့ သူတွေက ကိုယ်တွေခင်မင်ရတဲ့သူတွေပါတယ်။ ကိုယ်တွေနဲ့ ဆေးကျောင်းတက်ခဲ့တဲ့သူတွေ အပြင်က သူငယ်ချင်းတွေ။
သူတို့က အဲဒီ သပိတ်ထဲမှာ။ ကျနော်တို့ဆို တချိန်လုံး ဖုန်းဆက်ပြီး သတိ ပေးနေရတယ်။ သပိတ်က ဒီသဘောရှိတယ်။ သူတို့က ဒီသဘောရှိတယ်။ သူတို့လုပ်ရင် ပစ်နိုင်တယ် ဘာညာပေါ့။ နောက်ဆုံး သူတို့ ပစ်တော့မယ် ထင်တယ်ကအစ သတိပေး ရတယ်။ သူတို့ စပစ်တဲ့ အချိန်မှာ ကျနော်က ထွက်ဖို့ ပြင်နေပြီ။ သူတို့ကို ပြောပြီးသား စပစ်ပြီ ဆိုရင် ငါတို့လဲ မနေတော့ဘူး လို့။ ပစ်တဲ့အဆင့်ထိ လက်မခံဘူး။ ပစ်တော့ ထွက်ဖို့ ပြင်တယ်။ ထွက်တော့ ထွက်မယ် ကြာနိုင်တယ်ပေါ့။ မြသွဲ့သွဲ့ခိုင်တို့ ကြယ်စင်တို့ အသတ်ခံရတာတွေ ပြီးသွားပြီးတော့ NLD ပါတီဝင်တွေ သတ်ခံရတယ်။ အများကြီး ပေါ့ နောက်ပိုင်း လူတွေက ဆက်တိုက် သေနေတာပေါ့။ ပြီးရင် ကိုကို ညီညီအမြွှာညီအကိုထဲကညီညီလည်းအသတ်ခံရတယ်။
ဖြစ်ရပ်တွေကအများကြီးပေါ့။ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ယူနီဖောင်း ဝတ်ထားသရွေ့ ကျနော်တို့က ဒီကောင်တွေကို တနည်းအားဖြင့် အားပေးသလို ဖြစ်နေတာ။ လုပ်ချင်ချင် မလုပ်ချင်ချင် ကြံရာပါ တနည်းအား ဖြင့် ဖြစ်နေမှာပဲ။ အဲ့ဒီတော့ ထွက်ဖို့ ဆုံးဖြတ် လိုက်တာပေါ့ ။ CDM လုပ်လာပြီး နောက်ပိုင်း အခက်အခဲကတော့ အရင်လို ဆရာဝန်လည်း မလုပ်ရ ဝင်ငွေတွေလဲ ကောင်းကောင်းမွန်မွန် မရှိတော့ ရှိစုမဲ့စုဟာလေး သုံးရတာတို့ ရှာကြံပြီး အလုပ်လေး ဘာလေး လုပ်ရတာက တပိုင်း။ နောက်တပိုင်းကတော့ ဒီကောင်တွေ လက်က လွတ်အောင် ပတ်ပြေးနေရ တယ်။ နေ့တိုင်း ပူနေရတာကိုး။ ကိုယ်တွေ ပုန်းနေတဲ့နေရာ လာတယ်၊ ဝိုင်းသွားတယ် တခြားသူတွေ ဖမ်းသွားတယ်ဆို ကိုယ်တွေ ရောပြီး စိတ်ပူရတာလေ။ စိတ်မကောင်း ဖြစ်ရတယ်။
