သုံးသပ်ချက်အတွေးအမြင်

SAC ဟု ခေါ်ဆိုခြင်းကို ရှောင်ရှားသင့်ပြီ

SAC ဟု ခေါ်ဆိုခြင်းကို ရှောင်ရှားသင့်ပြီ

ဆလိုင်း ကျဲအိုဘိခ်ထောင် (အတွေးအမြင်)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၊ ၂၀၂၁

အာဏာသိမ်း စစ်တပ်က သူ့ကိုယ်သူ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (အင်္ဂလိပ်နာမည်ဖြင့် State Administrative Council) ဟု လူသိရှင်ကြား ကြေညာခဲ့သည်။ အတိုကောက်အားဖြင့် နစက ဖြစ်ပြီး အင်္ဂလိပ်အက္ခရာဖြင့် SAC ဖြစ်ပါသည်။

မတရား အာဏာသိမ်းစစ်တပ်ကို ကျန်တော်တို့က နိုင်ငံတော်(State) ကိုယ်စားပြု အစိုးရအဖြစ် အသိအမှတ် မပြုလိုသည့်အတွက် သူ့ကိုယ်သူ ပေးထားသည့် နာမည်အတိုင်း ခေါ်ဆိုမှုကို NUG အပါအဝင် မြန်မာ ပြည်သူများနှင့် သတင်းမီဒီယာများ အားလုံးနီးပါးက ရှောင်းရှားပြီး “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (အတိုကောက်ဖြင့် နစက)”ဟု ခေါ်ဆိုခြင်းမပြုဘဲ စစ်ကောင်စီ (စကစ) သို့မဟုတ် အကြမ်းဖက်၊ အာဏာသိမ်း စစ်တပ်/စစ်ကောင်စီ ဟု သုံးနှုန်းခေါ်ဆိုကြသည်။ မည်သူမျှ စောဒက မတက်ကြပေ။

သို့သော်၊ ကျွန်တော်တို့က ဗမာ/မြန်မာဘာသာဖြင့် ပြောဆိုရေးသားရာတွင် ထိုကဲ့သို့ သတိထား ရှောင်းရှားကြသော်ငြားလည်း အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုရာတွင်မူ မူရင်းနာမည် State Administration Council နှင့် ၎င်း၏အတိုကောက် SAC ဖြင့် အားလုံးနီးပါးက ဆက်လက် ခေါ်ဆိုနေသေးသည်မှာ စဉ်းစားစရာဖြစ်ပါသည်။ အထူးသဖြင့် NUG အစိုးရ ကိုယ်တိုင်က SAC ဟု ဆက်လက် သုံးနှုန်းနေသေးသည်မှာ အံ့ဩစရာဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း SAC သည် နစက နှင့် ရာနှုန်းပြည့် အတူတူဖြစ်နေသည်မှာ မည်သို့မျှ ငြင်းပယ်လို့မရပေ။ (SAC=နစက)။ သို့ဆိုလျှင် အဘယ်ကြောင့် ကျန်တော်တို့က နစက ဟု ခေါ်ဆိုရန် ငြင်းပယ် သကဲ့သို့ SAC ဟု ခေါ်ဆိုဖို့ကိုလည်း အလားတူ ငြင်းပယ်ရန် ပျက်ကွက်နေရသနည်း။

ဤနေရာမှာ အဓိကအချက်က ‘နိုင်ငံတော်(State)’ ဆိုသည့်အချက်ဖြစ်ပါသည်။ “ဤကောင်စီက နိုင်ငံတော်(State)ကို ကိုယ်စားမပြုနိုင်” ဆိုသည့် ကန့်ကွက်ချက် ဖြစ်ပါသည်။ အတိုကောက် ‘န’ဆိုသည့် ‘S’ အက္ခရာ (တစ်နည်းအားဖြင့် န= S)။

