သတင်း

ဒီးမောဆို အရှေ့နဲ့ အနောက်ဘက်ခြမ်းရွာမှာ လက်နက်ကြီးကျလို့ အရပ်သား ၂ ဦး ဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ 

ဓါတ်ပုံ – DMO-Local PDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၈၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ ယမန်နေ့ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဘောလခဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ လက် နက်ကြီး ကျရောက် ပေါက်ကွဲပြီး အရပ်သား ၁ ဦး ဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိပါတယ်။
အဆိုပါ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးဟာ ဆေးကုဖို့ ပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား နေအိမ် (၃) လုံးလည်း ထိခိုက် ပျက်စီးသွားပြီး အိမ်မွေး တိရိတ္ဆန်အချို့လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်‌ဘေးရှောင်ပြည်သူများ နေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ တပ်မှ ဖေဖော်ဝါရီ (၂၇)ရက်နေ့ ည (၇း၄၅)နာရီမှ ည(၈း၁၀)နာရီ အချိန်ခန့်က လက်နက်ကြီး(၆)ကြိမ် ရမ်းသမ်း ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင် မိသားစုဝင် တချို့ ထိခိုက် ဆုံးပါးခဲ့ရပါတယ်။
အဆိုပါ လက်နက်ကြီး ထိမှန်ပြီး စစ်ရှောင်မိသားစု၀င် အမျိုးသမီးတဦး နေရာမှာတင် ဆုံးပြီး ၎င်း ဆုံးပါးသူ၏ ခင်ပွန်းဖြစ်သူဟာ ဘယ်ဘက် လက်မောင်းကျိုး(ပြင်းထန်ဒဏ်ရာ) ရခဲ့တာပါ။ အလားတူ အသက်(၂၈)နှစ် အမျိုးသမီးတစ်ဦးဟာလည်း တင်ပါးဆုံ (ပြင်းထန်ဒဏ်ရာ) ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ထိမှန် ဆုံးပါးသွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးမှာတော့ အသက်(၂)နှစ်ခွဲအရွယ် သားတစ်ဦး ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button