- သတင်းဆောင်းပါး
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ အင်အားအတောင့်အတင်းဆုံးနှင့် အရည်အချင်းအပြည့်မှီဆုံးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး တနိုင်ငံလုံးပါဝင်ဖွဲ့စည်းမည့်ဖက်ဒရယ်တပ်မတော်မှာ ပါဝင်ပူးပေါင်းတော်လှန်ဖို့အတွက် လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ခိုင်မာတဲ့ ယုံကြည်မှုကို မတည်ဆောက်ခဲ့တာကြောင့် နွေဦးတော်လှန်ရေးမှာ လက်တွဲ တွန်းလှန်နေတာကို မတွေ့မြင်ရသေးပါဘူး။
ရှမ်းပြည်နယ်ဟာ ပထဝီအနေအထားအရ မြန်မာနိုင်ငံမှာ အကြီးဆုံးပြည်နယ်တစ်ခု ဖြစ်သလို ပြန့်ဖြူးကျယ်ပြန့်တဲ့ တောင်တန်းတွေ၊ ထုံးကျောက်လိုဏ်ဂူတွေနဲ့ ပြည့်နှက်နေသလို လူမျိုးစု၊ မျိုးနွယ်စုတွေ အလွန်တရာများပြားတာကြောင့် အဆုံးမသတ်နိုင်တဲ့ လူမျိုးရေးပြဿနာနှင့် နယ်မြေအငြင်းပွားမှုများလည်း ယနေ့တိုင် တည်ရှိနေဆဲပင်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာကြောင့် တိုင်းပြည်အနှံ့အပြားမှာ စစ်ကောင်စီကို ဖြုတ်ချဖို့ ဘက်ပေါင်းစုံ ကြိုးစားမှုများဟာ အရှိန်အဟုန်မြှင့်တက်လျက်ရှိပါတယ်။ ပြည်တွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့ လည်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် တပ်ပေါင်းစုများ ဖြစ်လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအရေအတွက်တဝက်ကျော်ဟာ ရှမ်းပြည်နယ်မှာ အခြေစိုက်လျက်ရှိပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သော လက်နက်ကိုင်တော်လှန်ရေးလက်သစ်တွေ (PDF, LDF) အတွက် လိုအပ်တဲ့ အင်အားကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံကူညီမှုတွေကို မဖြစ်မနေ ရရှိဖို့ လိုအပ်ပါတယ်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှာ ကို ဖွဲ့စည်းခဲ့ပေမဲ့ ယခုအချိန်အထိ ထိုအစိုးရအဖွဲ့မှာ ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားတစ်ဦးသာ ပါဝင်ပါတယ်။ ရှမ်းပြည်အတွင်း နိုင်ငံရေး၊ စစ်ရေးမှာ ဩဇာကြီးမားသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအများစုသည် အရပ်ဘက်အုပ်ချုပ်ရေးကို အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး NUGအစိုးရ၏ ဖက်ဒရယ်တပ်မတော်တွင် ပူးပေါင်းလိုသော ဆန္ဒ မရှိသေးပါ။
သျှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းဆမ်က “ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဖို့အတွက်သာ သူတို့က ကျွန်တော်တို့ကို အသုံးချချင်တာ၊ ကျွန်တော်တို့ လိုလားတဲ့ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အာမခံတာမျိုး ဘာမှမရှိသေးဘူး။ ကျွန်တော်တို့ စိုးရိမ်တာကလည်း အဲဒါပဲ” ဟုပြောြကားခဲ့ပါတယ်။ သျှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA-S) သည် ရှမ်းပြည်နယ်၏ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး NUG နှင့် မပူးပေါင်းခြင်းမရှိသေးပေ။
ရှမ်းပြည်အခြေစိုက် EAOs များနှင့် နိုင်ငံရေးပါတီများအကြား ပါဝင်ပတ်သက်မှု မရှိခြင်းသည် ဖယ်ကျဉ်ခံထားရခြင်းကြောင့် မဟုတ်ပါ။ NUG အစိုးရ စတင်ဖွဲ့စည်းကတည်းက ရှမ်းပြည်အခြေစိုက် EAOs များကို ချဥ်းကပ်ခဲ့သည်ဟု သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သမိုင်းတလျှောက် နိုင်ငံရေးကတိကဝတ်မတည်ခဲ့တာတွေကြောင့် လက်ရှိ NUG အစိုးရကို ယုံကြည်လက်ခံဖို့ရာ ခဲယင်းနေဆဲပင် ဖြစ်ပါတယ်။
