သတင်း

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁၀ – ၂၀၂၂ ခုနှစ်

  • စစ်တပ်ဏာသိမ်းပြီးပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ မေလ (၁၀)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၈၃၃ )ဦးရှိခဲ့ပြီး မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျခံနေရသူ (၁၂၆၄၄ ) ဦးအထိရှိသည်ဟု AAPP မှ ထုတ်ပြန်ထားပါသည်။

 

  • ချင်းပြည်နယ်မင်းတပ်မြို့နယ်ရှိ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တပ်ရင်း ဆေးခန်း နှင့် စာကြည့်တိုက်အား ဖွင့်လှစ်နိုင်ခဲ့သည်ဟု ယနေ့မေလ ၁၀ ရက် နံနက်ပိုင်းတွင် သိန်းငှက် တပ်ရင်း ၁ Cdf – Mindat က ဖော်ပြထားသည်။ ယင်း တပ်ရင်း ဆေးခန်းနှင့် စာကြည့်တိုက်ကို ဖွင့်လှစ်ရန် အချိန်ကာလအားဖြင့် ၂ လကျော်ခန့် ကြာမြင့်ခဲ့ပြီး ဆေးပေးခန်းဖွင့်ရခြင်းသည် ဆေးရုံ နှင့် ဝေးကွာသည့် ဒေသဖြစ်သောကြောင့် ယခုလို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။ “အဓိက ကတော့ ကျွန်တော်တို့နယ်လေးက ဆေးရုံဆေးခန်းတွေနဲ့ဝေးတယ်လေ။ စစ်ကြောင်း တွေနဲ့လည်း အခက်ခဲတွေရှိတယ်။ ဆေးဝါးတွေက အခုမှစတင်ရတာဖြစ်တဲ့အတွက် နည်းပါးလှပါ တယ်။ ကျွန်တော်တို့မှာ အဓိကရှိတဲ့ဆေးဝါးတွေက ဖျားနာတာနဲ့ အရေးပေါ်ထိခိုက်တာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေပဲ ရှိပါသေးတယ်”ဟု သိန်းငှက်ထောက်ပို့နှင့် ဘဏ္ဍာရေးတာဝန်ခံတစ်ဦးက ပြောသည်။

 

  • စစ်ကောင်စီတပ်နဲ့ KNDO၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့တို့ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီးမှာ ဒီနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ သဲအင်းဂူဓမ္မရိပ်သာကို ကျရောက်ခဲ့ပြီး သံဃာတော်တစ်ပါးဒဏ်ရာ ရရှိခဲ့ကာ ရိပ်သာမှာ လုပ်အားပေးနေတဲ့ရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

  • ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အကြား ဧပြီလ (၁)လ အတွင်း တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ (၁၀၅)ဦး သေဆုံး CNDF ဘက်မှ (၆) ဦးကျဆုံးပြီး (၄) ဦး ဒဏ်ရာရရှိဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ မေလ ၁၀ ရက်​နေ့၊ နံနက်ပိုင်း လူထုသပိတ်လှုပ်ရှားမှု ဦးဆောင်သူများနှင့် ပြည်သူလူထုပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ကြသည်။ လောင်းလုံးမြို့နယ်အတွင်း ယခင်နှစ်မတ်လမှ ယနေ့ အချိန် အထိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးမှုများလည်း ရှိနေဆဲဖြစ်သည်။

 

  • လောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကာ ကျေးရွာ ၄ ရွာရှိ ပြည်သူများ ပူးပေါင်းပြီး ယနေ့ မေလ ၁ဝ ရက်နေ့တွင် “လက်နက်မဲ့ပေမဲ့ ဒို့အရေးဆိုတဲ့ အသံကို မင်းတို့တွေ ကြောက်နေရမယ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်နေတဲ့ကြားကရန်ကုန်မြို့တွင်းတစ်နေရာမှာ “သေမှာမကြောက်လို့​ ပေတစ်ရာလျှောက်တဲ့တော်လှန်နေသောအခြောက်” စာသားချိတ်ဆွဲကာစစ်အာဏာရှင် ဆန့်ကျင် ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို LGBT Community Yangon အဖွဲ့ကဦးဆောင် ပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike )၊ OCTOPUS(ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အလုံလူငယ်တပ်ဦး (AYF) စတဲ့ မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

 

  • မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေး၊ စစ်ကျွန်ပညာရေးကို ဆုံးခန်းတိုင်သပိတ်မှောက် ဆန့်ကျင်ကြရန် နှင့် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးအား ဆက်လက်ဆင်နွှဲကြရန် ‌မေလ ၁၀ ရက်နေ့တွင် YBS ဘတ်စ်ကားများပေါ်၌ ပြည်သူလူထုအား လှုံ့ဆော်တိုက်တွန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မန္တလေးမြို့တစ်နေရာတွင် မေလ ၁၇ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူ များအပေါ်ကြောက်ရွံ့မုန်းတီးမှုများဆန်ကျင်ရေးနေ့ (IDAHOT Day) အထိမ်းအမှတ်နှင့် “ကြောက်စိတ်ကိုဖျောက် ခြောက်စိတ်ကပ်ကာ စကစကို တွန်းလှန်မည်” နှင့် “President Biden, please sanction MOGE” ဟူသော စစ်ကောင်စီ၏ ရေနံလုပ်ငန်းအားပိတ်ဆို့ပေးရန် တောင်းဆို ချက် ပါဝင်သောစာသားများကို မန္တလေး LGBTသပိတ်စစ်ကြောင်း (LGBT Union Mandalay)၊ လူငယ်များသမဂ္ဂနှင့် သပိတ်တက်ကြွလူငယ်များက ချိတ်ဆွဲကာ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီကိုဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

