သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၁၇ – ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံ ဒေသအသီးသီးအတွင်း ယနေ့ ဧပြီလ(၁၇)ရက်နေ့ ဖြစ်ပွားခဲ့သည့် သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြခဲ့သည်။

 

  • ကရင်နီပြည်နယ်တွင် နယ်မြေကျူးကျော် ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၆၆)၊ ခမရ (၁၀၈) မှ တပ်ရင်းမှူး ဝင်းထိုက်စိုး ဦးဆောင်သောစစ်ကြောင်းကို ကရင်နီပူးပေါင်းအဖွဲ့ က ဧပြီလ ၁၄ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး ဝင်းထိုက်စိုး အပြင်းအထန် ဒဏ်ရာရ ၍ လွိုင်ကော်စစ်ဆေးရုံတွင် ဆေးကုသနေကြောင်း၊ ဒဏ်ရာပြင်းထန်၍ သေဆုံးနိုင်ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ တပ်ရင်းမှူး ဝင်းထိုက်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနှင့် နန်းဖဲကျေးရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ၄ ဦးသေဆုံးကာ ဝင်းထိုက်စိုးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

 

  • ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ ပြည့်ဖို့ ပံ့ပိုး ဝန်းရံ သွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအောင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပါဝင်တဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့က BPLA တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို သဝဏ်လွှာပေးပို့ ပြောလိုက်ပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တည်ထောင်ခြင်း တစ်နှစ်ပြည့် ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ အခြားတော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုသဝဏ်လွှာ တွေပေးပို့ခဲ့ကြပါတယ်။

 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာ ဘက်သို့ ယနေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း (၁၅)က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး “နှစ်သစ် လည်းကြို ဖက်ဆစ်လည်းဖြို” ကြွေးကြော်သံဖြင့် ချီတက် သပိတ် မှောက်ကြသည်။ ဖားကန့် ပြည်သူများက အာဏာ သိမ်း စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြပြီး ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာ နိုင် ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ် ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ငွေတိုက်စာချုပ်ဝယ်ကြပါ ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ စသည့် ကြွေးကြော်သံများဖြင့်ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

 

  • လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်း တစ်ရက် နေ့ ညနေပိုင်းတွင် မကောင်းဆိုးဝါး စစ်မိစ္ဆာနှင်သည့် သံပုံးတီး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ဧကနိရွာလူငယ်များပူးပေါင်းပြီး ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်း သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်ခဲ့ ကြပါသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ပြည်သူများသည် ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ၄၃၄ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် ဆန္ဒပြကြသည်။ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် သပြေပန်းများကိုင်ဆောင် ပြီး နှစ်သစ်တွင် အကြမ်းဖက် ဖက်ဆစ်မိစ္ဆာများကို သံပုံးတီးကာ မောင်းထုတ်ဆန္ဒပြကြသည်။

 

  • ရန်ကုန် သပိတ် အင်အားစုများဖြစ်သည့် Revolution Force၊ စမ်းချောင်းပင်မသပိတ်၊ Youths Association of Thingangyun (YAT)၊ လူငယ်များသမဂ္ဂ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်း)နှင့် Labour Alliance အဖွဲ့ဝင် CTUMတို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် “တန်ခူးလနှောင်း နှစ်သစ်ပြောင်းလဲ စစ်ကျွန်စနစ်ကို တော်လှန်ဆဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်၊ ဒဂုံတက္ကသိုလ်မုခ်ဝတွင် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ ဒဂံဒတက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ကျောင်းသားများသည် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်ကို စိုက်ထူကာ ကျောင်းမုခ်ဝကို ဆေးနီပက်ဖြန်း သွေးသပိတ်ပြုလုပ်ဆန္ဒပြကြသည်။ ဆေးနီပက်ဖြန်းရ ခြင်းသည် တော်လှန်ရေးအတွင်း အသက်ပေးခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသားများ၏ သွေးစက် များအား ရည်ရွယ်ပြီး ကျောင်းသားထုတရပ်လုံးအနေဖြင့် ထိုသို့ပေးဆပ်ခဲ့သောသွေးစက်များကို ထာဝရအမှတ်ရနေရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီကို ကဏ္ဍ အသီးသီးမှ တော်လှန်နေသော ရဲဘော်များ၊ အကျဉ်းထောင် အတွင်းရှိ ရဲဘော်များ၊ ပြည်သူ့များနှင့် PDF ရဲဘော်များအတွက် ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မုံရွာ ပင်မသပိတ်စစ်ကြောင်းက ဦးဆောင် ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်း တစ်ရက်နေ့တွင် ချီတက်ဆန္ဒပြကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်ပါဝန်းရံ လုံခြုံ ရေးယူပေးခဲ့ကြသည်။ “နှစ်သစ်မှာ အားသစ်လောင်း၍ နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” “ပြည်သူ လူထု ပေါင်းစုအားဖြင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ကြ” “လူထုအားဖြင့် တော်လှန်ရေး အောင်နိုင်စေ” စသည့်ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • လက်ပံတောင်းတောင်ဒေသတွင် ❝‌ နှစ်သစ်မှသည် ခေတ်သစ်ဆီသို့ ❞ ဘန်နာဆွဲကိုင်ပြီး လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုမှ လူငယ်များဦးဆောင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း လမ်းမထက်သို့ချီတက် သပိတ်မှောက်ကြွေးကြော်ခဲ့ ကြသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျေးရွာ ၁ ရွာမှ တော်လှန်အမျိုးသမီးများသည် ဧပြီလ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ပန်းသပိတ်ပြုလုပ်ကာ ဆန္ဒပြ ကြသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၄၀၃ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေးနှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်း ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ ကြွေးကြော်ဆန္ဒပြကြသည်။

