ဓါတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ဘုရားဖူးပြည်သူတွေ ထိခိုက်သေ ဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး ပူးပေါင်းအင်အားစုတွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
တိုက်ခိုက်မှုအတွင်း ကင်မွန်းချောင်းရဲစခန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် လက်နက်ကြီးကျည်တွေဟာ ကင်မွန်းချောင်းကျေးရွာ ကျောင်းစုပိုင်း ဒေါ်လှရွှေရဲ့ အိမ်ခေါင်မိုးပေါ် တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့သလို ဦးသန်းအေးရဲ့ သား ငပု (ခေါ်) စောနန်းဝင်း ညာဖက်လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောင်အောင်အလှပြင်ဆိုင်ရှေ့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၀)ဝန်းကျင် ဒေါ်ဂျမ်းပုံရဲ့ နောက်ကျောနဲ့ သမီးဖြစ်သူ(၅)နှစ်အရွယ် မဝက်မလေးရဲ့ ညာဖက် လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ဇာသပြင်မှ ဖားအံသို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းမှ အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တာကြောင့် ဖားအံ-ဇာသပြင် လမ်းမကြီး အနီးအနားရွာ လူကြီး(၂)ဦး၊ ကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။