သုံးသပ်ချက်

ပြောစေချင်သည့် စကား အမေရိကန် သုံးပြီ

ပြောစေချင်သည့် စကား အမေရိကန် သုံးပြီ

********************************

စစ်ကောင်စီသည် တရုတ်၊ ရုရှား တို့ အားကိုးဖြင့် ဆက်လက် ခေါင်းထောင်နေသည့် အရေးအား အမေရိကန် တို့ မည်သို့ မျှ ဆက်လက် ကြည့်နေနိုင်စွမ်း မရှိတော့ပေ။ စစ်လက်နက် ပစ္စည်း များ တင်ပို့ ရောင်းချနေရာမှ နောက်ပိုင်းတွင် နျူ ဓါတ်အားပေး စက်ရုံ အကြောင်းပြကာ နျူလက်နက်များ အထိ ဖြစ်လာနိုင်သည် ကို စိုးရိမ်စ ပြုလာနေပြီ ဖြစ်သည်။

ယခုအခါ စင်္ကာပူ သို့ ရောက်ရှိနေသော အမေရိကန်၏ အထက်တန်း သံတမန် တဦး ဖြစ်သူ အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တင် ဘရင့်က “All options are on the table” ဆိုသည့် စကား ထည့်သွင်း သုံးစွဲသွားခဲ့သည်။

ဤသည်က လိုအပ်လျှင် စစ်ရေးအရ အရေးယူ မှု ပါဝင်လာနိုင်သည် ဆိုသော သံတမန် အသုံးအနှုံး တခုပင် ဖြစ်သည်။

“(မြန်မာ အရေး ဖြေရှင်းရန်) လုပ်နိုင်သမျှ ကို ထည့်သွင်းစဉ်းစားထားပြီး ဖြစ်ကြောင်း၊ ထိုအရေးသည် အမေရိကန် အတွက်သာ မဟုတ်၊ နိုင်ငံတကာ မိသားစု များ အနေဖြင့် စစ်တပ်၏ အာဏာသိမ်း လုပ်ရပ်နှင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက် နေခြင်းကို လက်မခံကြဘဲ အပြောင်းအလဲများ သက်ရောက်လာအောင် ဘာမဆို လုပ်သွားရန် တာဝန် ရှိကြောင်း ဒေသတွင်း ရှိ မလေးရှား၊ ဂျကာတာ၊ ထိုင်း နှင့် စင်္ကာပူ နိုင်ငံများသို့ လေးရက်ကြာ ခရီးလှည့်လည်နေစဉ် အတွင်း စင်္ကာပူတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“မိမိ၏ ခရီးစဉ်သည် အရှေ့တောင် အာရှ အပေါ် မည်မျှ အလေးထားသည်ကို ယုံကြည်ရသည့် အနေအထား အထိ ပေါ်လွင်အောင် သက်သေထူနိုင်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ် ဒေသအပေါ် အာဆီယံ ၏ အချက်အချာ ကျမှု နှင့် ရှုမြင်ထားမှုကို မိမိတို့ ထောက်ခံသည်” ဟုလည်း ဆိုသည်။

အမေရိကန်သည် အီရတ်အရေး တွင်လည်း အလားတူ စကားလုံးများ သုံးနှုန်း ပြောဆိုခဲ့ဖူးပေသည်။

အာဏာသိမ်း အဖွဲ့ကို ဖိအားများ ပေးနိုင်ရန် နှင့် ၎င်းတို့ ဆက်လက် ဖိနှိပ်နေနိုင်စေမည့် ငွေကြေး စီးဝင်နေမှု လမ်းကြောင်း များကို ဖြတ်တောက်ပြစ်နိုင်မည့် နည်းလမ်း များ အပါအဝင် မိမိတို့ ဆောင်ရွက်နိုင်သည့် နောက်ထပ် အစီအစဉ်များကို သုံးသပ်လျှက် ရှိနေကြောင်း လည်း ပြောသွားခဲ့ပြန်သည်။

