သတင်း

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်

ဓါတ်ပုံ – Cobra Column

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၆

ကေအဲန်ယူ- တပ်မဟာ(၆) နယ်မြေထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား နေရာနှစ်ခုမှာ မနေ့က နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၁)ရဲ့ ကွပ်ကဲမှုနဲ့ ခမရ(၁)၊ ခမရ(၂)၊ ခမရ(၈)၊ ခမရ(၁၀၂) စတဲ့ တပ်ရင်းလေးရင်းဟာ စက်တင်ဘာ (၁၅)ရက်က  မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင်ဘုရားအနီးမှာ ကျူးကျော် ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့သလို စစ်ကောင်စီ ဘက်က ထိခိုက် သေဆုံးမှုကိုလည်း အတည်ပြုနိုင်ဖို့ စုံစမ်းဆဲလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၃)ကွပ်ကဲမှုနဲ့ ခမရ(၃)၊ ခမရ(၉)၊ ခမရ(၁၀၄)စတဲ့ တပ်ရင်းသုံးရင်းဟာလည်း မြ၀တီ-ဝေါ်လေ လမ်းမကြီး ဆုံဆည်းမြိုင်ကျေးရွာဘက်ကနေ သေ့ဘောဘိုး ကျေးရွာအနီးကို ကျူးကျော်ဖို့ ကြိုးစားလျက်ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းဘက်က ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၂၀)မမလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေ့ဘော ဘိုးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button