သတင်း

နေ့စဉ်သတင်းအကျဉ်း

ဖက်ဒရယ်ဂျာနယ်မြန်မာ (နိုဝင်ဘာ – ၉)

 

  • စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ နိုဝင်ဘာ (၁၀) ၂၀၂၂ ခုနှစ်အထိ အသက်သေဆုံးရသူ (၂၄၃၂)ဦးအထိရှိကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးရသူ (၁၆၁၃၆)ဦးအထိရှိခဲ့ပြီး (၁၂၉၂၅)ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေဆဲဖြစ်ကြောင်း AAPP က ထုတ်ပြန်ချက်အရသိရသည်။

 

  • ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သည့် လအိရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများနေထိုင်သည့် လအိရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါ အဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့ က ည ၉ နာရီက စကစက လက်နက်ကြီးနဲ့ ပစ်တာ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ လအိဆိုတာက စစ်ရှောင်တွေနေတဲ့ရွာပေါ့။ အကြောင့်မဲ့ ပစ်တာပေါ့။ ပထမ တစ်အိမ်ကတော့ လူမနေတဲ့အတွက် အိမ်ပဲ ပျက်စီးသွားတာပေါ့။ ဒုတိယ တစ်အိမ်က လူနေတော့ လူကြီး သုံးဦးရယ် ကလေး တစ် ဦးရယ် ထိခိုက် သွားတဲ့ အခြေအနေပါ။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရတဲ့ ၅၆ နှစ်အရွယ် ဦးလေးကတော့ ဗိုက်ပွင့်သွားတယ်လို့ ပြော တယ် စိုးရိမ်ရ တဲ့ အနေအထားမှာရှိနေတယ်”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောဆိုသည်။

 

  • ရက္ခိုင့်တပ်တော် (AA) တပ်စခန်းနေရာများကို စစ်ကောင် စီတပ်များက တစ်ပြိုင်နက် တိုက်ခိုက်သဖြင့် ရခိုင် ပြည်နယ် နှင့် ပလက်ဝဒေသတို့​​ရှိ နေရာငါးနေရာတွင် နှစ်ဘက်တိုက်ပွဲများဖြစ်ပွားကြောင်း AA ထုတ်ပြန်ချက် အရသိရသည်။ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုနှင့်အတူ AA တပ်စခန်းရှိရာနေရာများကို နိုဝင်ဘာ ၈ ရက်တွင် တစ်ပြိုင်တည်းထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် AA က သတင်းထုတ် ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဆယ်ဦးသေဆုံးကာ စစ်လက်နက် ခဲယမ်းပစ္စည်းများ အပါအဝင် လက်နက်အချို့သိမ်းဆည်းရရှိကြောင်းသိရသည်။

 

  • ပြည်သူများကို ဖမ်းဆီးလာသော သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ နှင့်အဖွဲ့ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ )က တိုက်ခိုက်ရာ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသော ပြည်သူများကို ကယ်ထုတ်နိုင်ကြောင်း၊  လက်နက်များ သိမ်းဆည်းရ မိကြောင်းသိရသည်။  ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများကို မတရားဖမ်းဆီးလာသော စစ်ကား ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တားဆီးပစ် ခတ်ခဲ့ကြောင်း၊  ထိုပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင်  စစ်သား ၃ သုံးဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက် သွားကြောင်း၊  ၎င်းကားပေါ်မှ လက်နက် ၃ လက်၊ ငွေသား ၂၃ သိန်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

 

  • ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ၊ (၂) နဲ့ (၃) တို့ပါ သဘောတူညီချက်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိ မရှိ လေ့လာစိစစ်ချက်တွေကို နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ နိုဝင်ဘာ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။ တွေ့ဆုံရာမှာတော့ ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိ နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား ၂၊ တိုင်းဒေသကြီး ဒါမှ မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

 

  • ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးက ကျေးရွာများကို လေကြောင်း ကနေ ပစ်ခတ်နေ၍ အိုင်ဒင်ရွာမှ ဆယ်တန်း ကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွား ကြောင်းဒေသခံများကပြောသည်။ ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာအိုင်ဒင်ကျေးရွာမှ ဦးမောင်စောသိန်း ၏ သား ဆယ်တန်းကျောင်းသား မောင်စိုးဝင်းဦး (၁၅ နှစ်)နှင့် အသက် ၆၀ ကျော် အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာ ကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရပြီးနောက် ကျေးရွာများအနီး ဝန်းကျင်ကို စစ်ကောင်စီက စစ်ရဟတ်ယာဉ် အသုံးပြုကာ လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

 

  • မွန်ပြည်နယ်၊သထုံခရိုင်၊ဇင်းကျိုက်မြို့နယ်၊ကွမ်း သီးခြံ ရပ်ကွက် ဘုံကျောင်းလမ်းမှာ ဒီကနေ့မနက်အစောပိုင်း သုံးနာရီဝန်းကျင်ကမီးလောင်မှုဖြစ်ပြီး လူလေးဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့တဲ့ ဂရုဏာ ရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ခုနစ်လုံး ဆုံးရှုံးခဲ့ပြီး မီးငြိမ်းချိန် ရှင်းလင်းရေး လုပ်ချိန်မှာ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ရတာ ဖြစ်တယ် လို့ သူကပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို မီးသတ်ကား ခုနစ်စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ငါးနာရီ ဝန်းကျင်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်တဲ့ အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

 

  • မကွေးတိုင်းရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်းမြောင်မြို့နယ် အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နို၀င်ဘာ ၇ ရက်နေ့ကတည်းက ဒီကနေ့အထိ စစ်ကြောင်းထိုး၀င်ရောက်လာတဲ့နောက် အဲဒီအနီးတဝိုက် ကျေးရွာတွေ မီးရှို့ခံနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။ နို၀င်ဘာ ၇ ရက်ကနေ ဒီကနေ့ နို၀င်ဘာ ၁၀ ရက်နေ့အထိ ဆက်တိုက် မီးရှို့နေတာကြောင့် ‌ရေစကြိုမြို့နယ်ထဲက မာလကာရွာ၊ ‌ဆင်ခြေရွာ၊ မြောင်မြို့နယ်ထဲက နနွင်းကိုင်းရွာ၊ ဆူးလေကုန်းရွာ၊ မြစ်သာရွာ တွေမှာ နေအိမ် ပျက်စီးတာတွေ ဖြစ်ခဲ့ပြီး ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

 

  • ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက်(၈)နေ ဦးလှတင်နဲ့ ဒေါ်ခင်အေး ရဲ့ သားဖြစ်သူ စိုင်းလှသိန်း (၃၅ နှစ်)ဟာ နိုဝင်ဘာ ၅ ရက် မနက် ၁ဝ နာရီမှာ လားရှိုးမြို့သို့ ပန်းရံ အလုပ်လုပ်ဖို့ ဆိုင်ကယ် (Canda)နဲ့ ထွက်သွားရာကနေ အဆက်အသွယ် ပြတ်တောက်သွားတာ ၅ ရက်ရှိပြီလို့ မိသားစုဝင်ဆီကတဆင့် သိရပါတယ်။ စိုင်းလှသိန်းရဲ့ ညီဖြစ်သူက “အစ်ကိုက နမ္မတူနဲ့ လားရှိုးကြားမှာပဲ ပျောက်မယ်။ ဖုန်းလည်း ဆက်လို့မရ ပိတ်ထားတယ်။ အရင် ကဆို လားရှိုး ရောက်တာနဲ့ အိမ်မှာ ဖုန်းပြောခဲ့တယ်။ အခုဆိုရင် အချိန်ငါးရက်ဆိုတော့ အစ်ကိုဘာဖြစ်သွား ပြီလဲတောင်မသိဘူး။ ကျနော်တို့လည်း စုံစမ်းကြည့်ပြီ။ လားရှိုး လမ်းတကြောမှာ မတွေ့ဘူးပေါ့နော်။ အရမ်း လည်း စိတ်ပူမိတယ်” လို့ ပြောပါတယ်။ စိုင်းလှသိန်းကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-429 634 836 သို့ ဆက်သွယ်ပေးကြဖို့ မိသားစုဝင်ဘက်က တောင်းဆို ထားပါတယ်။