သန်းလှိုင်ကို တူရကီ ရှိ အင်တာပို ညီလာခံသို့ တက်ရောက်ခွင့် ပြုလိုက်ခြင်းသည်ကပင် ၎င်းအား အမေရိကန် ဖက်က မြန်မာ နိုင်ငံ အပြင်ထွက် သို့ ထွက်လာခွင့် ပေးပြီး စည်းရုံးနိုင်ခွင့် ရရန် ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု အနောက်အုပ်စုမှ ညီလာခံ တက်ရောက်မှု အား ကန့်ကွက်ခြင်း မရှိသည့် အပေါ် သုံးသပ်မှုများ ရှိနေသည်။ သန်းလှိုင်၏ ညီ ဖြစ်သူသည် စစ်ကောင်စီ လက်မရွံ့တပ်များ၏ ညှင်းပမ်းနှိပ်စက်ခံရမှု ကြောင့် သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။

လက်ရှိတွင် အာဏာသိမ်း အဖွဲ့သည် ကမ္ဘာ အကြီးဆုံး အဖွဲ့ကြီး တွင် ကိုယ်စားပြုခွင့် မရဘဲ နေရာပျောက်သွား ခဲ့ပြီ ဖြစ်သည်။ ယမန်နေ့တွင် ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီက ကိုယ်စားပြုပိုင်ခွင့်ကို ဆုံးဖြတ်ရန် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်၍ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အလိုအလျောက် သူ၏ မူလ တာဝန်များကို ဆက်လက် ထမ်းဆောင်ခွင့် အပေါ် နောက်နှစ် အထွေထွေ ညီလာခံ ကျင်းပချိန်အထိ ရရှိသွားခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီကဲ့သို့ ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော အာဖဂန်နစ္စတန် ရှိ တာလီဘန် အဖွဲ့ ကိုယ်စား ပြုခွင့်ကိုလည်း အလားတူ ရွှေ့ဆိုင်းပေးခဲ့ပြန်သည်။

ကော်မတီသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အထွေထွေ ညီလာခံသို့ နောက်အပတ်တွင်း တင်ပြရဖို့ ရှိနေပြီး အဖွဲ့ဝင် နိုင်ငံများ အကြား ယေဘုယျ သဘောတူညီချက် မရလျှင် မဲခွဲဆုံးဖြတ်ရမည် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်းထွန်းမှ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချလိုက်ပြီး ဆုံးဖြတ်ချက်သည် မြေပြင် အနေအထား နှင့် ကိုက်ညီမှု မရှိ၊ မြန်မာနိုင်ငံ တည်ရှိမှုကို လစ်လျူရှုခဲ့ခြင်း ဖြစ်ကြောင်း လိုရာဆွဲကာ လိမ်လည် ပြောဆိုသွားခဲ့ပေသည်။ သံတမန် လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ ဥပဒေများ နှင့် အညီ ဆက်လက်ကြိုးစားသွားမည်ဟုလည်း ဆိုသည်။

သို့သော် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည် ဆိုသော လူများသည် နယူးယောက် တရားရုံးတွင် အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ ကြီးမှ စစ်အာဏာသိမ်း အဖွဲ့ လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် ဆန္ဒပြသူများအား ရည်ရွယ်ချက် ရှိရှိ ဖြင့် အကွက်ချကာ ပြေးလမ်းပေါက်များကို ပိတ်ဆို့ပြီး စစ်တပ်သုံး မောင်းပြန် သေနတ်များနှင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရာမှ ထွက်ပေါ် လာသည့် အစီရင်ခံစာ ကို ထုတ်ပြန်လိုက်ပြန်၍ ဇော်မင်းထွန်း၏ နိုင်ငံတကာ ဥပဒေများ နှင့် အညီ ဆက်လက် ကြိုးပမ်းသွားရန် အားထုတ်မည် ဆိုသော စကားသည် သဲထဲရေသွန် ဖြစ်သွားရပေတော့မည်။

အဆိုပါ အဖွဲ့ကြီးသည် မတ်လ ၁၄ ရက်နေ့တွင် အနည်းဆုံး လူပေါင်း ၆၅ ဦး အထိ သတ်ဖြတ်ခံခဲ့ရသည့် ရန်ကုန် လှိုင်မြစ်လမ်း ထိုင်သပိတ်အား နှိမ်နှင်းခဲ့ပုံ ကို မျက်မြင်သက်သေ ၆ ဦး၊  ဗီဒီယို ဖိုင် ၁၃ ခု၊ ဓါတ်ပုံ ပေါင်း ၃၁ ပုံကို အသေးစိတ် လေ့လာ စစ်ဆေးခဲ့ပြီး ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် စစ်တပ် အရာရှိတဦးက “ဒီကောင်တွေကို ဘာမှ ညှာနေစရာ မလိုဘူး” ဟူ သော အသံဖိုင်လည်း ပါဝင်လာခဲ့သည်။