NUG အစိုးရ ဖွဲ့စည်းပြီးစကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အား NUG နှင့် လက်တွဲပြီး ဖက်ဒရယ်တပ်မတော်တွင် ပူးပေါင်းပေးဖို့ NUG အစိုးရဘက်က မေတ္တာရပ်ခံစာများပေးပို့ခဲ့ပေမဲ့ TNLA အနေနဲ့ တရားဝင် ထုတ်ပြန်ချက် တစ်စုံတရာ တုံံပြန်ခဲ့ခြင်း မရှိဘူး ဟု TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် တားမိုင်းကျော်က ပြောပါ တယ်။
“လက်ရှိအချိန်ထိတော့ စာရွက်ပေါ်မှာ ရေးထားတဲ့ NUG ရဲ့ မူဝါဒတွေက တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ထုတ်ပြန်ကြေညာထားတဲ့ ကတိတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အာမခံနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်” လို့ TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် တားမိုင်းကျော်က ပြောပါ တယ်။
အလားတူ SSA-S ကလည်း မှတ်ချက် ပြုခဲ့ပါတယ်။
“ဖက်ဒရယ်စနစ်ရဲ့ သဘောတရားမှာ အဖွဲ့ဝင်အားလုံးက ဖက်ဒရယ်ပြည်နယ်ရဲ့ ပိုင်ရှင်တွေ ဖြစ်တယ်။ ဒါကြောင့်လည်း NUG နဲ့ ပူးပေါင်းနေစရာ မလိုဘူး။ သူတို့ အောက်မှာ ရှိနေစရာ မလိုဘူး” ဟု SSA-S ပြောရေးဆိုခွင့်ရှိသူက ပြောြကားခဲ့ပါတယ်။
TNLA နှင့် SSA-S တို့တွင် စစ်အင်အား နှစ်သောင်းနီးပါး ရှိပြီး အနာဂတ်ဖက်ဒရယ် တပ်မတော်အတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်သည်။ သို့သော် ၎င်းတို့၏ အခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲများ ဝင်ခဲ့ပြီးနောက် အုပ်စုနှစ်ခုကြား သံသယရှိနေဆဲပင်။
“၂၀၁၅ မှာ NLD ကို ကမ်းလှမ်းခဲ့ဖူးတယ်။ အဲဒါနောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရေးအကြောင်းပြောဖို့ သူတို့ဘက်က နေရာမပေးခဲ့ဘူး။ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခွင့်အရေး မရခဲ့ဘူး။ အဲကြောင့် ကျွန်တော်တို့အနေနဲ့က NUG ကိုလည်း စောင့်ကြည့်ရလိမ့်မယ်” ဟု မိုင်းဝင်းထူးက ပြောြကားခဲ့ပါတယ်။
မိုင်းဝင်းထူးသည် အမျိုးသားညီညွတ်ရေးအစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် ဆောင်ရွက်နေသော တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပြီး တအာင်းလူမျိုးစုဝင် တစ်ဦး ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု မှန်သမျှ အတွင်းကနေ စတင်ဆောင်ရွက်ရမယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။
“ကျွန်တော်က မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ် တစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေ ပြောင်းလဲဖို့နဲ့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားဖို့ ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်” ဟု The Globe သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပင် မိုင်းဝင်းထူးက “မြန်မာနိုင်ငံအခြေအနေ ပြောင်းလဲဖို့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ NUG အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် NUG အစိုးရရဲ့ ကတိတည်ရမယ်” လို့ ပြောြကားခဲ့ပါတယ်။