 

  • ဒီကနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) မှာ ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းရှိ ကလေးငယ်တွေအတွက် အားကစားပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ ကန်ခုနစ်ဆင့် ခုနစ်စင်ကြယ်လူငယ်များအဖွဲ့ နဲ့ ကျောင်း ဆရာ၊ ဆရာမတွေပူးပေါင်း ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အားကစားပိုင်းမှာ ထူးချွန်တဲ့ ကျောင်းသား/သူ တွေအတွက် ရည်ရွယ်ပြုလုပ်ပေး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အာလူးကောက်ပြိုင်ပွဲ ၊ မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ အစရှိတဲ့ အားကစားနည်း အပြင် တခြားအားကစားနည်းတွေနဲ့ ထည့်သွင်း ယှဥ်ပြိုင်  ကစားပေးခဲ့ကြပါတယ်။

 

  • လောင်းလုံးမြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

  • အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “နိုင်ပါ့မလား? နိုင်ပြီးသားလေ ဒါဆိုဘာလို့တိုက်နေတာလဲ? မတိုက်ပါဘူး ငါတို့မောင်းထုတ်တာ။ (အကြည်တော်)” စာတန်းကိုင်ဆောင်ကာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် “ရေသာမခိုနဲ့ ကျွန်စိတ် မမွေးကြနဲ့ ရန်သူက ရန်သူစစ်လေလေ မိတ်ဆွေက မိတ်ဆွေစစ်ဖို့ လိုလေလေ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီများနှင့်အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် “ထကြွတော်လှန် ကျောင်းသား ထုအားမာန် ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် “ဦးအောင်ဆန်း သမီးနေကောင်းကျန်းမာပါစေ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက်စစ်ကောင်စီ ဖြုတ်ချ ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသတွင် ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ PDF ရဲဘော် ၂ ဦး ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှား မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အားမာန်သစ် လူထု သပိတ်‌စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်ယား ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖွင့်/ပိတ်ချိန်တွေကို ပြောင်းလဲ သတ်မှတ် လိုက်တာကြောင့် ခရီးသွားပြည်တွေနဲ့ ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတဲ့အပြင် ကုန်တင်ကား အများ အပြား ပိတ်မိနေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ကားသေးတွေကို ဖြတ်သန်းခွင့် ပြုထားပေမယ့် ကုန်တင်ကားကြီးတွေကိုတော့  တားထားဆဲဖြစ် တဲ့အတွက် ကုန်တင်ကား အစီးရေ တစ်ရာနီးပါး ပိတ်မိနေ တယ်လို့ ဖားကန့်ကနေ မြစ်ကြီးနားကို ပြန်လာတဲ့ ကားသမား တစ်ဦးကပြောပါတယ်။ ” နန့်ယားဂိတ်က မပိတ် ပါဘူး။ ကားကြီးကတော့ မဖြတ်ဘူး။ ကျွန်တော်တို့ လိုင်းကားတွေကိုတော့ ဖြတ်ခိုင်း ပါတယ်။ ဆီတင်တဲ့ ကား တွေတော့ ပိတ်မိနေတုန်းပဲ တစ်ရာကျော်လောက်တော့ရှိတယ်။ ကားကြီး ၁၂ ဘီးကားတွေလေ။ ဆီတင် ကား လို့တော့ထင်တာပဲ မိုးကာအုပ်ထားတော့ မသိဘူး ” လို့ အထက်ပါ ကားဆရာက ပြောပါတယ်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံဟော်နန်း ဖြိုချဖျက်ဆီးခံရခြင်း (၃၁)နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ သွေးစွန်း ငွေနဲ့ စစ်ကောင်စီ တည်ဆောက်မယ့် ဟော်နန်းသစ်ကို သပိတ်မှောက်ကြဖို့ သျှမ်းကျောင်သားများ သမဂ္ဂ (Tai Students’ Union) က တိုက်တွန်း နှိုးဆော်ပါတယ်။ ရှမ်းပြည်သူတို့ရဲ့ သမိုင်းအမွေအနှစ် တစ်ခုဖြစ်တဲ့ ကျိုင်းတုံ ဟော်နန်းကြီးကို လူမျိုးကြီးဝါဒနဲ့ အာဏာရူး တစ်စုက ဖြိုချဖျက်ဆီးခဲ့ပြီး မနေ့ နိုဝင်ဘာ ၉ ရက်နေ့က ဟော်နန်း ဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ TSU က ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်တွေဟာ သမိုင်းဖျောက်ဖျက်ဖို့ ကျိုင်းတုံဟော်နန်းအသစ်ကို မူလနေရာမှာတည်ဆောက် နေတာ မဟုတ်ဘဲ နေရာသစ်မှာ တည်ဆေက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