 

  • မန္တလေးတွင် သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် စစ်တပ် ပြုလုပ်မည့် ဆွမ်းလောင်းပွဲ သံဃာတော်များ မတက်ရောက်ဘဲ သပိတ် မှောက်ရန် “အယောင်ဆောင် ကိုးကွယ်ပြတဲ့ အဓမ္မစစ်ကောင်စီ ဆွမ်းလောင်းပွဲအား ဓမ္မရဟန်း သံဃာများပီပီ ရှောင်ကြဥ်သပိတ်မှောက်ကြပါ” စာတန်းကိုင်ဆောင်ကာ တောင်းဆို ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၂၆ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မေ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်နယ်အရှေ့ခြမ်းက ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင် ရေးသပိတ်စစ်ကြောင်းဟာ မေလ(၁၀)ရက် ညနေပိုင်းမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၏ အထင်ကရနေရာတခုဖြစ်သော ထန်းဇလုပ်ရေတံခွန်တွင် မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ လူငယ်များဦးဆောင်၍ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ပြောစကား တခုဖြစ်သော ‘တိုင်းပြည်အပေါ် စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး’ စာတန်းကို ချိတ်ဆွဲကာ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြကြသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်အင်အားစုဟာ မေလ(၁၀)ရက်နေ့ မှာ “အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ဆိုတဲ့စာတန်းကိုကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်း ဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၁၀ ရက်နေ့တွင် ပြုလုပ် ကြသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် “မတရားမှု အောက်နေသားမကျစေနဲ့_စစ်ဖိနပ်အောက်ကရုန်းထွက်ကြ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှ ၂ ဦးသေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU က သတင်းထုတ်ပြန်သည်။ တိုက်ပွဲသည် မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်ပေါင်းစုဘက်မှ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရကြောင်း သိရှိရသည်။

 

  • စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေကို အများဆုံး ကြုံနေရတဲ့ စစ်ကိုင်းတိုင်း က လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှု ပိုအားကောင်းလာပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံအမျိုးသမီး PDF တွေက ပြောပါတယ်။ အပြည့်စုံဖတ်ရန်- http://burmese.dvb.no/archives/532528

 

  • ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယာဉ်မတော်တဆဖြစ်၍ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် ၃၀ အရွယ်နှင့် ၄၀ အရွယ်ဝန်းကျင်ဖြစ်ပြီး ယမန်နေ့ မေလ ၉ ရက် ည ၁၁ နာရီကျော်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ မူလွန် အ.မ.က (၁၅)ရှေ့၌ ၎င်းတို့ မောင်းလာသည့် ကားမှာ အရှိန်မထိန်းနိုင်၍ ပလပ်ဖောင်းအောက်လမ်းဘေးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာသေဆုံးသွားခြင်းဖြစ်ကြောင်း သွားရောက် ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ယာဉ်မောင်း ကိုဒေးဗစ်က ပြောသည်။

 

  • မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက် ရုံမှ တပ်ကြပ်ကြီး စာရေးတစ်ဦး CDM ဝင်လာကြောင်း လွိုင်ကော် PDF က တရားဝင်သတင်းထုတ်ပြန်သည်။ မေလ ၉ ရက်နေ့တွင် တပ်ကြပ်ကြီးစာရေး တစ်ဦးသည်လွိုင်ကော် PDF ထံသို့ CDM အဖြစ် အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးစာရေးသည် မင်းလှ၊ အမှတ် (၁၀) ကာကွယ်ရေး ပစ္စည်း စက်ရုံတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါတွင် ပြည်သူ့ဘက်သို့ ခိုလှုံကာ အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်း ​ဖြစ်ကြောင်း၊ CDM တပ်ကြပ်ကြီးအား ကောင်းမွန်စွာ စောင့် ရှောက်ထားပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရင်း လွတ်မြောက် ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

  • မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် တစိုက်မက်မက်လုပ်ဆောင်ခဲ့တဲ့ ဒေါက်တာသိန်းလွင် ကို နွေဦးနော်မန်ဆရာအတတ်သင်တက္ကသိုလ်မှာ ပထမဆုံးအဓိပတိအဖြစ်ခန့်အပ်တယ်လို့ မေလ(၉)ရက်၊ ညပိုင်းမှာတရားဝင်ကြေညာခဲ့ပါတယ်။ ဒီနွေဦးဆရာအတတ်သင်တက္ကသိုလ်ကို အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ၊ဆရာမတွေစုပေါင်း တည်ထောင်ထားတာဖြစ်ပြီး ဆရာအတတ်ပညာရပ်တွေဖွံ့ဖြိုးတိုးတက်ဖို့၊ အရည်အသွေးရှိတဲ့ ပညာကိုပေးအပ်နိုင်ဖို့နဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ရည်ရွယ် ထားတယ်လို့ အဓိပတိဖြစ်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဒီကနေ့ မေလ (၁၀)ရက်မနက်ပိုင်းရေးသားဖော်ပြလာပါတယ်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၁၄၄ က တပ်ရင်းမှူး ဗိုလ်မှူးကြီး ရာဇာမင်းနဲ့ တပ်ရေးဗိုလ် အောင်ဆန်းဦး တို့ဟာ တပ်ရင်းရဲ့ ရိက္ခာငွေတွေကို ထုတ်ယူပြီးနောက် ထွက်ပြေးသွားခဲ့တယ်လို့ ဒေသတွင်း သတင်း ဌာန တစ်ခုဖြစ်တဲ့ ရွှေဖီဖြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၀ ရက်နေ့က ထွက်ပြေးကြ တာဖြစ်ပြီး သူတို့ယူဆောင်သွားတဲ့ ငွေတွေဟာ တပ်ရင်း တစ်ရင်းစာ ရိက္ခာငွေတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

  • ဦးဇင်အောင် ခေါင်းဆောင်တဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီက လာရောက်အစစ်ဆေးမခံတာကြောင့်ဆိုပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ တနှစ် ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ အပြည့်စုံဖတ်ရန်- http://burme se.dvb.no/archives/ 532590

 

  • ရှမ်းမြောက် မူဆယ်မြို့ထဲက ဖုန်းဆိုင်တစ်ဆိုင်မှာ လူ ၅ ဦးက ရောက်ရှိလာပြီးတော့ ဓားပြတိုက် ယူဆောင်သွားရာ သိန်း ၁ ထောင်ခန့် ပါသွားတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လယ် ၃ နာရီ ၄၈ မိနစ် က Sai Nyee Second-hand Mobile & Laptop Centre ဆိုင်မှာ အမျိုးသား ၅ ဦးက သေနတ် တွေနဲ့ ရောက်လာပြီး ဓားပြတိုက်သွားတယ်လို့ ဆိုပါတယ်။ ဖုန်းဆိုင်ပိုင်ရှင်က “သူတို့က ကားနဲ့ဝင်လာ တယ်။ သေနတ်အတို ကိုင်တဲ့သူတစ်ယောက်ပါတယ်။ သေနတ်အရှည် ကိုင်ထားသူတစ်ယောက် ပါတယ်။ မင်းတို့မလှုပ်နဲ့တဲ့။ ကျနော်တို့ဆိုင်ကလူတွေ အကုန်ထွက်ပြေးတာ။ ကျနော်က ပုန်းနေ တယ်။ ကောင်တာရှေ့မှာထားတဲ့ i-phone တွေ ယူသွားတယ်။ ပိုက်ဆံတော့ သူတို့ မယူလိုက်မိဘူး” လို့ ပြောပါတယ်။

 

  • မေလ ၁၄ရက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် စစ်ကောင်စီ ပြုလုပ်မည့် သံဃာအပါး ၁၀,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတက်ရောက်ဘဲ သပိတ် မှောက်ဆန့် ကျင်ကြရန် သံဃသမဂ္ဂ (မန္တလေး)က သံဃာထုကို ယနေ့ ပန်ကြားလိုက်သည်။ သံဃသမဂ္ဂ (မန္တလေး)က ယနေ့ ကြေညာ ချက်တစ်စောင် ထုတ်ပြန်ပြီး ခုလို ပန်ကြားခဲ့ခြင်း ဖြစ်သည်။  အဆိုပါ ကြေညာချက်တွင် မတရား နည်းနှင့် ရယူထားသည့် မသန့်ရှင်းသော ပစ္စည်းလှူဒါန်းမှုကို လက်ခံရယူရန် မသင့်တော်ကြောင်းနှင့် သံဃာထု၏ ရပ်တည်ချက်ကို ပြည်သူများ မေ့ပျောက်သွားမည်မဟုတ်ကြောင်း ၊ သံဃာထု၏ ရပ်တည်ချက်သည်အနာဂတ်သံဃာ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုကြီးမားသည်မို့ သံဃာထုအနေဖြင့် ဓမ္မလမ်းကြောင်းမှရပ်တည်၍ ပြည် သူလူထုရှေ့ကမားမားရပ်တည်သွားရန် လိုကြောင်း ဆိုထားသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များနေတယ်လို့ သိရပါတယ်။ မေ ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား ၂၀၀ ကျော်လောက်ဟာ ကလေးမြို့နယ် ရေရှင်ရွာကို ဦးတည်ပြီး အင်းကျွန်းရွာနဲ့ ကြံသာ ရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်း ထိုးစစ်ဆင်လာတာကို PDF (Kalay) ၊ CDF (KKG) နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ပြောပါတယ်။ အပြည့်စုံ ဖတ်ရန် – http://burmese.dvb.no/archives/532628

 

  • မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

Related Articles

Back to top button