 

  • အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာနေ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် “နှစ်‌ဟောင်းက အညစ်အကြေးတွေကို ဖက်ဆစ်သွေးနဲ့ ဆေးကြောမယ်” အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထု ပူးပေါင်း ကာ ယနေ့ ဧပြီလ (၁၇) ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက်၌ “စည်းလုံးမှုကိုအခြေပြုလို့ အောင်ပွဲ ဆီကိုချီဆက်ကြစို့” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

  • ဂန့်ဂေါမြို့နယ် ကျေးရွာ ၁ ရွာတွင် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြခဲ့ကြပြီး ဒေသသခံ ကာကွယ်ရေး တပ်ဖွဲ့များက လိုက်ပါ ဝန်းရံခဲ့ကြသည်။

 

  • ပဲခူးတိုင်း ပန်းတောင်းမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ”နှစ်သစ်မှာ စနစ်သစ် အတွက် တိုက်ပွဲဝင်ကြ” စာတန်း ချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်း၊နတ်မောက်မြို့နယ်တွင် ဒီကနေ့ ဧပြီ၁၇ ရက်နေ့တွင် စစ်အာဏာရှင်ကန့်ကွက် အလိုမရှိ ကြောင်း အိမ်တွင်သပိတ်ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ PDF ၅ ဦးကျဆုံးစေခဲ့သည့် စစ်တပ်နှင့်ပျူစောထီး များ၏ ပစ်ခတ်မှုတွင် တောပုကျေးရွာမှ ပျူစောထီးများ အဓိကပါဝင်နေကြောင်း PDF သတင်းရင်း မြစ်များထံမှ သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုသည် သပိတ် ချီတက်ချိန်တွင် ပစ်ခတ်ခြင်းမဟုတ်ဘဲ သပိတ်က အောင်မြင်စွာ ပြီးဆုံးကြောင်း၊ သပိတ်ပြီးမှ ရဲဘော်များ အပစ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး တိုက်ပွဲတွင် ညီနောင်မဟာမိတ်များ၊ PDF များနှင့်လက်တွဲကာ အရှိန်မြှင့်ဆင်နွှဲလိမ့်မည်ဟု ယုံကြည် ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ပြောသည်။ BPLA ၏ တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့် သို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး BPLA သည် နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

 

  • မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းတွင်ရှိသည့် ရွာပေါင်း ၁၂ ရွာခန့်ကို စစ်ကောင်စီတပ်ဖွဲ့များမှ ယခု ဧပြီ လအတွင်း ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခံခဲ့ရသဖြင့် စစ်ဘေးရှောင် ၁ သောင်းကျော် အရေး ပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီမှ ဝင်ရောက် မီးရှို့ခဲ့သည့် ပေါက်မြို့နယ် တောင်ပိုင်းရွာများမှာ တောင်ဘက်၊ ဇီးတော၊ အင်းငယ်ဒေါင့်၊ ဘို့မယ်၊ တောင်ချို၊ ဒိန်းကွင်း၊ ကျောက်အိုး၊ လက်ပံလှ၊ လက်ယာ၊ တံစူး၊ ကိုင်းမ၊ သက္ကယ်ကျင်း စသည့် ကျေးရွာများ ဖြစ်သည်။

 

Related Articles

Back to top button