သတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်

ဖက်ဒရယ်ဂျာနယ် ( ဧပြီ – ၂၂ – ၂၀၂၂ )

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီကနေ့ နေ့လယ်ပိုင်းက နိုင်ငံပိုင်သတင်းဌာနကနေတဆင့် မိန့်ခွန်းပြော ပြီး ဖိတ်ခေါ်လိုက်ပါတယ်။

“ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်တွင်းပြောဆိုခဲ့ပါတယ်။

လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့နဲ့ တက်ရောက်မယ့်သူ ပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ကြားပေးဖို့ အတွက်လည်း မိန့်ခွန်းထဲမှာ ပြောကြားထားပါတယ်။

အဲ့ဒီဆွေးနွေးပွဲတက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုံခြုံရေးက်ုလည်း အပြည့်အဝ တာဝန်ယူပါတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးက ပြောဆိုထားပါတယ်။

Related Articles

Back to top button