တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တူညီသောပန်းတိုင်အောက်တွင် တော်လှန်ရေးအဖွဲ့များနှင့်အတူ အာဏာရှင်စနစ်ကို အတူတကွ အမြစ်ပြတ် ချေမှုန်းကြရန် KIO ဥက္ကဌ တိုက်တွန်း

“တူညီသောပန်းတိုင်အောက်တွင် တော်လှန်ရေးအဖွဲ့များနှင့်အတူ အာဏာရှင်စနစ်ကို အတူတကွ အမြစ်ပြတ် ချေမှုန်းကြရန် KIO ဥက္ကဌ တိုက်တွန်း”

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၅၊ ၂၀၂၂

စစ်အာဏာရှင်စနစ်ကို “အမြစ်မှအစ အကိုင်းအခက်မကျန်” ချေမှုန်းနိုင်ရန် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ အားလုံး ပန်းတိုင်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ကြရန် KIO ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

 

KIO ၏ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

“တိုင်းရင်းသားအားလုံး လက်တွဲညီညာစွာနဲ့ တိုက်ပွဲဝင်မှသာ (အာဏာရှင်စနစ်) ကို တိုက်ခိုက်ချေမှုန်း နိုင်မှာ ဖြစ်တယ်။ ကနေ့ချိန်ထိ ပြန်သုံးသပ်ကြည့်မည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ အတွေ့အကြုံအရ စစ်အာဏာရှင်အုပ်စုကို ကနေ့ချိန်ထိ မည်သည့် တဦးတဖွဲ့ကမှ အမြစ်ပြတ် တော်လှန်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။

 

ထိုနည်းတူ စစ်အာဏာရှင်အုပ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင် မည်သည့်အဖွဲ့ကိုမှ ရာဇသံပေးကာ ချေမုန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီအတွေ့အကြုံတွေကို သုံးသပ်ကြည့်မည်ဆိုလျှင် စုစည်း ညီညွတ်မှု ရှိမှ၊ စုပေါင်းတွန်းလှန်နိုင်မှ အားလုံးမျှော်မှန်းတဲ့ ပန်းတိုင်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါတောင် အစွမ်းကုန် ကြိုးစားရမှာပါ။

 

ဒီလို အချိန်အခါမျိုးမှာ တစ်ဦးနဲ့တစ်ဦး အထင်မကြီး၊ မယုံသင်္ကာဖြစ်နေမယ်ဆိုရင်လည်း အဆုံးမှာ တော်လှန်ရေး လုပ်ဆောင်နေသူများအားလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်မှာကို စိုးရိမ်ရပါတယ်။

 

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအားလုံး ပန်းတိုင်တစ်ခုအောက်မှာ ‘စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်’ ချေမှုန်းသွားကြရအောင်လို့ တိုက်တွန်းလိုတယ်” ဟု ပြောကြားခဲ့သည်။

 

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နေရာဒေသအသီးသီးတွင် လက်နက်ကိုင်တော်လှန်နေသည့် အင်အားစုများအားလုံး NUG ၏ ဦးဆောင်မှုအောက်တွင် စုပေါင်းပါဝင်ကြရန်လည်း မိန့်ခွန်းတွင် တိုက်တွန်းထားသည်။

 

“ယနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်ကိုစွဲကိုင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်တယ်။ အားလုံးဟာ သူရဲကောင်း ရဲဘော်ရဲဘက်တွေ ဖြစ်ကြပါတယ်။ တော်လှန်ရေး အဖွဲ့များအားလုံးကို ဂုဏ်ပြုပါတယ်၊ ဝမ်းသာခွန်းအားလဲ ရမိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးလုပ်နေတဲ့အချိန် စုစည်းမှု စည်းလုံးမှုမရှိပဲ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေအားလုံးက မိမိနှစ်သက်ရာ တော်လှန်ရေး ခေါင်းစဉ်တက် နာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။

 

အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့ အဖွဲ့အစည်းအားလုံးဟာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်တာကို သတိချပ်ဖို့လိုတယ်” ဟုဆိုသည်။

 

စာမျက်နှာ ခုနှစ်မျက်နှာပါဝင်သည့် မိန့်ခွန်းတွင် လွန်ခဲ့သည့်ကာလများတွင် လွန်ခဲ့သည့်အစိုးရအဆက်ဆက်၏ နိုင်ငံရေးဆွေးနွေးမှုနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ထည့်သွင်းပြောကြားထားသည်။

 

“အပစ်အခတ်ရပ်စဲမှုကို ၃-၄ ကြိမ်တရားဝင်ပြုလုပ်ခဲ့ပေမယ့် လက်နက်ချရေးကိုအဓိကထားပြောကြားခဲ့သလို နိုင်ငံရေးဆွေးနွေးမှုကိုလက်မခံဘဲ ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ရေးဖြစ်တယ်လို့ အကြောက်အကန် ငြင်းဆန်ခဲ့ ကြတယ်။

 

KIO ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်ကို ဦးဆောင်ပြီး UNFC ဆိုတဲ့ နိုင်ငံရေးအဖွဲ့ကို စုဖွဲ့ဦးဆောင်ခဲ့ပြီး ဖက်ဒရယ်စနစ်ပေါ်ထွန်းလာစေဖို့ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးနိုင်ခဲ့သလို နိုင်ငံရေးပါတီတွေက လည်း သဘောပေါက်နားလည်ခဲ့ကြတယ်။

