တိုင်းရင်းသားများသတင်း

မွန်လူငယ်နေ့ အခမ်းအနား ဖြစ်မြောက်ဖို့အတွက် လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြဖို့ တောင်းဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၁
 
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်မယ့် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပမှာဖြစ်တဲ့အတွက် ရေးမြို့နယ်အတွင်းရှိ လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ်က တောင်းခံစာ ထုတ်ပြန်ပါတယ်။
 
မွန်လူငယ်ဆုံရပ်တာဝန်ရှိသူတွေနဲ့ ရေးမြို့နယ်အတွင်းရှိ လူငယ်အဖွဲ့အသီးသီးတို့ဟာ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ ကောင်းကောင်းမွန်မွန်ဖြစ်မြောက်ဖို့အတွက် ဝယ်ဇင်းအဝင်လမ်းကိုဖြစ်စေ၊ ရေးမြို့ ပေါ်နဲ့ ရေးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဖြစ်စေအဓိက ဝင်ထွက်သွားလာနေရတာလို့ ဆိုပါတယ်။
 
ဒါကြောင့် မွန်လူငယ်တို့ရဲ့ လုံခြုံရေးကိုရှေးရှုတဲ့အနေနဲ့ ရေးမြို့နယ်တစ်ဝိုက်မှာရှိနေတဲ့ လက်နက် ကိုင်အချင်းချင်း မပစ်ခတ်ကြဖို့နဲ့ မွန်လူငယ်ဆုံရပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တောင်းခံ စာထုတ်ပြန်ထားတာပါ။
 
၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ဟာ နိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာကျင်းပဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button