  • ကချင်ပြည်နယ် မိုးညှင်းမြို့က KIO ဆက်ဆံရေးရုံး ဒီနေ့ ၁၂ နာရီခွဲလောက်မှာ မီးလောင်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ရှို့မီးကြောင့် လောင်တယ်လို့ကြားသိရပေမဲ့ အတိအကျတော့ မသိရကြောင်း ဒေသခံ တစ်ဦးကပြောပါတယ်။ မီးမလောင်းခင် ပေါက်ကွဲသံအရင်ကြားရတယ်လို့လည်း နောက်ဒေသခံတစ်ဦးက ပြော ပါတယ်။ ၎င်းမီး‌လောင်းသွားတဲ့ရုံးဟာ အပစ်အခတ်ရပ်စဲရေးကာလက ကေအိုင်အိုကအစိုးရနဲ့ ဆက်ဆံရေး ရုံးအဖြစ် အသုံးပြုခဲ့တဲ့ ရုံးဖြစ်ပါတယ်။

 

  • ရခိုင်တွင် ၂၀၂၁၊ ၂၀၂၂ ခုနှစ် မိုးစပါးအထွက်နှုန်းများမှာ ၁၀ စုနှစ်အတွင်း ၁ ဧကကို တင်း ၂၀ ခန့် ကျဆင်းသွား ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ စာရင်းကောက်ယူထားချက်များ အရသိရသည်။ လယ်ယာ လုပ်ကိုင်သူများမှာ နိုင်ငံရေးအခြေနေများကြား သွင်းအားစုများ စျေးကြီးခြင်း၊ ရာသီဥတု ဖောက်ပြန် ခြင်းတို့ကြောင့် ပုံမှန်ထက် စပါးအထွက်နှုန်း လျော့ကျမှုနှင့် ကြုံလျက်ရှိကြခြင်းဖြစ်သည်။ ထိုသို့သော အခြေ နေမျိုးတွင် ဆယ်စုနှစ်အတွင်း စာရင်းကောက်ယူထားချက်များ အရ ပြီးခဲ့သည့်နှစ်နှင့် ယခု နှစ်တို့တွင် ၁ ဧက ကို စပါးတင်း ၄၀ နှင့် ၄၅ တင်းကြားသာထွက်ရှိသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ အသင်းမှ ဥက္ကဋ္ဌ ဦးကျော်ဇံမှ ပြောသည်။ “ရခိုင်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အထက်ပိုင်းတွေက စပါးအထွက် နှုန်းများတယ်။ ဒီနှစ်တွေအတွင်းမှာတော့ ၁ ဧကကို တင်း ၄၀-၄၅ ကြားလောက်ပဲထွက်တယ်။ ၁၀ စုနှစ်တစ်ခု အတွင်းနဲ့ ယှဥ်ရင် ဒီ ၂ နှစ်တာအတွင်းမှာ ၁ ဧကကို စပါးတင်း ၂၀ လောက် အထွက်နှုန်းကျသွားတယ်” ဟု ပြောသည်။ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်မာနေသည့် လက်ရှိအနေအထား တွင်လည်း ရခိုင်မှ စပါးစိုက်တောင်သူများမှာ စပါးရိတ်သိမ်းချိန်တွင် စပါးများရိတ်သိမ်းနိုင်မှုမရှိသည့် အခြေနေမျိုးတွင် လည်း ရှိနေကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွာထဲဝင်လာ၍ ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦး ပစ်သတ်ခံရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့နယ် သက်ရှည်ကန်ရွာကို ဝင်ရောက် စီးနင်းခဲ့စဥ် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန် ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ် က ပစ်သတ်ခဲ့ကြောင်းသိရသည်။ အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သည့် PDF ၂ ဦးမှာ ရဲဘော် ဗိုလ်မီးတောက် နှင့် ရဲဘော် မျိုးသူဝင်း တို့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းမှ ရုပ်အလောင်းများ ပြန်လည် ရယူနိုင်ခဲ့ကြောင်း သိရသည်။