အင်္ဂလိပ်ဘာသာဖြင့် SAC(နစက) အစား အခြားဝေါဟာရ မရှိဘူးလား။ အများအပြား ရှိပါသည်။ Military Junta, Regime, Myanmar Army, Military Troops, Military Dictator, Terrorist troops/units စသည်ဖြင့် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုသည့်အပြင် သူတို့ကိုသူတို့ မှည့်ခေါ်သော နာမည်ဖြင့် ခေါ်ဆိုမှုကို ရှောင်ရှားသည့် ဝေါဟာရများ အလုံအလောက် ရှိပါသည်။

ထို့ကြောင့် မနေ့တစ်နေ့မှသာ ပေါက်ဖွားလာသည့် SAC ဆိုသည့် ဝေါဟာရ ထည့်မှသာ နိုင်ငံခြားသား(English Readers)များ နားလည်သဘောပေါက်မည် ဆိုသည့် စဉ်းစားချက်သည် အဓိပ္ပယ် မရှိပေ။ နှစ်ပေါင်း ၅၀ ကျော် အုပ်စိုးလာသည့် ဤအာဏာသိမ်း စစ်တပ်ကို Myanmar Military Junta ဟု ရိုးရိုးလေး သုံးနှုန်းခြင်းသည် လုံလောက်မှုရှိပါသည်။ (Junta ဟုဆိုရာတွင် စစ်အာဏာရှင်ကို ရည်ညွန်သည့်အပြင် တရားဝင်အစိုးရဟု ဆိုလိုရာမရောက်သည့်အတွက် သင့်တော်လုံလောက်ပါသည်)။

တစ်ချို့က SAC ဟု အတိုကောက်ခေါ်ဆိုခြင်းသည် အပြည့်အစုံခေါ်ဆိုခြင်းကို ရှောင်ရှားခြင်း တစ်မျိုးဖြစ်သည့် အတွက် ပြသနာမရှိ၊ အသိအမှတ်ပြု ခေါ်ဆိုခြင်းမဟုတ်ဟု ကာကွယ်ပြောဆိုကြသေးသည်။ ရှင်းရှင်းလေးပါ။ အတိုကောက်ခေါ်ဆိုခြင်းသည် ပြသနာမရှိလျှင် အဘယ်ကြောင့် န.စ.က ဟု ခေါ်ဆိုခြင်းကို ငြင်းဆန် နေသေးသနည်း။ NUG ပင်လျှင် အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုခေါ်ဆိုသည့် အတိုကောက် နာမည် မဟုတ်ပေဘူးလား။ အလားတူ USA, ASEAN, CIA, UNDP, FDI စသည်တို့လည်း သူတို့ နိုင်ငံနှင့် အဖွဲ့အစည်းများ၏ အမည်နာမအပြည့်အစုံကို တရားဝင် အသိအမှတ်ပြုသည့် ခေါ်ဆိုခြင်း ဖြစ်ကြသည်။

ခြုံ၍ပြောရလျှင် စစ်ကောင်စီက သူ့အစိုးရဦးဆောင် ကောင်စီနာမည်ကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြေညာထားသည်။ ထိုသို့ အာဏာသိမ်းမှုနှင့်အတူ ဖွဲ့စည်းထားသည့် နာမည်နှင့် ရာထူးများကို NUG အစိုးရနှင့် ပြည်သူများက အသိအမှတ်မပြုသည့်အတွက် နာမည်အပြည့်စုံဖြင့်သော်လည်းကောင်း၊ အတိုကောက်ဖြင့် သော် လည်းကောင်း ခေါ်ဆိုခြင်းကို ငြင်းဆန်ကြရသည်။

ထိုသို့ဆိုလျှင် မြန်မာဘာသာအခေါ် နစက ကို ငြင်းပယ်ရသကဲ့သို့ အင်္ဂလိပ်ဘာသာအခေါ် SAC ကိုလည်း ရှောင်းရှားသင့်သည် မဟုတ်ပေဘူးလား။ NUG ကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုလျှင် SAC ကို ပယ်ချရမည် မဟုတ်ပေဘူးလား။ နစက ဟု မခေါ်ဆိုလိုလျှင် NUG ဟု ခေါ်ဆိုခြင်းကိုလည်း ငြင်းပယ်သင့်သည် မဟုတ်ပေဘူးလား။

Related Articles

Back to top button