တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မန်တုံမှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်၊ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေလည်းဖြစ်တဲ့ မန်တုံမြို့ အနီးမှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်မ (၉၉) တပ်ဖွဲ့တို့ကြား ဒီကနေ့ အောက်တိုဘာ (၁၇)ရက်နေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကချင်သတင်းဌာန တွေက လာတဲ့ သတင်း အရင်း အမြစ်အရ သိရပါတယ်။

အင်အား (၂၀၀)ဝန်းကျင်ခန့်ရှိတဲ့ တပ်မ(၉၉) တပ်ဖွဲ့ဝင်တို့ဟာ ဒီကနေ့ မနက်ပိုင်း ၉ နာရီမှ ၁၀ နာရီခန့်ထိ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားတဲ့ နယ်မြေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပထမကြိမ် ပြန်လည်ပြင်းထန်ခဲ့တာပါ။

စစ်ကောင်စီ တပ်မ(၉၉) တပ်ဖွဲ့ဝင်တို့ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးတာကြောင့် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ခွဲ ခန့်မှာတော့ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ နေရာယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တန်ပြန်သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဒုတိယအကြိမ် ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက်ထိခိုက် သေဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။

အလားတူ စစ်ကိုင်း ကချင်နယ်စပ် ထီးချိုင့်မှာလည်း ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်း (၆)နာရီခန့်မှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်မှာလည်း မန်တုံမြို့နယ်၊ မန်ကန်ကျေးရွာ အနီးမှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးထက်မနည်း သေဆုံးမှုရှိပြီး KIA တပ်ဖွဲ့ဝင် တဦး ကျဆုံးမှုရှိခဲ့တာပါ။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မန်တုံ ခလရ (၁၃၀) တပ်ဖွဲ့နှင့် မန်တုံ စစ်ကောင်စီ ရဲစခန်းတို့ကိုတော့ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက် ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ တပ်စခန်းတိုက်ခိုက်ခံရတာကြောင့် အနီးနားကျေးရွာထဲကို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

Related Articles

Back to top button