 

  • ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီ တပ်သားများက ယနေ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ကျေးရွာအတွင်းမှ နေအိမ်များကိုမီးရှို့လျက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်း မြစ်များ ကပြောသည်။ မီးစတင်ရှို့နေသည့်အချိန်မှာ ညနေ ၄ နာရီဝန်းကျင်ခန့်ဖြစ်ပြီး လက်ရှိနေအိမ် ၄ လုံးခန့်မီးရှို့ထား ပြီဖြစ်သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။ “မီးရှို့တာ ၁ နာရီအကြာလောက် ရှိပြီ။ နေအိမ်လုံးကျ တစ်ပြိုင်တည်း မီးရှို့နေတာ။ နေအိမ် ၄ လုံးလောက် မီးရှို့ပြီးနေပြီ။ ရွာသားတွေလည်း ရွာကထွက်ဖို့အဆင်မပြေတော့ ဘုန်းကြီးကျောင်းထဲမှာစုနေကြပါတယ်” ဟုပြောသည်။

 

  • စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း လျှပ်စစ်ဝန်ထမ်းများက မီတာမဆောင်သော ရပ်ကွက်များကို လက်နက် များကိုင်ဆောင်ကာ မီးလိုက်ဖြတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလအတွင်းက ကသာမြို့နယ်ရှိ ရပ်ကွက် (၈)မီးဖြတ်ခံခဲ့ရပြီး နိုဝင်ဘာ ၁၀ ရက်တွင် ရပ်ကွက် (၁) ကိုမီးဖြတ်သွားခဲ့ကြောင်း ကသာမြို့ခံတစ်ဦးကဆိုသည်။ ယင်းသို့မီးဖြတ်ရာတွင် လက်နက်ကိုင်ထားသော လျှပ်စစ်ဝန်ထမ်း ၈ ဦးခန့် နှင့် ရဲနှင့် စစ်သား လေးဦးခန့်လိုက်ပါကာ မီးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။ “ဒေသခံတွေကသူတို့ကိုမလိုလား တာလည်းပါတယ်။ မီတာဆောင်ဖို့ မပြေလည်ကြတာလည်းပါတယ်။ ကိုဗစ်ကတည်းက မဆောင်နိုင်ကြတာ ဆိုတော့ တချို့အိမ်တွေဆို  ၇ သိန်း ၈ သိန်းလောက်ကျနေတယ် ” ဟု ကသာမြို့ခံတစ်ဦးကပြောသည် ။

 

 

Related Articles

Back to top button