အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ အား လဂွန်းအိမ်စာစဉ်မှ စုစည်းသုံးသပ်ချက်
#လဂွန်းအိမ်စာစဉ်
ဖက်ဒရယ်ဂျာနယ် (၅-အောက်တိုဘာ)
ပြည်နယ်တစ်ဝှမ်း နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲခဲ့သည့် နိုင်ငံရေး၊ စစ်ရေး ၊ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ ပညာရေး၊ တော်လှန်ရေး နှင့် လူငယ်အရေး စသည့် ကိစ္စအရပ်ရပ်ကို လဂွန်းအိမ်စာစဉ်မှ စုစည်းတင်ဆက်သွား ပါမည်။ အာဏာသိမ်းသည့်အချိန်မှစ၍ ဆန္ဒထုတ်ဖော်မှုများ ရရာနည်းဖြင့်တော်လှန်မှုများရှိခဲ့သည့်အချိန်မှစ၍ ယခု ၇ လ ကျော်ကာ ၈လထဲသို့ ရောက်လာသည့်
အချိန်တွင် မွန်ပြည်နယ်သည်လည်း အခြားသော တိုင်းနှင့်ပြည်နယ်များကဲ့သို့ပင် ဆုတ်ယုတ်မှုများ၊ မလုံခြုံမှုများ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား အပြန်အလှန်တိုက်ခိုက်မှုများ ရှိလာခဲ့ပါသည်။ သို့ပေမယ့် မွန်ပြည်နယ်တွင် ထူးခြားသည့်အချက်များ ရှိနေပြန်သည်။ အထူးခြားဆုံးအချက်မှာ “နိုင်ငံရေး” ကဏ္ဍပင်ဖြစ် သည်။ ယခုတစ်ပတ်တွင် မွန်ပြည်နယ်၏ လက်ရှိ နိုင်ငံရေးနှင့် စစ်ရေးအကြောင်းအရာများအား စုစည်းတင်ပြ သွားပါမည်။
နိုင်ငံရေး
နိုင်ငံရေးအရ ထူးခြားသည်ဟု ဆိုရခြင်းမှာ အချက် ၂ချက်ရှိ၏။ ပထမတစ်ခုကာ မည်သူမျှ မပူးပေါင်း စုပေါင်းတော်လှန်နေသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား မွန်ညီညွတ်ရေးပါတီ(ရွေးကောက်ခံပါတီ) မှ ပူးပေါင်းထားခြင်းပင်ဖြစ်သည်။ (၂၀၂၀) ရွေးကောက်ပွဲတွင် မွန်ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှု ရရှိခဲ့ သည့် နိုင်ငံရေးပါတီဟုဆိုနိုင်သည်။
၎င်းပါတီသည် မွန်ပြည်သူများ၏ အကျိုးစီးပွားအတွက် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းရခြင်းဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီနှင့် ပူးပေါင်းပြီးနောက် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးကဏ္ဍတွင် မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာဗညားအောင်မိုး ပါဝင်လာခဲ့သည်။ ထိုသို့ပါဝင်ပြီးမကြာခင်တွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဒေါက်တာဗညားအောင်မိုးသည်လည်း Sanction စာရင်းတွင်ထည့်သွင်းခြင်း ခံလာခဲ့ရသည်။ ထို့နောက် ပြည်နယ်အဆင့် အစိုးရဌာနတွင် နိုင်လယိတမအား စီမံစီးပွားဝန်ကြီးရာထူး ခန့်အပ်ခဲ့သည်။ စစ်ကောင်စီနှင့် ပူးပေါင်းပြီးနောက် ဝန်ကြီးရာထူးများခန့်အပ်ခြင်းခံရသော်လည်း မွန်ပြည်သူလူထုအတွက် မည်သည့်အကျိုး ခံစားခွင့်မျှ မရှိသေးပေ။ နိုင်ငံရေးဆိုသည်မှာ အကျိုးစီးပွားသာဖြစ်ကြောင်း ဆိုစမှတ်ပြုကြသည်လည်း ရှိသည်။ ယခုလည်း ပြည်သူ့အကျိုးစီးပွားမဟုတ်ဘဲ ၎င်းတို့၏ အကျိုးစီးပွား သက်သက်ပင် ဖြစ်နေသလားဟု မေးခွန်း ထုတ်ချင်စရာဖြစ်နေခဲ့သည်။
တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရတွင် မင်းဇေယျာဦးနှင့် နိုင်ကောင်းရော့တို့သည်လည်း စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ကာကွယ်ရေး ဒုဝန်ကြီး ရာထူးတို့တွင် အသီးသီးခန့်အပ်ခြင်း ခံရ သည်။ ထို့နောက် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) ၊ ကျောင်းသား လူငယ်များ၊ အာဏာရှင်ကိုတော်လှန်သည့် မွန်လူငယ်အင်အားစု၊ ရာမညဖက်ဒရယ် ဒီမိုကရက်တစ် ကော်မတီ(RFDC) ၊ ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF) အပြင် အခြားသောတော်လှန်ရေး အဖွဲ့အစည်းများသည်လည်း အသီးသီး ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်လာသည့် ကိုယ်စားလှယ်များနှင့် စုပေါင်းထားသည့် မွန်ရေးရာ အဖွဲ့ကိုလည်း ဩဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့မှာလည်း ပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခြင်းမှလွဲ၍ ယခုအချိန်အထိ နိုင်ငံရေးအရ မည်သည့်လှုပ်ရှားမှုမှ ထူးထူးခြားခြား ဆောင်ရွက်ထားနိုင်ခြင်း မရှိသေးပေ။