 

၂၁ ရာစုပင်လုံအစည်းအဝေးတက်ရောက်ခဲ့သလို အဆိုပါအစည်းအဝေးမှာ UNFC အနေဖြင့် ပင်လုံ ကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ထောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်။

 

(ဒီလိုတောင်းဆိုပေမယ့်) ပင်လုံစာချုပ်ဟာပြည့်စုံမှုမရှိဘဲ အားလုံးပါဝင်မှုမရှိတဲ့အပြင် အနှစ်သာရမပြည့်စုံလို့ အသုံးမဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး “တိုင်းရင်းသားများ ကိုယ်ဘာတောင်းရမလဲ ဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါ” လို့ အာဏာရှင်ဆန်ဆန် ချိုးနှိမ်ပြောဆိုတာကိုလည်း ခံခဲ့ရပါတယ်။

 

၂၁ ရာစုပင်လုံညီလာခံကို နှစ်ကြိမ်သုံးကြိမ်ကျင်းပခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တင်ပြတဲ့ အကြောင်းအရာတွေကို လုံးဝလက်မခံဘဲ လူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ အစိုးရနဲ့စစ်တပ်ရဲ့ တင်ပြချက်တွေကိုပဲ ဆွေးနွေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ၂၁ ရာစုပင်လုံအစည်းအဝေးဟာ အကျပ်တည်းတွေနဲ့ပဲ ရပ်တန့်ခဲ့ ရပါတယ်။” ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားထားသည်။

 

မိန့်ခွန်း၏အဆုံးတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေစဉ် စားနပ်ရိက္ခာဖူလုံးရေးကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ‘တောမီးလောင် တောကြောင်လက်ခမောင်းခပ်’ ဆိုသည့်အတိုင်း ကိုယ်ကျိုးစီးပွားကို အတိုင်းထက် အလွန်ရှာဖွေ မှုမျိုးရှောင် ရှားရန်နှင့် ကိုယ်ကျိုးစီးပွား အဓိကထားကာ ‘ခြံစည်းရိုးခွထိုင်’ သူများမဖြစ်စေရန် တိုက်တွန်း ထားသည်။

 

လက်ရှိ စစ်အာဏာရှင်အုပ်စုက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲများ တက်ရောက် ခြင်း ပူးပေါင်း ပါဝင်နေသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်ကျိုးစီးပွားတခုအတွက်ပဲ စဉ်းစားပြီး ဆောင်ရွက်နေသူများ အားလုံးကိုလည်း မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ကာ ရှောင်ရှား သတိချပ်နိုင်ရန် လိုအပ်ကြောင်းလဲ တိုက်တွန်း ထားသည်။

 

“ကနေ့ အခြေအနေအားလုံးကို ပြန်သုံးသပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံရှိပြည်သူများသည် လုံခြုံမှု ပေးနိုင်သည့် အစိုးရ တရပ် ရှိမနေသည့် အချိန်အခါဖြစ်သည် တချိန်တည်းတွင် လူထုများကိုယ်တိုင် စစ်အာဏာရှင် စစ်အုပ်စု (မြန်မာစစ်တပ်)ကို ရွံ့ရှာမုန်းတီးနေကြရပြီဖြစ်ပြီး စစ်အာဏာရှင်တို့ကို အမြစ်ပြတ်ချေမုန်း နိုင်ရန် ရရာလက်နက်ဆွဲကိုင် တွန်းလှန်နေသည်ဖြစ်၍ ကိုယ့်ဒေသအတွက် စားသောက်ရိက္ခာများဖူလုံအောင် စုဆောင်း ထုတ်ပိုးထားရန်လိုအပ်သည်၊ တချိန်တည်းတွင် နိုင်ငံရေးအကျပ်အတည်းဆိုက်ရောက် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ရပ်များရှိနေသည်ကို တွေ့မြင်နေရပါတယ်။

 

အခွင့်ကောင်းယူ ကိုယ်ကျိုး စီးပွားရှာ လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ကျိုး အကျိုးစီးပွားအတွက် နိုင်ငံရေး အမြတ်ထုတ် ခြင်းများကို ရှောင်းရှားရန်လည်း လိုအပ်ကြောင်း” သတိချပ်စေခြင်သည်။

 

ထိုနည်းတူ စစ်အာဏာရှင် အုပ်စုက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲများ တက်ရောက်ခြင်း ပူးပေါင်း ပါဝင်နေသည့် နိုင်ငံရေးပါတီများအနေဖြင့် “စစ်အာဏာရှင်အုပ်စုတို့၏ ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်းကို အားလုံးနားလည်း သိရှိပြီးဖြစ်ကာ သိလျက်နှင့် ရှေ့ဆက်တိုးခဲ့ပြီး နောက်နောင်မှ နောင်တရမည်ဆိုလျှင် အချိန်နှောင်းသွားမည် ဖြစ်ကြောင်းနှင့် အချိန်မနှောင်းခင် လက်ရှိ ပါတီနိုင်ငံရေး လုပ်ဆောင်နေသည့် အဖွဲ့များအနေဖြင့် စစ်အာဏာရှင်အုပ်စုကို စွန့်ခွာပြီး ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြပါ” ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားသည်။

 

 

Related Articles

Back to top button