တိုင်းရင်းသားများသတင်း

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ခွန်းဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၃

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ခွန်းဖရန်စစ္စကိုဟာ ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာ အနီး၊ တောင်ယာခင်း တစ်ခင်းမှာ သေနတ် ဒဏ်ရာ ၈ ချက်ဖြစ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

လုပ်ကြံသတ်ဖြတ်သွားတဲ့ သေနတ်သမားတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒါအပြင် အခုလို ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ လုပ်ကြံသတ်ဖြတ်ခံရမှုသည် ကယန်းလူမျိုးအတွက်သာမက ကရင်နီဒေသ၏ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်တယ်ဟု ကယန်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဆိုကြပါတယ်။

အလားတူ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် တရားဥပဒေ နည်းလမ်းအရ တရားမျှတမှု ရရှိနိုင်ရေးအတွက်လည်း ကယန်းလူ့အဖွဲ့အစည်းများက လိုလားနေကြပါတယ်။

အခုလို ခွန်းဖရန်စစ္စကို သေဆုံးမှုဟာ နိုင်ငံရေးလုပ်ကြံမှုမျိုးမဟုတ်ဘဲ၊ ၎င်းအပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုရှိသူ လူတဦး၊ တယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သာ ဖြစ်နိုင်ကြောင်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး လေ့လာသူ ကရင်နီ ဒေသခံတဦးက အခုလိုမှတ်ချက်ပြု ပြောပါတယ်။

“ဖြစ်စဉ်ကို လေ့လာကြည့်ရင်တော့ သူကတော့ ၂၀၁၀ မှာတော့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီးတော့ ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းပေါ့လေ၊ ပြီးတော့ ကယန်းအမျိုးသားရေးနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တယ်၊ ဘာသာရေးအသင်းအဖွဲ့တွေမှာ အကျိုးဆောင် ဦးဆောင်သူတဦးလည်းဖြစ်တယ်၊ ပြီးတော့ အခုအာဏာသိမ်းမှုနောက်မှာလည်း KNDF, PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တစုံတရာ သင့်မြတ်မှုရှိတယ် ကယန်းအမျိုးသားရေးအတွက် ကူညီပံ့ပိုးပေးသူတဦးအဖြစ် ကရင်နီလူငယ်တွေကလည်း လက်ခံထားကြသူဖြစ်ပါတယ်။ ဆိုတော့ အခုလိုသေဆုံးမှုကတော့ နိုင်ငံရေး အကျိုးစီးပွား လုပ်ကြံမှုမျိုးမဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုရှိသူ လူတဦး၊ တယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သာ ဖြစ်နိုင်တယ်” ဟု ပြောပါတယ်။

ခွန်းဖရန်စစ္စကိုဟာ လက်ရှိတွင် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ တာဝန်ကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီး၊ ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွတ်တော်အမတ်ဟောင်းနှင့် ဘာသာရေး အဖွဲ့အစည်းတွေမှာ ဦးဆောင်သူ တဦးလည်း ဖြစ်ခဲ့ပါတယ်။

Related Articles

Back to top button