သုံးသပ်ချက်

စီအိုင်အေ လက်ထောက် ညွှန်ချုပ် နှင့် ထိုင်း ဝန်ကြီးချုပ်တို့ မြန်မာ အရေး တံခါးပိတ် ဆွေးနွေး

စီအိုင်အေ လက်ထောက် ညွှန်ချုပ် နှင့် ထိုင်း ဝန်ကြီးချုပ်တို့ မြန်မာ အရေး တံခါးပိတ် ဆွေးနွေး

**********************************

အမေရိကန် ဗဟို ထောက်လှန်းရေး အေဂျင်စီ လက်ထောက်ညွှန်ချုပ် ဝီလျံ ကိုဟင်သည် သောကြာနေ့က ဘန်ကောက်ရှိ အစိုးရ အိမ်တော်သို့ ရောက်ရှိလာပြီး ထိုင်း ဝန်ကြီးချုပ် နှင့် တံခါးပိတ် ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖေါ်ပြထားသည်။
ဆွေးနွေးသည့် အကြောင်းအရာများသည် မြန်မာနိုင်ငံ အတွင်းရှိ လုံခြုံရေး အခြေအနေများ နှင့် နိုင်ငံတွင်းသို့ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးပို့ နိုင်ရေး အတွက် ထိုင်း မှ လုပ်ဆောင်ပေးနိုင်မှုများ ဖြစ်သည်ဟု သတင်းစာ က ဆိုသည်။
မြန်မာ အာဏာသိမ်း အဖွဲ့သည် ထိုင်း အပေါ် မချစ်သော်လည်း အောင့်ကာနမ်းသည့် ပုံစံဖြင့် ဆက်ဆံ နေရာ ၎င်းတို့အား နောက်ကျော ဓါးနှင့် ထိုးမည့်သူများဟု မူလက ယုံကြည်ထားမှုများ ခိုင်မာသွားခဲ့ရပြီ ဖြစ်သည်။
သတင်းစာက ဆက်လက် ရေးသားထားရာတွင် စီအိုင်အေ အကြီးအကဲ သည် ကြိုတင် ကြေညာထားခြင်း မရှိဘဲ ရောက်ရှိလာခြင်း ဖြစ်ပြီး ထိုင်း ဝန်ကြီးချုပ်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မီဒီယာ များကို လုံးဝ ဝင်ရောက်ခွင့် မပြုခဲ့ဟုလည်း သိရသည်။
ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး နှင့် နောက်နှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု APEC အဖွဲ့ ဥက္ကဌ အဖြစ် ထိုင်း မှ တာဝန်ယူမည်ကို အမေရိကန် က ထောက်ခံကြောင်းများလည်း ပါဝင်ခဲ့သည်။
မစ္စတာ ကိုဟင်သည် အာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံ သို့ ခရီးဆက်ရန် ရှိနေသည်ဟု သိရပြီး မည်သည့် နိုင်ငံများ ဖြစ်သည်ကို မူ ဖေါ်ပြထားခြင်း မရှိပေ။
မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် အပေါ် ပွင့်လင်း မြင်သာမှု မရှိဟု ဆိုကာ ထိုင်းနိုင်ငံတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ထိုင်း မှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ လက်ထဲ ကိုဗစ် ကာကွယ်ဆေးများ လှူဒါန်း မည့် အရေးကိုလည်း မကျေမနပ် ဖြစ်နေကြသည်။
ယခု စီအိုင်အေ၏ အရေးပေါ် ရောက်ရှိလာမှုသည် ထိုင်းဝန်ကြီး၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိမရှိကို ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှုးချုပ် ဆူပေါ့ မာလီယန်နီ ယွန် မှ အတည်ပြုခြင်းလည်း မရှိ၊ ငြင်းဆိုခြင်းလည်း မရှိ ဟု Thai NewsRoom မီဒီယာက ဆိုသည်။
စစ်ကောင်စီသည် ဒင်နီ ဖန်စတား အား ထောင် ၁၁ နှစ်ချပြီးကာမှ သုံးရက်နှင့် လူကြားမကောင်း အရှက်တကွဲ ဖြစ်ရသည့် အထိ ပြန်လွှတ်ပေးခဲ့ရခြင်းမှာလည်း စိုးရိမ်စရာ အနေအထားများ ဖြစ်ပေါ်လာမည်ကို တွက်ဆမိ၍လည်း ဖြစ်ပေမည်။