ဒီကောင်တွေကလည်း အောက်မှာ မိုက်ရိုင်းဆဲဆို သေရဲတဲ့ကောင် ထွက်ခဲ့လို့ ပြောဆိုနေတာ။ အိမ်တွေကို ဂွတွေနဲ့ ပစ် လက်နက်တွေနဲ့ဖောက် ဆို တော့ ကိုယ်တွေက ပြည်သူနဲ့ အတူ ရောခံရတယ်။ ကိုယ်တွေလိုပဲ ဆန္ဒပြတဲ့သူ သပိတ်မှောက်တဲ့လူတွေ ကြားထဲမှာ ပုန်းနေတာကိုး။ ကိုယ်တွေကို ဆက်သွယ်တယ် ကူညီလို့ ရရင်ကူညီတယ်ပေါ့။
အဲဒီလိုပုန်းနေရတာဆိုတော့ တော်တော်ကို ခက်ခက်ခဲခဲ အဲဒီတုန်းက။ အဓိကက တော်လှန်ရေး အောင်တဲ့အထိ ကျနော်တို့လည်း ဆက်တောင့်ခံရမယ်။ ပြီးရင် ကျနော်တို့ ကူညီနိုင်တာတွေ လုပ်နိုင်တာတွေ ရှိတာပေါ့။ လုပ်နိုင်တာတွေ လုပ်ပေးမယ် ကူညီနိုင်တာ လုပ်နိုင် တာတွေ ဝင်လုပ်တယ်။ အောင်မြင်မယ်လို့လည်း ယုံပါတယ်။
အောင်တဲ့ အချိန်ကျရင် ကျနော် တို့က နိုင်ငံရေး အခြေအနေတွေကို ကြည့်ပြီး ဆက်ပြီး ဆုံးဖြတ် ချင်တာပေါ့။ တပ်ထဲကို ဝင်သင့် မဝင်သင့်ဆိုတာ ဘယ်လိုပုံနဲ့ အောင်သွားမလဲဆိုတာ။ တပ်ထဲမှာကော တကယ်ကျူးလွန်ခဲ့တဲ့သူတွေက တကယ် အရေးယူ ခံ ရနိုင်လား။ အကြီးပိုင်းတွေကကော ဘယ်သူတွေ ကျန်နေခဲ့နိုင်သလဲ။ အလုံးစုံ အောင်တာ မျိုး မဟုတ်ပဲ အောင်တာမျိုးဆို ကျနော်က တပ်ထဲပြန်ဝင်ဖို့ အစီအစဉ်မရှိဘူး။
အဲလိုအချိန်မှာ ပြန်ဝင်လိုက်ရင် ထုံးစံအတိုင်း တပ်ထဲမှာက အမြင်ကတ်ပုဒ်မ ဆိုတာရှိတယ် ဘာမှသိပ်ပြီး ချိုးဖောက်နေစရာမလိုဘူး၊ ကျိတ်ပြီး ဟိုနား ရွှေ့လိုက် ဒီနားရွှေ့လိုက်နဲ့ သေရင်တောင် သေသွားနိုင်တယ်။ အဲဒီတော့ ကျနော်တို့က တကယ်တမ်း စစ်မှန်တဲ့ တပ်မတော် အစစ်ပြန်ဖြစ်သွား ပြီ ပြန်ဖွဲ့စည်းလိုက်တယ်၊ အလုံးစုံ ပြန်ဖွဲ့စည်းလိုက်တယ်၊ အစိုးရကလဲ ကိုယ်တွေ ဆွဲပြီး တက်လာတယ်၊ အဲဒီအချိန်မှာ တပ်က ကိုယ်တွေကို လိုအပ်သေးတယ်ဆိုရင်တော့တမျိုးပေါ့။ မဟုတ်ရင်တော့ ပြန် မဝင်ဖြစ်လောက်ဘူး အဲ့တာကတော့ ထွက်ပေါ်လာမယ့်အခြေအနေအပေါ်ကြည့်ရမှာပေါ့ ။
#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့
#Let’sTelltheTruthtoGetJustice
#CDMစစ်သား
#CDM
#TransitionalJustice
#TruthTelling
#နွေဦးတော်လှန်ရေး
#မြန်မာစစ်တပ်
#ကြည်းတပ်
#army
#Myanmar_army