ဧပြီလ – ၂၂ – ၂၀၂၂ ခုနှစ်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အထိ စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကြောင့် ယနေ့ ဧပြီလ(၂၂)ရက်နေ့ထိ အသက်သေဆုံးခဲ့ရသူ ( ၁၇၈၂ )ဦးရှိခဲ့ပြီး၊ မတရားဖမ်းဆီးခံရသူပေါင်း ( ၁၃၃၃၄ )ဦးအထိ ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။
- စစ်ကောင်စီနှင့် ဆွေးနွေးလျင်ပြေလည်နိုင်ဖွယ်မရှိကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။ “ကျွန်တော်တို့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့ဆွေးနွေးတာက နှစ်ပေါင်း ၆၀ ကျော်ရှိပြီလေ။ ဘာမှအဖြေကောင်းမှ မထွက်တာ။ အခုလည်း ထွက်မှာမှ မဟုတ်တာ။ အခုက ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ပြေလည်ရင်လည်း NUG နဲ့ပြေလည်မှာမဟုတ်ပါဘူး” ဟု ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်ခြင်းမရှိဘဲ ဆွေးနွေးပါက မင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေး စစ်ရေးအကြပ်အတည်း ကြောင့် ထွက်ပေါက်ရှာသည့်ပုံစံမျိုးသာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်ဟု The 74 Media တွင်ဖော်ပြထားသည်။
- ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၉ က ထုတ်ပြန်သည်။ ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၇ နာရီခန့်က KNDF တပ်ရင်း (၉)နှင့် ပူပေါင်းတပ်များနယ်မြေရှင်းလင်းမှု ပြုလုပ်နေစဥ် ရဲဘော်တစ်ဦးမိုင်းနင်းမိခဲ့ခြင်းဟုဆို သည်။
- မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ ထယ်ဘွေးစခန်းကို စစ်အင်အားဖြည့်တင်းဖို့ ရောက်ရှိလာတဲ့ စကစ အဖွဲ့ကို CDF-Matubi အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ ဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီနေ့ (ဧပြီ ၂၂ ရက်) နံနက် ၈နာရီခွဲခန့်မှာ ထယ်ဘွေးစခန်းကို အင်အား ဖြည့်တင်း ဖို့ ဆင်းလာတဲ့ စကစ စစ်ကြောင်းကို မိုင်တိုင်အမှတ် (၁၆) အနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ် ပါတယ်။ ဒီတိုက်ပွဲမှာ စကစဘက်က ၆ ဦးသေဆုံးတဲ့အပြင် ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြ ပါသေးတယ်။ CDF-Matubi ဘက်က ရဲဘော်တွေကတော့ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဘူး လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
- ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က PDF များဟုဆိုကာ ပစ်ခတ် သတ်ဖြတ်သွားကြောင်း ရွာငံ YPDF က တရားဝင် သတင်းထုတ်ပြန်သည်။ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ဖမ်းဆီးခံရသော ပြည်သူများကို အကြမ်း ဖက် စစ်ကောင်စီက PDF ဟု အမည်တပ် စွပ်စွဲကာ ပဲရင်းတောင်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာတွင် သတ်ဖြတ်ခဲ့ကြောင်းနှင့် သတ်ဖြတ်ခံရသော ရွာသားများ၏ အမည်များကို အတည်ပြုနေဆဲဖြစ်ကြောင်း ရွာငံYPDF က သတင်းထုတ် ပြန်သည်။
- လေးကေကော်ဒေသအနီးက ဖလူးကျေးရွာမှာ မနေ့ညကပိုင်းက ကော်ဘရာစစ်ကြောင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ယမန်နေ့ ဧပြီ ၂၁ ရက် ည ၆ နာရီခွဲအချိန်ခန့်က KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း နဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁)တပ်တို့အကြား ဖလူးကျေးရွာအနီးမှာ ထိတွေ့ မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဲ့ဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကာ ကော်ဘရာစစ်ကြောင်းအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကာ မစိုးရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
- တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်ဖို့ လိုအပ်နေတဲ့အတွက်ကြောင့်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ကိုယ်တိုင်တွေ့ ဆုံဖို့ စစ်ကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်ပါတယ်။ ယနေ့ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ပိုင်းအချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က MRTV ကတစ်ဆင့် ပြောကြား ခဲ့သည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က ပြည်သူ ၃၀၀ ခန့်က KIA၊ PDF၊ NUG ထောက်ခံပွဲနှင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ချီတက်သပိတ်မှောက်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက် စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ် ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖမ်းဆီးခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင် ပြည်သူများ ချက်ချင်းလွှတ်၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ ၊ ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့ ၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူ အားလုံး ပါဝင်စို့ စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။
- လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် ကျေးရွာအသီးသီးမှ ပြည်သူများ ပူးပေါင်းကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေးနှင့် ကျေးရွာတွင်း သပိတ်များ ပြန်လည် ပြုလုပ်ရန် ဆိုင်ကယ်များဖြင့် လှည့်လည် နှိုးဆော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့၌ ၄၃၉ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက် ဆန္ဒပြကြသည်။
- ရန်ကုန်မြို့တွင် စစ်အာဏာရှင်ကျဆုံးရေး ကျောင်း သားများက ယနေ့ ချီတက် ဆန္ဒပြကြသည်။ “စနစ်ကို စနစ်နဲ့တိုက်ကာ နိုင်ငံသစ်ကိုထူထောင်ကြ” ဘန်နာပါစာသားဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ကျောင်း သားများသမဂ္ဂ (ဗကသမျာအဖွဲ့ချုပ်)က ဦးဆောင်၍ မြို့နယ်ပေါင်းစုံ စုပေါင်း ပျောက်ကျား သပိတ်ရန်ကုန်မြို့တစ်နေရာတွင်စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့ တွင် စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကဏ္ဍစုံမှ တော်လှန်နေကျသည့် ရဲဘော်များအတွက် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ ဧပြီလ ၂၂ ရက်နေ့ တွင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့်အကြံ ဒို့လက်မခံ အမြစ်ပါမကျန် တွန်းလှန်ကြ (သံဃသမဂ္ဂ)” စာတန်းများ ကိုင်ဆောင်ကာ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် “အရေးတော်ပုံ စိတ်ဓာတ်နဲ့ အနာဂတ်မှန်း” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (၄၀၈) ရက် မြောက်နေ့ကို ဧပြီလ (၂၂)ရက်နေ့က ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်စစ်ကြောင်း မှာတော့ လူထုတိုက်ပွဲအရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ ဆိုတဲ့ စာတန်းကိုကိုင်စွဲပြီး ဒေသခံ ပြည်သူအများအပြားက ပါ၀င်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
- ဆားလင်းကြီးတွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် “အုပ်ချုပ်ခွင့် မပေး တော်လှန်ရေး အဆုံးထိ တိုက်ယူအောင်လံထူ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ်တော်လှန်ရေးချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် “တိုင်းပြည်အပေါ် စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင်ရှူစရာမရှိဘူး” စာတန်းကိုင်ဆောင် ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်းသိရသည်။
- ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဧပြီ ၂၂ တွင် ပြုလုပ်ခဲ့သည်။
- တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းမှ ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်မဟာ ၉၇၁ နယ်မြေဖြစ်တဲ့ ဟုမ္မလင်းမြို့နယ် ဥရုချောင်း အတွင်းမှာ SNA နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ သိရပါတယ်။ “ ဖြစ်တာက ဥရုချောင်းကဖြစ်တာ ဖြစ်တာက သူတို့ (စစ်တပ်)ဘက်က အစုန် ၊ ကိုယ့်တို့ဘက်က အဆန် လမ်းမှာ ဥရုချောင်းထဲမှာ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာလို့ပြောတယ်။ နှစ်ဖက်ထိခိုက်မှုမှာ ကိုယ့်ဘက်ကတော့ထိတော့ သူတို့ဘက်က သတင်း အတိအကျမရသေးဘူး” လို့ SNA တာဝန်ရှိသူတစ်ဦးကပြောတဲ့အကြောင်း The Voice of Shan-Ni တွင်ဖော်ပြထားပါတယ်။