အမေရိကန်မှ လူသားချင်း စာနာထောက်ထားသည့် အကူအညီ များ ထိုင်း မှ တဆင့် ပို့ပေးရန် ရှိနေသည်များကို အကာအကွယ် ပေးရန် ကတိကဝတ်ပြုမှုများလည်း ပါဝင်နိုင်သည်ဟု ထင်ကြေးများ ထွက်ပေါ်လာနေပေသည်။
တချိန်တည်းမှာပင် စစ်အာဏာသိမ်း အဖွဲ့သည် ရုရှားလုပ် MI 35 ရဟတ်ယာဉ်များ သုံးကာ ခုခံ တွန်းလှန်စစ် ဆင်နွှဲနေသော မကွေး တိုင်း ဆောမြို့နယ် တော်လှန်‌ရေး အဖွဲ့ကို နှိမ်နှင်းနေသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် တော်လှန်ရေး အဖွဲ့ ၏ ခုခံမှုကြောင့် စစ်ကောင်စီ တပ်သား ၂၀ ခန့် သေဆုံးသွားခဲ့ရသည်။
တောတောင်ထူထပ်သော ဒေသများဖြစ်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်များတွင် စစ်ကောင် စီ၏ တိုက်လေယာဉ်များ ထင်တိုင်း မပေါက် ဖြစ်နေရသည်။ အဆိုပါ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျှက် ရှိနေသည်။ ကလေး PDF တပ်မဟာ (၃) မှ ဖမ်းဆီးခံခဲ့ရသည့် ဆေးဝန်ထမ်း အမျိုး သမီး ရှစ်ဦးကို စစ်ကောင်စီ လက်မှ ပြန်လည် ကယ်တင်ရန် လုံးပမ်းလျှက် ရှိနေကြသည် ဟု သိရသည်။ ဂျပန် ကင်ပေတိုင် များထက် အဆမတန် ဆိုးဝါးသော စစ်ကောင်စီ တပ်များ၏ လက်ဝယ် ရောက်ရှိ နေရသည့် အမျိုးသမီး ငယ်လေး ရှစ်ဦး ၏ ကံကြမ္မာ ကို တတိုင်းပြည်လုံးက စိုးရိမ်မကင်း ဖြစ်လျှက် ရှိနေကြသည်။
NUG သည် ပြောက်ကျားစစ်ဖြင့် စစ်ကောင်စီ တပ်များကို စိတ်ဓါတ်ရေးရာ အရရော၊ စစ်အင်အားအရပါ တဖြေးဖြေး ပြုတ်ပြုတ်ပြုန်းရန် ရည်ရွယ် လုပ်ဆောင်နေပုံရပြီး စစ်ပန်းလာသည့်အခါတွင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ထိုးစစ်ကြီး ဆင်နွှဲလာမည်ဟု ယူဆရပေသည်။
စစ်ကောင်စီသည် ဂျပန် အထူး သံတမန် ယိုဟီ ဆာဆာကာဝါ နှင့် တရုတ် အထူး သံတမန် ဆွန်ကောရှန် တို့မှ နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံရန် တောင်းဆိုမှု ကို ပယ်ချခဲ့၍ တွေ့ခွင့်မရဘဲ ပြန်သွားခဲ့ရသည် ဟု သတင်းများက ဆိုသည်။
စစ်ကောင်စီ အကြမ်းဖက် အဖွဲ့သည် ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရအား ဆန့်ကျင်သည့် ဝါဒ ဖြန့်ချီ ရေးများ အချိန်ပြည့် လုပ်ဆောင်နေရပြီး နေ့စဉ်လို ၎င်းတို့ သစ္စာခံ တပ်သားများ အကျအဆုံး များလာသည်နှင့် အမျှ အရွယ်ရောက်သူများအား အတင်း အဓမ္မ စစ်ထဲ ဆွဲသွင်းရန် ပြင်ဆင်လာနိုင်ဖွယ် ရှိနေသည်။
စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်နန် နှင့် Bloomberg တွေ့ဆုံ မေးမြန်းခန်းတွင် မြန်မာနိုင်ငံ မှာ အာဏာသိမ်းမှုသည် ဒီမိုကရေစီ ဆုတ်ယုတ်သွားခဲ့ရုံမက မြန်မာ ပြည်သူများ အပေါ် ကြီးမားသည့် အရှိန် အဟုန် နှင့် ရိုက်ခတ်ခံရသည့်၊ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ကျရောက်ခံရသည့်၊ ရှက်ဖွယ်လိလိ လုပ်ရပ် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။ ထို့ပြင် မြန်မာ ပြည်သူ များသည် မိမိတို့အရေးကို မိမိတို့ဖာသာ ဖြေရှင်း နိုင်စွမ်း ရှိသူများ ဖြစ်၍ ပြည်ပမှ ဝင်ရောက် ဖြန်ဖြေမှုများကို အလွန်အမင်း ထည့်တွက်ထားခြင်း မပြုရန်လည်း သတိပေးသွားခဲ့သည်။
