သတင်း

ဖယ်ခုံမြို့နယ်ထဲက သာသနာ့ဘုန်းကြီးကျောင်းနှင့် ကျေးရွာနေအိမ်များ မီးရှို့ဖျက်စီးခံရ

ဓါတ်ပုံ – KNDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၁၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်ထဲက ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ် တို့ကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလဲက စစ်ကောင်စီတပ်ဟာ စစ်မျက်နှာ (၄) ခုဖွင့်ပြီး စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃) ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ (၁၁) ရက်နေ့၊ နေ့လည်(၁၁း၀၀) နာရီခန့်မှာတော့ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေတဲ့ နမ်းနှိမ် ကျေးရွာထဲ ဝင်ရောက်လာပြီး ဘုန်ကြီးကျောင်းနှင့် အရပ်သားနေအိမ်များကို စစ်ကောင်စီ တပ်မှ မီးတင်ရှို့ ဖျက်စီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
“စစ်ကောင်စီတွေက ပအို့ဝ်ရွာတွေကို ဝင်ပြီး အိမ်မီးရှို့တာတွေ၊ ဘုန်ကြီးကျောင်းမီးရှို့တာတွေ လုပ်တယ်လေ၊ စစ်ရှောင်တွေနေတဲ့ နန်းနှိမ့်ရွာကို စစ်ကောင်စီက မနက်ကတည်းကလက်နက်ကြီးတွေနဲ့ တောက်လျောက် ပစ်တာပေါ့‌၊ လေယာဉ်နဲ့လည်း လာပစ်တာပေါ့၊ နောက်ပြီး ဖယ်ခုံခေါင်အိဖက်မှာ တိုက်ပွဲပြင်းထန်တယ် စစ်ကောင်စီ ဖက်က ညနေ(၅)နာရီ လောက်မှာ လေယာဉ်(၂)စီးနဲ့ လာရောက် ပစ်ခတ်‌သွားပါတယ်” လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူ တဦးက ပြောပါတယ်။
အဲဒီလို ဗုဒ္ဓဘာသာ ဘု‌ရား ကျောင်းမီး ရှို့ဖျက်စီးတာ၊ အရပ်သားနေအိမ်တွေ မီးရှို့တာဟာ KNDF၊ PDF တို့ကြောင့် ဆိုပြီး စစ်ကောင်စီတွေက ပအို့ဝ်ပြည်သူတွေကို ဝါဒဖြန့် တာတွေတော့ ရှိလာနိုင်တယ်လို့ KNDF ဘက်က သုံးသပ်ပါတယ်။
အလားတူ အမှတ်၁၀၀၈ တပ်ရင်းရှမ်းတောင် (SSRY) ကလည်း စစ်ကောင်စီတပ်၏ သာသနာ ဖျက်စီးသည့် ယခုလုပ်ရပ်များဟာ လူမျိုးရေး သွေးကွဲစေတဲ့ လုပ်ရပ် ဖန်တီးနေတယ်လို့ သတိပေး ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့် စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်း လျက် ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိ စစ်ရေးတင်းမှာနေတဲ့ ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီ တပ်များကိုတော့ KNDF၊ KA၊ PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊ SSRY နှင့် အခြားမဟာမိတ် ပူးတပ် ပေါင်းများက ခုခံတိုက်ခိုက် နေတာပါ။
KNDF ၏ ထုတ်ပြန်ချက်အရ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်နေတဲ့ မြို့နယ်များနှင့် နီးစပ်တဲ့ နေရာဒေသများတွင် လုံခြုံရေး ဂရုပြုကြပါရန်နှင့် အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ဖို့လည်း သတိပေး ပြောဆိုထားပါတယ်။

Related Articles

Back to top button