တိုင်းရင်းသားများသတင်း

ဖယ်ခုံမြို့ထဲက ကျေးရွာများသို့ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံများ ပြင်းထန်စွာ ထိခိုက်မှုဖြစ်

ဓါတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ဖယ်ခုံမြို့နယ် (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၀

ကရင်နီပြည်၊ ဖယ်ခုံ မြို့နယ်ထဲက ကျေးရွာများထဲကို နိုဝင်ဘာ ၉ ရက်၊ မနေ့ညပိုင်း ၉ နာရီခွဲ ခန့်မှာ တိုက်ပွဲ မရှိဘဲ စစ်ကောင်စီ ဖယ်ခုံတပ်ရင်းက လက်နက်ကြီး ရမ်းသမ်း ပစ်ခိုက်လိုက်လို့ ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အဲဒီ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ လအိကျေးရွာ(၃)လုံး၊ လတိန်ကျေးရွာ(၂)လုံးနှင့် စက်တော်ခေါင်အိ ကျေးရွာ(၄)လုံး ကျရောက်ပေါက်ကွဲ ခဲ့တာလို့ ဒေသခံ တဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

“ဟုတ်ပါတယ်၊ တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လာတဲ့ အနေအထားမျိုးပါ၊ စစ်ကောင်စီ ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးတွေက လအိကျေးရွာ(၃)လုံး၊ လတိန် ကျေးရွာ (၂)လုံး နဲ့ စက်တော်ခေါင်အိ ကျေးရွာမှာ(၄)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်၊ တချို့ ပြင်းထန်ဒဏ်ရာ ရသွားတဲ့ ရွာသားတွေကို ဆေးကုသဖို့ ဆေးရုံကို ပြေးခဲ့ရပါတယ်” လို့ သူက ပြောပြတာပါ။

လက်နက်ကြီး ကျရောက်ခဲ့တဲ့ လအိ ကျေးရွာထဲက ထိခိုက် ဒဏ်ရာရရှိခဲ့သူများကတော့ ဒေါ်မူထန့် အသက် (၈၁) နှစ်၊ ဒေါ်မူမားသ အသက် (၄၄) နှစ်၊ ဉီးကိုင် အသက် (၅၆) နှစ် ( စိုးရိမ်ရ )နှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ညာဖက်လက်မှာ ထိခိုက်ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ဖယ်ခုံမြို့နယ် ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ကြီးထိမှန်ပေါက်ကွဲပြီး အရပ်သားနေအိမ်တချို့လဲ ပျက်စီးခဲ့သလို အိမ်မွေး ကြက်နဲ့ ဝက် တို့ကလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျလို့ ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ တခြားကျေးရွာတွေက အခြေအနေတွေကိုလည်း ဆက်လက် စုံစမ်းမေးမြန်းလျက် ရှိပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလာတဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေဟာ စစ်ဘေး တမ်းရှောင် အရပ်သားပြည်သူ များစွာ နေထိုင်ကြတာလို့လည်း သိရပါတယ်။

အခုလို တိုက်ပွဲမရှိဘဲ စစ်ဘေးရှောင်တွေအများစု ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ကိုင်သွယ်နိုင်ဖို့ လက်နက်အားကိုးနဲ့ ဖန်တီးနေတာ ဖြစ်တယ်လို့ ဖယ်ခုံဇုံထဲက ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ တာဝန်ရှိ တဦးက ပြောပါတယ်။

Related Articles

Back to top button