“မိုင်းဝင်းထူးအနေနဲ့ TNLA အတွက် NUG အစိုးရ နဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မလဲ၊ လူထုဆန္ဒကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု မိုင်းကျော်က ပြောြကားခဲ့ပါတယ်။
“ ဝ ” ပြည်နယ်ကတော့ ယဥ်ကျေးမှုအရကော နယ်မြေပိုင်းခြားမှုအရပါ သီးသန့်ဆန်တဲ့ ဒေသဖြစ်ပါတယ်။ “ ဝ ” အနေနဲ့ တခြားဒေသရဲ့ နိုင်ငံရေးနှင့် စစ်ပွဲတွေကို အလေးထားသူ မဟုတ်ဘဲ မိမိလူမျိုး၊ မိမိနယ်မြေကို ကာကွယ်ရန်သာ အရေးကြီးတယ်လို့ ခံယူထားတာ ဖြစ်ပါတယ်။ TNLA ၊ SSA-S ကဲ့သို့သော ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် EAOs များက အနေအထားကို ပြောင်းလဲရန် တွန်းအားကို ထောက်ခံကြသော်လည်း တချို့အုပ်စုများကတော့ လက်ရှိအခြေအနေအတိုင်း ထိန်းသိမ်းထားချင်ကြပါတယ်။
“ဝ” ပြည်နယ်သည် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိတဲ့ ပြည်နယ် ဖြစ်ပါတယ်။ EAOs တွင် ဝသည် အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ခန့်မှန်းခြေ စစ်သည်အင်အား ၂၅၀၀၀ ခန့် ရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားသော “ဝ” ပြည်နယ်သည် ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်စစ်တပ်နှင့် သီးခြားနေထိုင်သော ပြည်နယ် ဖြစ်ပါတယ်။ အမည်မဖော်လိုသော UWSA မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ အပြောအရ “ဝ” သည် ၎င်း၏ ကိုယ်ပိုင်လွတ်လပ်သော အခြေအနေများကို ထိခိုက်စေမည့် မည်သည့်ထောက်ပံ့မှုမျိုးကိုမှ ပြုလုပ်မည် မဟုတ် လို့ သိရပါတယ်။
ထိုပုဂ္ဂိုလ်ကပင် The Globe သတင်းစာကို ‘ဝ’ ပြည်နယ်က ယဥ်ကျေးမှုအရရော နယ်မြေပိုင်းခြားမှုအရပါ သီးသန့် ဆန်တယ်။ ‘ဝ’ တွေအတွက် တခြားသူတွေရဲ့ နိုင်ငံရေးနဲ့ စစ်ပွဲတွေက အရေးမကြီးဘူး။ ကိုယ့်လူမျိုး ၊ ကိုယ့်နယ်မြေကို ကာကွယ်ဖို့သာ အရေးကြီးတယ်” ဟုပြောကြားခဲ့ပါတယ်။ UWSA အနေဖြင့် ၎င်းတို့၏ လူအင်အား၊ လက်နက်အင်အားများကို NUG အစိုးရရဲ့ ဖက်ဒရယ်တပ်မတော်အတွက် တိုက်ရိုက် ထောက်ပံ့ရန် မဖြစ်နိုင်ပေ။ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလူမျိုးစုနယ်မြေများတွင် အကြမ်းဖက်မှုများ ရှိခဲ့သည့်တိုင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘဲ ၎င်းတို့၏ သစ္စာရှိမှုကိုသာ ဆက်ပြီး ပြသခဲ့ပါတယ်။ တိုင်းပြည်တွင်း မငြိမ်သက်မှုများ တိုးလာချိန်မှာတော့ မိမိပြည်နယ်ကို ပိုမိုကာကွယ်ရန်အတွက်သာ အားထုတ်ကြိုးစားခဲ့ကြပါတယ်။
“မတ်လအကုန်ပိုင်းလောက်က အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့ စာတစ်စောင် NUG က UWSA ကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို NUGအစိုးရက လေးစားတာ မဟုတ်ဘူး။ ဒါကြောင့်လည်း တစ်စုံတရာ ကွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျွန်တော်တို့ UWSA အနေနဲ့ကလည်း ဖက်ဒရယ်တပ်မတော်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ယူဆရတယ်” ဟု အမည်မဖော်လိုသော UWSA မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ပြောဦကားခဲ့ပါတယ်။
