KNDF – ထုတ်ပြန်ချက်
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၄
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နေ လုပ်ငန်းရှင်တဦးထံက ငွေကျပ်သိန်းရာချီကို တော်လှန်ရေး အတွက်ဆိုကာ အမည်ဖော်ပြထားခြင်းမရှိတဲ့ လူတစု၊ အဖွဲ့အစည်းတခုက ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ ငွေပေးပို့ရန် ခြိမ်းခြောက်တောင်းခံမှု ဖြစ်ခဲ့တယ်လို့ KNDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီခြိမ်းခြောက်ငွေ တောင်းခံခဲ့တဲ့ အုပ်စုက ချိန်းဆိုတဲ့နေရာကို KNDF ဗဟိုအဆင့်ရှိ စုံစမ်းစစ်ဆေးရေး အဖွဲ့( ITF) အရာရှိ၊ နယ်မြေခံတပ်မှူးများက ဖမ်းဆီး စစ်ဆေးနိုင်ရန် စောင့်ကြည့်ခဲ့သော်လည်း ငွေကြေး တောင်းခံသူများက အလျင်အမြန် လှည့်ပြေးသွားခဲ့တာကြောင့် ဖမ်းဆီးနိုင်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ၎င်းတို့ မည်သူမည်ဝါ ဆိုတာကိုတော့ မျက်မြင်သက်သေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖြစ်ရပ်ဟာ ကရင်နီဒေသမှာ အတိုင်းအတာတခုထိ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့သလို ပြီးခဲ့တဲ့ လက လည်း လုပ်ငန်းရှင်တချို့ဆီက ငွေကြေးတောင်းခံမှုမျိုး ၅ ခုထက်မနည်း တိုင်တန်းမှု ရှိခဲ့တယ်လို့ KNDF နိုင်ငံရေးမှူး က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။
အလားတူ နောက်ထပ် ဒီလို ငွေကြေးတောင်းခံမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မျိုးကိုတော့ KNDF အနေဖြင့် တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ဒီဖြစ်ရပ်မျိုးမှာ ကျနော်တို့ KNDF တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု ရှိခဲ့မယ်ဆိုရင်တော့ KNDF ၏ စစ်ဘက် ဆိုင်ရာ အက်ဥပဒေ အရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သလို တခြားအဖွဲ့ အစည်းများ ဖြစ် ရင်တော့ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အတူ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို အများပြည်သူ သိရှိ အောင် ထုတ်ပြန်သွားမှာဖြစ်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုလည်း ခံရမှာ ဖြစ်တယ်လို့ KNDF နိုင်ငံရေးမှူး က ဆက်ပြောပါတယ်။
တော်လှန်ရေးအမည်ခံပြီး လုပ်ငန်းရှင်များ၊ အရပ်သားများကို ယခုလို ငွေကြေး ခြိမ်းခြောက်မှုများမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကလည်း ပါဝင်ပတ်သက်နေတာ တွေ့ရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ ရပ်တည်နိုင်ရေးအတွက်တခုတည်းနဲ့ အခုလို ခြိမ်းခြောက်ငွေတောင်းခံတာမျိုး မပြုလုပ်ဖို့ KNDF ဘက်က လိုလားနေတာပါ။
အလားတူ မိဘပြည်သူများအနေဖြင့်လည်း ယခု ဖြစ်ရပ်လို ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ထပ်မံ ကြုံတွေ့လာပါက KNDF ၏ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (ITF) သို့ တိုက်ရိုက်တိုင်ကြားနိုင်သလို၊ နီးစပ်ရာ KNDF တာဝန်ရှိ အဖွဲ့ဝင်များထံလည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိဘပြည်သူများအနေဖြင့် တော်လှန်ရေး အင်အားစုများကို ကူညီသောအခါမှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် တာဝန်ပေးအပ်ခံထားရသူ ဟုတ်မဟုတ် သေချာစီစစ်ပြီး သက်ဆိုင်ရာ အဖွဲ့ အစည်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာများမှ တဆင့် ဆက်သွယ် ကူညီလှူဒါန်းဖို့နဲ့ အဓမ္မခြိမ်းခြောက် သူများလည်း လှူဒါန်းခြင်းမျိုးမလုပ်ဖို့ တိုက်တွန်းထားပါတယ်။
KNDF အဆိုအရ ယခုထုတ်ပြန်ချက်ဟာ သာဓက တခုအဖြစ်သာ ဖော်ပြခြင်းဖြစ်ပြီး ယခင်ကလည်း ယင်းဖြစ်ရပ်မျိုး တိုင်ကြားမှုများ လက်ခံရရှိတာကြောင့် ယင်းသို့ ခြိမ်းခြောက် ငွေတောင်းဆိုသူများကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။