တကမ္ဘာလုံးက လူရာ အသွင်း မခံရသော စစ်ကောင်စီ အတွက် ဖြေသိမ့်စရာ တခု အဖြစ် ထွက်ပေါ် လာခဲ့ သည်မှာ ကမ္ဘောဒီယား ဝန်ကြီးချုပ်မှ စစ်ကောင်စီ ၏ နိုင်ငံခြားရေး ဝန်ကြီးဟု ခန့်အပ်ထားသူ ဝဏ္ဏမောင်လွင်ကို နောက်အပတ်အတွင်း လာရောက်ရန် ဖိတ်စာ ပို့လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ပါရှိလာခဲ့သည်။

စစ်ကောင်စီ အဖို့ အစည်းအဝေး တက်ရောက်သည်မှလွဲ၍ ထိုသို့ လူလူသူသူ ဖိတ်ခေါ်ခံရခြင်းသည် ပထမဆုံး အကြိမ် ပင် ဖြစ်သည်။

က‌မ္ဘောဒီယားသည် အာဆီယံ ဥက္ကဌ တာဝန် ယူရတော့မည် ဖြစ်၍ မြန်မာ ပြဿနာကို ဟွန်ဆန်အနေနှင့် ဖြေရှင်း နိုင်လိမ့်မည်ဟု ယူဆ၍ ပထမဆုံး အကြိမ် သွေးတိုးစမ်းခြင်းလည်း ဖြစ်နိုင်သည်။ ဟွန်ဆန် သည် အာဆီယံ ၏ နိုင်ငံ ခေါင်းဆောင်များထဲတွင် သက်တမ်း အရင့်ဆုံး ဖြစ်ပြီး သူ့ကိုယ်သူလည်း အထင်ကြီးနေပုံရသည်။ ထို့ပြင် မင်းအောင်လှိုင်သည် သူ့ လောက် မဆိုးလောက်ဟု ယူဆပုံလည်း ရှိသည်။

လာမည့် ဇန်နဝါရီလ တွင် ကမ္ဘောဒီယား မှ မြန်မာ အရေး အထူး သံတမန် ခန့်အပ်ရန် ရှိနေသည့် ကိစ္စအတွက် သဘောထား တီးခေါက်လိုပုံလည်း ရသည်။ ကမ္ဘောဒီယားမှ ခန့်အပ်မည့် သံတမန်၏ သဘောထား နှင့် အာဆီယံ မှ မည်သို့ တုန့်ပြန်မည် ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်သွားနိုင်ဖို့ လုံးဝ မဖြစ်နိုင်‌တော့သည့် အနေအထား ရောက်နေပေပြီ။ ပြည်ပ မှ ၎င်းတို့ အား ထောက်ခံလိုသည့် လက်ချိုး ရေလျှင် ပင် ရနိုင်လောက်သည့် နိုင်ငံများကလည်း ယခုပုံစံမျိုး နှင့် မဖြစ်နိုင်၊ ဖြေရှင်းရမည့် ပြဿနာ အဖြစ် လက်ခံလာကြပြီ ဖြစ်သည်၊ ရှေ့လျောက် ဒီအတိုင်း ဆက်သွားမည်ဆိုက ၎င်းတို့ နှင့် မိသားစုများပါ အန္တရာယ် ကျရောက်လာနိုင်တော့မည်ကို ရိပ်စားမိလာကြတော့မည်လည်း ဖြစ်ပေသည်။

လက်ရှိတွင် လုပ်နိုင်သမျှ လိုက်လုပ်နေရသည့် အနေဖြင့် NUG တွင် ပါဝင်နေသူများ နှင့် ထင်ရှားသူများ၏ နိုင်ငံကူး လက်မှတ်များကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဩစတေးလျှ ရှိ မြန်မာ သံရုံး မှ အကြောင်းကြားစာများ ဖြန့်ဝေလာသည့် သတင်းလည်း ထွက်ပေါ်လာခဲ့သည်။

ကိုးကား – The Straits Times / Bangkok Post / ABC (Australia)

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၃၊ ၂၀၂၁

Related Articles

Back to top button