ဒါပေမဲ့ NUG အပေါ် မတုံ့ပြန်တာဟာ စစ်တပ်ကို ထောက်ခံသည်ဟု ဆိုလိုတာတော့ မဟုတ်ပါဘူး။ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။ “မြန်မာစစ်တပ်က ပန်ဆမ်းအထိ လာပြီး NUG နဲ့ ပူးပေါင်းတာမျိုး မလုပ်ဖို့ လာပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပေါင်းမယ်၊ မပေါင်းဘူး ဆိုတာ မပြောခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်က ကျွန်တော်တို့ရဲ့ မဟာမိတ် မဟုတ်ဘူး။ မေးထူးခေါ်ပြောသဘောလောက်ဘဲရှိတယ်” လို့ ပြောြကားခဲ့ပါတယ်။
ဒါပေမဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာပါက UWSA အပေါ် စစ်ရေးဖိအား တိုးလာနိုင်ပါတယ်။ တိုင်းပြည်၏ အင်အားအတောင့်တင်းဆုံး EAO ဖြစ်တဲ့ UWSA ဟာ ကိုယ်ပိုင် တီထွင်ထားသော လက်နက်များကို ရောင်းချခြင်း၊ တရုတ်နှင့် နီးစပ်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် ဖက်ဒရယ်တပ်မတော်လက်နက်တပ်ဆင်ဖို့အတွက် အရေးပါတဲ့ အနေအထားမှာ ရှိပါတယ်။မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်း များအတွက် လက်နက် အဓိက ထုတ်လုပ်သူ အရင်းအမြစ်မှာ တရုတ်နည်းတူ UWSA လည်း ပါဝင်ပြီး ကိုယ်ပိုင်စက်ရုံများ ရှိပါတယ်။
တရုတ်လုံခြုံရေးတပ်ဖွဲ့များနှင့် ရင်းနှီးတဲ့ဆက်နွှယ်မှုများရှိတယ်လို့ သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ UWSA က တရုတ်အပေါ် မှီခိုနေရသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားပြီး စီးပွားရေးအရရော စစ်ရေးအရပါ မိမိကိုယ်ကိုသာ အားကိုသည်ဟု ဆိုထားပါတယ်။
“ကျွန်တော်တို့နဲ့ တရုတ် ၅၀၀ ကီလိုမီတာ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ဒါပေမယ့် “ဝ” အရေးကို တရုတ်က စွက်ဖက်လို့ မရဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင်လက်နက်စက်ရုံနဲ့ အဟောင်းပြင်စက်ရုံတွေ ရှိတယ်။ တရုတ်က ကွန်တော်တို့ကို တခါမှ လက်နက်မပေးဖူးဘူး” ဟုပြောကြားခဲ့ပါတယ်။
အလားတူပင် အာဏာသိမ်းမှုနှင့် NUGအစိုးရ အပေါ် တရုတ်ကလည်း မည်သည့် ရပ်တည်ချက်မျိုးကိုမှ ထုတ်ဖော်ပြသခြင်း မရှိသလို ပြည်တွင်းရေးဝင်ရောက်စွက်ဖက်လိုခြင်း မရှိကြောင်းကိုသာ ပြသခဲ့ပါတယ်။
လက်ရှိအခြေအနေများအရ ရှမ်းပြည်နယ်တွင်းရှိ EAOs တွေအနေနဲ့ NUG အစိုးရရဲ့ ဖက်ဒရယ်တပ်မတော်မှာ ပါဝင်ဖို့ စိတ်အားထက်သန်ပုံမပေါ်သေးသလို ပြည်တွင်း ပဋိပက္ခသမိုင်းနှင့် နိုင်ငံရေးမဟာမိတ်ကဏ္ဍတွင် NUGအစိုးရရဲ့ ကိုင်တွယ်နိုင်စွမ်းကို သံသယတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင်းတွင် EAOs အများဆုံးဖြစ်ပေမဲ့ ပြည်နယ်အဆင့် အမျိုးသားအဆင့်တွေမှာ ယနေ့တိုင်း တစုတစည်းတည်း ဖြစ်အောင်စုစည်း၍ မရနိုင်သေးပေ။ မြောက်ပိုင်းတွင် TNLA နှင့် ၎င်းတို့၏ မိတ်ဖက်များနှင့် တောင်ပိုင်းတွင် SSA-S တို့အကြား နယ်မြေပိုင်းခြားရေး၊ မူးယစ်ဆေး တရားမဝင် ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး ထိပ်တိုက် တိုက်ပွဲများ ဆက်ပြီး အတောမသတ် ဖြစ်ပွားလျက်ရှိနေဆဲပင် ဖြစ်ပါတယ်။
ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)
Allegra Mendelson ရေးသားတဲ့ Shan EAOs crucial to a federal army, but distrust and disunity reign ကိုဆီလျော်အောင် ပြန်လည်ရေးသားပါတယ်။