အကယ်၍ သူသည် မြန်မာ ဖေ့စ်ဘုတ် လောက ကို ထဲထဲဝင်ဝင် လေ့လာမည် ဆိုလျှင် ထိုသို့ ပြောမည် မထင်ပါ။
သူပြောသလို ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ကျရောက်နေပြီ ဆိုသည်ကို ရိပ်စားမိခြင်း မရှိ၊ ထိုအရေးကို ကာကွယ်ရန် အသက်ပေး၍ တိုက်ပွဲဝင်နေသူများ ကိုလည်း စာနာရကောင်းမှန်း မသိ ဖေ့စ်ဘုတ်ကို အပျင်းပြေ သဘောမျိုး၊ မိမိ အကောင့်တွင် သတင်းစုံတယ်ဟု ဖေါ်လိုဝါ ရရန် မြှူသည့် အနေဖြင့် မှန်သည် မှားသည် မခွဲခြား၊ မိမိ၏ သတင်းသည် ရန်သူ အတွက် မည်မျှ အထိ အကျိုးရှိသွားသည်ကို လည်း စဉ်းစားရကောင်းမှန်း မသိ တက်လာသမျှ သတင်းများကို အလုအယက် ရှယ်နေကြသည်။ ထင်ရာမြင်ရာ တွေ ရေးကြသည်၊ သတင်းမှား နေမှန်းသိနေပြန်လျှင် မိမိ ဘာမျှ မရေးခဲ့သလို၊ နောက်တနေ့ အတွက် အကြောင်းအရာ အသစ်တခု ရေးဖို့ တင်ဖို့ ရှာကြံကြပြန်သည်။
ကိုဖြိုးဇေယျသော် အဖမ်းခံရသည့် ပုံများကိုလည်း မိမိ၏အကောင့်တွင် ထိုသို့ သတင်းမျိုး မပါ၍ မဖြစ် ဆိုကာ အလုအယက် တင်ကြသည်။ ဤသည်ကို ကြည့်ရင်းနှင့်ပင် “ပိန်း” သတင်း များကြောင့် တော်လှန်‌ရေး ကြီး ထိခိုက်လာနိုင်သည့် အရေးကို တွေးကာ အသဲယားလာမိသည်။
မနေ့က အကြောင်းအရာ တခုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘိုင်ဒင်သည် သမ္မတ ရာထူးကို ကမ္မလာ ဟာရစ် အား လွှဲပြောင်းပြီး ရာထူးမှ ဆင်းသွားပြီ ဆိုကာ ထင်ရာမြင်ရာများ အတည်ပေါက် ရေးကုန်ကြသည်။ မြန်မာပြည်အတွက် မည်သို့ ထိခိုက်လာနိုင်သနည်း ဟူ၍ပင် ရှည်လျားစွာ ဆက်စပ်ရေးကုန်ကြသည်။ တကယ် တမ်းတွင် ဘိုင်ဒင်သည် အူလမ်းကြောင်း၌ ကင်ဆာ ဖြစ်နိုင်သည့် အဖု ကလေး များ ရှိမရှိ ရှာဖွေ ပြီး ခြစ်ထုတ် ရသည့် Colonoscopy ဆိုသည့် အော်ပရေးရှင်းကို လုပ်ရန် တနာရီခွဲကြာမည့် မေ့ဆေး ပေးခံရမည့် အချိန် အပိုင်းအခြား အတွက် သမ္မတ ရာထူးကို ဒုသမ္မတအား ယာယီလွှဲပြောင်း ပေးလိုက်ရခြင်းသာ ဖြစ်သည်။ အမေရိကန် သမ္မတတယောက်အဖို့ နာရီပိုင်းလောက် လောကကြီး နှင့် အဆက်ပြတ်သွားကာ decapacitated to make decisions ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း ချို့ယွင်းသွားမည့် အရေးကို အမေရိကန် ဖွဲ့စည်းပုံက ကာကွယ် ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်ကို မသိ၍လော၊ သို့မဟုတ် ရည်ရွယ်ချက် ရှိရှိ ရေးခြင်းလော က မကွဲပြား၊ သို့သော် မိမိအဖို့က တလွဲ မဟုတ်က ဟုတ်က များ ရေးသားနေကြသည်ကို တွေ့ရတိုင်း တော်လှန်ရေး အတွက် ရင်လေးနေမိ သည်ကား အမှန်ပင် ဖြစ်သည်။
ဖေ့စ်ဘုတ်ကို တော်လှန်ရေး အတွက် လူထု စည်းရုံးရေး အသွင်ဖြင့် တိုက်ပွဲ ဝင်သွားရန် မရည်ရွယ်၊ လူကြိုက် များရေး၊ ဆယ်လီ ဖြစ်ရေး က ပိုအရေးကြီးနေသည်၊ မခက်ပေလော။
စစ်တပ်၏ အကောင့်များထဲတွင် PDF တို့ လက်ချက်ဖြင့် ၎င်းတို့ မည်မျှ အထိ ကျဆုံးသွားကြောင်း နှင့် အခြား လက်အောက်ငယ်သားများ စိတ်ဓါတ်ကျစရာ သတင်းမျိုးကို တလုံးတပါဒ မျှ တွေ့ကြရမည် မဟုတ် ဆိုသည်ကို သတိချပ်ရန် လိုသည်။

Hla Soewai (လှစိုးဝေ) 

ဖက်ဒရယ်ဂျာနယ် 

နိုဝင်ဘာ ၂၂၊ ၂၀၂၁ 

Related Articles

Back to top button