တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေမှုကို အန်စီအေ အပစ်ရပ်အဖွဲ့(PPST) ရှုတ်ချကြောင်း ထုတ်ပြန်

ပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေမှုကို အန်စီအေအပစ်ရပ်အဖွဲ့(PPST) ရှုတ်ချကြောင်း ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၅၊ ၂၀၂၁

ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူတွေရဲ့ အိုးအိမ်တွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက် နေတဲ့အပေါ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်း ထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

PSST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက “ဒီလိုဖြစ်စဉ်တစ်ခုလုံးပေါ်မှာ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့်လည်း ထုတ်ပြန်ချက်ထဲမှာ ရှုတ်ချတယ်၊ ကန့်ကွက်တယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ကတော့ NCA အခြေခံမူကိုအခြေခံပြီးတော့မှ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ကြိုးပမ်း နေတဲ့ကာလ ဖြစ်တာကိုး။ ကျွန်တော်တို့အခြေခံမူမှာလည်း ပြည်သူလူထုကို ကာကွယ်ရမယ်ဆိုတာကလည်း ပါတာကိုး။ အခု အရပ်သားပြည်သူတွေအတွက် အိုးအိမ်စည်းစိမ်ထိခိုက် နစ်နာတာကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ဒါကိုလက်မခံတဲ့အကြောင်း ဆန္ဒသဘောထားကိုဖော်ပြရင်းနဲ့ ဒီဖြစ်စဉ်မှာ တာဝန်ရှိခဲ့တဲ့ တာဝန်ရှိသူတွေထိထိရောက်ရောက်အရေးယူဖို့ လိုတယ်။ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးဆိုရင် ဒီပြဿနာမျိုးတွေ အလားတူဖြစ်လာမှာကို ကျွန်တော်တို့ မလိုလားတဲ့အတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်ဟု” ဖက်ဒရယ်ဂျာနယ်ကိုပြောပါတယ်။

အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဒီနေ့ အစည်းအဝေးကနေ ထုတ်ပြန် လိုက်တာဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်တာနဲ့ လူထုရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းကြီးဟာ တိုင်း ပြည်ပျက်စီးရေးလမ်းကြောင်းပေါ်ကို ရောက်နေပြီး ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

PSST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်း ဆက်ပြောသာက “လက်ရှိပြောရမယ်ဆိုရင်တော့ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်လာတဲ့နိုင်ငံရေး အကြပ်အတည်းပေါ့၊ မတည်မငြိမ်မှုပေါ့။ မတည်ငြိမ်မှုကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်ပေါ့လေ။ လက်နက်ကိုင် ပဋိပက္ခကလည်း အရင်ကလို တောတောင် ဒေသမှာပဲ ဖြစ်နေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ မြေပြန့်ဒေသအထိကို ဖြစ်လာပြီ၊ ဒါကတော့ နိုင်ငံရေးအကျပ်အတည်းနဲ့ နိုင်ငံရေး ပဋိပက္ခပေါ့။ ပြီးတော့ စီးပွားရေးအကျပ်အတည်းပေါ့၊ စီးပွားရေးအကြပ်တည်းဆိုလည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေရှိလာတယ်။ အခုဆိုရင် ကုန်စျေးနှုန်းတွေ ဒေါ်လာစျေးတွေတက်လာတယ်၊ အားလုံးသိတဲ့ အတိုင်းပါပဲ။ ပုံမှန်ဝင်ငွေရရှိဖို့ အရမ်းခက်နေတဲ့ အချိန်မှာ ကုန်စျေးနှုန်းကပါတက်တော့ ပြည်သူတွေ အကျပ်အတည်းကို တော်တော်လေးခံစားနေရတဲ့ အခြေအနေ ဖြစ်လာပြီပေါ့။ တစ်ပြိုင်နက်တည်းမှာပဲ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲ အနေနဲ့ကတော့ အိမ်နီးချင်းနီးစပ်တဲ့ ဒေသတွေမှာလည်း သက်ရောက်မှု ရှိတာပေါ့။ အများကြီး ကျွန်တော်တို့ ဒုက္ခသည်တွေ၊ IDP တွေထွက်ပြေးတိမ်းရှောင်ရတာတွေ ဖြစ်လာမယ်။ ဒီတိုင်းသာဆက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ပိုမိုဆိုးဝါးပြီးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာကို စိုးရိမ်တယ်။ အဲဒီအခြေအနေက နေပြီးတော့မှ ဖြစ်လာနိုင်တဲ့ သဘောထားကို တင်ပြတာပေါ့နော်ဟု” ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

PPST ရဲ့ ခေါင်းဆောင် နိုင်အောင်မင်းက “ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ပြည်သူလူထု တို့နဲ့ မိမိတို့ တသားတည်းရပ်တည်နေပါကြောင်းကို စစ်မှန်သော သတိပြုစေလိုပါတယ်” လို့ နိဂုံးချုပ်မိန့်ခွန်းမှာ ပြောပါတယ်။

PPST အနေနဲ့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) အနှစ်သာရ ၃ ရပ်ကို စွဲကိုင်ပြီး ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး ကြိုးပမ်းသွားမယ် လို့လည်း ပြောပါတယ်။

အနာဂတ်အသွင်သစ်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းမယ်လို့လည်း သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ  ၄ ရက်ကနေ ၅ ရက်အထိ ၂ ရက်ကြာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ပြည်တွင်းပြည်ပ သက်ဆိုင်သူ တွေနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောထားတွေ စုစည်းနိုင်ဖို့ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ဒေသအသီးသီးက စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူတွေ အမြန်ဆုံးရဖို့အတွက် PPST အနေနဲ့ ဝိုင်းဝန်းကြိုးပမ်းသွားမယ် လို့လည်း ဆိုပါတယ်။

Related Articles

Back to top button