ဒုတိယတစ်ချက်ကာ မွန်လူထုတစ်ရပ်လုံးမှ အားပေးထောက်ခံမှု အပြည့်အဝရရှိထားသည့် “မွန်ပြည်သစ်ပါတီ” ၏ အခန်းကဏ္ဍပင်ဖြစ်သည်။ NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်သကဲ့သို့ မွန်ပြည်သူ လူထုတစ်ရပ်လုံးသည်လည်း မွန်ပြည်သစ်ပါတီအား လေးစားထောက်ခံကြသည်။ လူထုတစ်ရပ်လုံး အာဏာရှင် အား တော်လှန်ပြီး အချို့သော တိုင်းရင်းသားလက်နက်ကိုင်များက အသီးသီးတိုက်ပွဲဝင်နေသည့်အချိန်တွင် မွန်ပြည်သစ်ပါတီသည် NCA ကိုစွဲကိုင်ထားဆဲဟုဆိုသည်။ ပြည်သူလူထုကလိုလားသည့် လက်နက်ကိုင် တော်လှန်ရေးအား အကောင်အထည်ဖော်မည် မဖော်မည်ကို မွန်ပြည်သစ်ပါတီမှ တိတိကျကျ ထုတ်ပြန်ထား ခြင်းမရှိပေ။ ထိုအခြေအနေကို ပြည်သူလူထုဘက်မှ အားမလိုအားမရဖြစ်နေသည်။
လက်နက်ကိုင် တိုင်းရင်းသားနိုင်ငံရေးကဏ္ဍတွင် မွန်ပြည်သစ်ပါတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တွင် ယာယီဥက္ကဌရာထူးအား လက်ရှိတာဝန်ယူထားသည်။ ဤအချက်မှာ တိုင်းရင်းသားနိုင်ငံရေး ကဏ္ဍတွင် အထိုက်အလျောက် ပေါက်ရောက်နေသေးသည်ဟု အကြမ်းဖြင်း မှတ်ယူနိုင်သည်။ ယခုကာလတွင် မွန်ပြည်သစ်ပါတီသည် ၎င်း၏ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို လုပ်ဆောင်နေသည်။
စစ်ရေး
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ( EAO)၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲများစွာဖြစ်ပွားလာခဲ့သည်။ ISP Myanmar မှ စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် တိုက်ပွဲ ၈၇၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဒို့ပေမယ့် မွန်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုမှာ ၁၀ကြိမ်ဝန်းကျင်သာရှိခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်များတွင် လေ့လာ နိုင်သည်။ အခြားသောတိုင်းနှင့် ပြည်နယ်များနှင့်ယှဉ်လျှင် တိုက်ပွဲဖြစ်ပွားမှု အရေအတွက်နည်းနေ သည်ကို မြင်တွေ့ရပါသည်။
တိုက်ပွဲများ ဖြစ်ပွားမှုရှိသည့်နေရာများမှာ ကျိုက်ထိုမြို့နယ်၊ဘီးလင်းမြို့နယ်၊သထုံခရိုင်၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွေမှာသာ အဖြစ်များနေသည်ကို တွေ့ရသည်။ အကြောင်းမှာ ၎င်းမြို့နယ်များတွင် ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် KNU ထိန်းချုပ်နယ်မြေများ တည်ရှိနေခြင်းကြောင့်ဟု မှတ်ယူနိုင်သည်။
မေလတွင် ကျိုက်ထို၊သိမ်ဇရပ်၊ဘီးလင်း၊ ချောင်းဆုံနှင့် သထုံမြို့နယ်များ အသီးသီးတွင် ပြည်သူ့ကာကွယ်ရေး တပ်များ စတင်ဖွဲ့စည်းတည်ထောင်လိုက်သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ဇွန်လတွင် ပေါင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ပေါ်ပေါက်လာပြီးနောက် ဇူလိုင်လတွင် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စသဖြင့် ပေါ်ပေါက်လာခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေး တပ်များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များအား ပျောက်ကြား စနစ်ဖြင့် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ မကြာခဏသေဆုံးမှုများရှိနေသည်။
စက်တင်ဘာလ လလယ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို စတင်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အလျင်အမြန်မဟာမိတ် ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းအဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒလမ်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားကြမည်ဟု ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် စစ်ပွဲများမရှိနေသည့်အပေါ် စစ်အာဏာရှင်နှင့် အပေါင်းအပါများဟု ဝေဖန်ခံနေသည်များလည်း ရှိသည်။ သို့ပေမယ့် စစ်ပွဲများမရှိခြင်း၏နောက်တွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ဒွန်တွဲနေသည်။ စစ်ပွဲများမရှိ ခြင်းကြောင့် အိုးအိမ်များစွန်ခွာထွက်ပြေးရမှုမရှိခြင်း၊ စစ်ဘေးဒုက္ခသည်စခန်းများမရှိခြင်းတို့မှာ ပြည်သူများ အတွက် ကောင်းကျိုးများဟု မှတ်ယူနိုင်သည်။