- မြစ်ကြီးနားမြို့ အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် NLD အစိုးရ၏ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို ပုဒ်မ ၅၅ အဂတိလိုက်စားမှု တစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ပြီး အခြားဝန်ကြီးများကိုလည်း ထောင်ဒဏ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။ ယနေ့ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး ၇ ဦးကို အမိန့်ချမှတ်ရာတွင် ဒေါက်တာခက်အောင် သည် ထောင်ဒဏ် အများဆုံး ၁၂ နှစ် ဖြစ်ပြီး ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ထောင်ဒဏ် ၉ နှစ်၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း ၃ နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း ၃ နှစ်၊ လျှပ်စစ်နဲ့စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့် ၃ နှစ် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်း ကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၃ နှစ် ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ခမ်းရယ် ၃ နှစ် အသီးသီး ချမှတ်ခံရလိုက်ကြောင်း သိရသည်။
- ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုနေ သည့် ချောင်းရေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ပိတ်ဆို့ထားမှုကို ပြန်မဖွင့်ပေးသဖြင့် ယမန်နေ့ ဧပြီ ၂ ၁ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ ကွီလုံတိုင်စစ်ဆင်ရေး ခြေကုပ်စခန်း အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ ၎င်းတို့အသုံးပြုနေသည့် ချောင်းရေအား ပြန်လည် ဖွင့်ပေးရန် KNLA တပ်ဖွဲ့များထံ စာဖြင့်အသိပေးခဲ့ရာ စာလက်ခံရရှိပြီး ၃ ရက်အတွင်း ချောင်းရေ အား ပြန်လည်မဖွင့်ပေးပါက အနီးအနားရှိ ကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် ယခုလို လာရောက်ဗုံးကြဲတိုက်မှု လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
- ဒီနေ့ညနေ ၅ နာရီကျော်မှာ ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ အခွန်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ နေ့လယ်ပိုင်းက စည်ပင်ရုံးထဲကို PSDA (နမ့်ခမ်း)က ဝင်ရောက်ပြီး CDM လုပ်ဖို့ သတိပေးပြီးနောက် အခွန်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရတာပဲ ဖြစ်ပါတယ်။
- တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊တကူကျေးရွာ အုပ်စု၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသည် ဧပြီ ၂၂ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ငွေအား Tanintharyi Defense Force(TDF) အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါ အဖွဲ့မှထုတ်ပြန်ရေးသားထားသည်။ ဦးကျော်ငွေအား အဆိုပါအဖွဲ့မှ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
- မန္တလေးမှ စစ်ကိုင်းတိုင်းဘက်သို့ ယနေ့နံနက်ပိုင်း အင်အားတိုးချဲ့လာသော စစ် ကောင်စီယာဉ်တန်း၊ ရဲယာဉ်တန်းများ ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရပြီး ၁၃ ဦးထက်မနည်း သေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန် မန္တလေး-မုံရွာလမ်းမပေါ်၊ မုံရွာမှ မြင်းမူဘက်သို့ အသွား ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်း အကြား Jumper ကားနှစ်စီးနှင့်ကားရှေ့မှ လမ်းလျှောက်သွားသော စစ်အင်အား ၂၀ ဦးခန့်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM က ဦး ဆောင်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံနှင့် ပင်းတယမြို့နယ်များတွင် ဓနု ပြည်သူ့စစ်ဖွဲ့စည်းရန် အာဏာသိမ်းစစ်ကောင်စီက တစ်ရွာလျှင် လူငယ် ၁၂ ယောက်တောင်းခံနေ ကြောင်း ဒေသခံများထံမှ သိရသည်။ တော်လှန်ရေးလှုပ်ရှားမှုအားကောင်းလာသည့် ဓနုဒေသတွင် ကျေးရွာများကို လုံခြုံမှုပေးရန်ဟူသည့်အကြောင်းပြချက်ဖြင့် လက်နက်တပ်ဆင်ပေးမည့် ဓနု ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီမှ အင်အားတောင်းခံထားခြင်းဖြစ်ပြီး လူငယ်အများစုက မဝင်ချင်ကြသည့်အတွက် ရွာများမှ တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(အိုးစည်ပါတီ)မှ ပါတီရာထူးအကြီးပိုင်းများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်အချို့က ယူနီဖောင်း၊ အသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စစ်ရေးသင်တန်းပေးကာ လက်နက် တပ်ဆင်ပေးမည်ဖြစ်ကြောင်း ရွာငံမြို့နယ်မှ တိုက်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
- ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာတွေနေထိုင်တဲ့ ယာယီစခန်းတွေကို ပြုပြင်ဖို့ အမေရိကန် ဒေါ်လာ ၅သန်းနီးပါး အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူ ဦးရေ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင် အရေး ပေါ်ပြုပြင်ဖို့ လိုအပ်နေပြီး အမေရိကန်ဒေါ်လာ ၄ဒဿမ၇ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
- မြန်မာ့အရေး အာဆီယံက သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရာမှာ မအောင်မြင်ဘူးလို့ Human Rights Watch က ထုတ်ပြန် လိုက်ပါတယ်။ မြန်မာ့ အကျပ် အတည်းကို ဖြေရှင်းဖို့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလက်ခံခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရက် ကိုလည်း အာဆီယံက လုပ်ဆောင်နိုင်ခြင်းမရှိသလို မြန်မာ့အရေးကို ဦးဆောင်နေတဲ့ အာဆီယံ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူတို့ဟာ စစ်အစိုးရကို အာဏာတည်မြဲ အောင် ကူညီပေးမယ့်အစား ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အတွက် လုပ်ဆောင် နေတဲ့လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲသင့်တယ်လို့လည်း ဆိုပါတယ်။
- ကချင်ပြည်နယ်၊တနိုင်းမြို့ရှိ တနိုင်းချောင်းအ တွင်း ဧပြီ ၂၁ ရက်ညနေ ၅ နာရီခန့်က ရေဆင်း ကူးရာမှနေစ်သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဧပြီ ၂၂ ရက်နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ ကြောင်း တနိုင်းမြို့အခြေစိုက်လူမှုကူညီရေးအ သင်းများမှသိရသည်။ တနိုင်းချောင်းအတွင်း ရေဆင်းကူးသည့် အမျိုး သားသည် မောင်မျိုးသီဟဇော်(၁၆)နှစ်ဖြစ်ကာ ၎င်း၏သူငယ်ချင်း ဖြစ်သူများနှင့် အတူရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
- မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူကျေးရွာအနီးတွင် ရွှေ့ပြောင်းနေထိုင်နေကြသည့် မြိုတိုင်းရင်းသားလူဦးရေ ၄၀၀ ခန့်မှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု နေထိုင်သူများ ထံမှသိရသည်။ သောက်သုံးရေရရှိရန် အဝီစိတွင်းလေးတွင်း တူးဖော်ထားသော်လည်း ဆားငံရေ ထွက်ပြီး သုံးစွဲရန်အဆင်မပြေခြင်းကြောင့် လက်ရှိမှာ ၄ ဖာလုံခန့်ဝေးသည့်တောင်ကျရေများကို ခပ်ယူသုံးစွဲနေရကြောင်းနှင့် တခါတရံ ကျောက်ပန်းတူကျေးရွာမှာ သုံးရေများကို ဖြစ်သလို တောင်းခံ၍သုံးစွဲနေကြသည်ဟု ၎င်းတို့ကပြောဆိုကြသည်။
- စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF မဟာမိတ် တပ်ပေါင်းစုက ယနေ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း သိရှိရ သည်။ နံနက် ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်တွင် အရာတော်မြို့ အထကကျောင်းတွင် တပ်စွဲနေ သော စစ်ကောင်စီတပ်ကို Ayardaw Falcon Force(AF2)၊ မုံရွာခရိုင်တပ်ရင်း – ၄ (Chindwin Attack Force) ၏ တပ်ခွဲ – ၁ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Excellent Flagတပ်ဖွဲ့ နှင့် အရာတော်မြို့နယ် ပ-က-ဖ တို့ ပူးပေါင်း၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး စစ်သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
- ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့က သူ့ရဲ့ နေအိမ် ကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဧပြီလ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာ လက်ပစ် ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ D.D.F က ထုတ်ပြန် ပါတယ်။ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်က ဦးသန်းရွှေရဲ့ နေအိမ်ရှေ့ ခြံပေါက်ဝမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်သား သုံးယောက်ကို ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ K.D.D.F တပ်ဖွဲ့ကဆိုပါတယ်။