သုံးသပ်ချက်

တော်လှန်ရေးအောင်မြင်ဖို့အတွက် NUG မှာ ဘယ်လိုတာဝန်ဝတ္တရားတွေ ရှိသလဲ

တော်လှန်ရေးအောင်မြင်ဖို့အတွက် NUG မှာ ဘယ်လိုတာဝန်ဝတ္တရားတွေ ရှိသလဲ

  • ဒေါနခင်

(၁) NUG ဟာ ကြားကာလ ပြည်သူ့တော်လှန်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဘာလဲဆိုတာကို အရင်ဆုံးအတိအကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုပါတယ်။

“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကိုကျင့်သုံးလျက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) က အမျိုးသား ညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ အဖွဲ့ဖြစ်သည်။ ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့်ညှိနှိုင်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပဋိညာဉ်၏ အစိတ်အပိုင်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက် နှင့် နိုင်ငံရေး လမ်းပြမြေပုံ အဆင့်ဆင့်တို့ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီအား တာဝန်ခံရမည်။

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များမှာ

၁။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် ဤပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၂။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ရမည်။

၃။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်။

(က) ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် ဝန်ကြီးဌာနအလိုက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ရမည်။

(ခ) အာဏာသိမ်းစစ်ကောင်စီကျရှုံးရေးအတွက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊နိုင်ငံခြားရေးနှင့် သံတမန်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည်။”

လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားဝင် ဝက်ဆိုက်ဖြစ်တဲ့ https://gov.nugmyanmar.org/ မှာ ရေးသားဖော်ပြထားပါတယ်။

            အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလအစိုးရဖြစ်ကြောင်း သုံးနှုန်းထားတဲ့အတွက် စစ်အာဏာရှင်စနစ်တော်လှန်သည့်ကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရန် ကြိုးပမ်းဆဲ ကာလမှာ စီမံအုပ်ချုပ်မဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ မှတ်ယူလို့ ရပါတယ်။ CRPH ဥပဒေပြုမဏ္ဍိုင် ကို တာဝန်ခံမည်ဟု ရေးသားထားတာကြောင့် ပြဌာန်းထားတဲ့ ဖက်ဒရယ်ပဋိဉာဉ် အခန်း (၁) ပါ ပြဌာန်းချက်များနဲ့ CRPH က အခါအားလျော်စွာ ပြဌာန်းမည့် ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်လို့ မှတ်ယူလို့ ရပါတယ်။

(၂) NUG ဟာ စစ်အာဏာရှင်စနစ် ဖြိုချနိုင်ရေးအတွက် အဓိကဦး‌ဆောင်လှုပ်ရှားရမည့်သူ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လုပ်ငန်းတာဝန်များထဲမှာ အာဏာရှင်စနစ်ပပျောက်ရေး နှင့် အာဏာသိမ်းစစ်ကောင်စီကျရှုံးရေးအတွက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊နိုင်ငံခြားရေးနှင့် သံတမန်ရေး၊ကာကွယ်ရေးနှင့် လုံခြုံရေး စသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည် လို့ ပါရှိပါတယ်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အဓိက တာဝန်တစ်ရပ်ဟာ စစ်အာဏာရှင်စနစ် ဖြိုချနိုင်ရေး ဖြစ်ပြီး ထိုအတွက် ဦး‌ဆောင်လှုပ်ရှားဖို့ အပြည့်အဝတာဝန်ရှိသလို တချိန်ထဲမှာ တာဝန်ခံမှုအပိုင်းမှာလည်း အပြည့်အဝယူဖို့ လိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးအစိုးရ ဖြစ်သည့်အားလျော်စွာ ယာယီသမ္မတနဲ့ ဝန်ကြီချုပ်မှ  Programmatic ကျစွာ နိုင်ငံရေးဆိုင်ရာမူဝါဒတွေ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာမူဝါဒတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူဝါဒတွေအပြင် တော်လှန်ရေးအတွက် အရေးတကြီး အထောက်အကူပြုတဲ့ မူဝါဒစည်းမျဉ်းတွေ အချိန်ကိုက် ချမှတ်ဖို့ လိုအပ်ပါတယ်။ တချိန်ထဲမှာ ဝန်ကြီးဌာနတွေအကြား သို့မဟုတ် ဝန်ကြီးဌာနအတွင်း တော်လှန်ရေးကို အခြေပြုပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ စုစည်းပေါင်းစပ်မှုတွေနဲ့ လိုအပ်သလို တသားတည်း လှုပ်ရှားဖို့ လိုပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးနှင့် စပ်လျဉ်းပြီး မူဝါဒပိုင်းဆိုင်ရာအရ တိကျပြတ်သားရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေ လုံလောက်စွာ မတွေ့ရသလို လက်ရှိအချိန်မှာ လိုအပ်ချက်နဲ့ အမှန်တကယ်ကိုက်ညီပြီး ထိရောက်တဲ့လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အကောင်အထည်ဆောင်ရွက်နိုင်တဲ့ ဝန်ကြီးဌာနဟာ ခုနစ်ခု (ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန) တွေသာ အဓိကအားဖြင့် လည်ပတ်နေကြပြီး ကျန်ဝန်ကြီးဌာနတွေအနေနဲ့ လက်ရှိတော်လှန်ရေးကာလမှာ ထိရောက်တဲ့ လုပ်ငန်းဆောင်တာများကို လုပ်ပေးနိုင်ဖို့ အနေအထားမရှိသေးပေ။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လိုအပ်တဲ့ ဝန်ကြီးဌာနတွေကို ထားပြီး မလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို ယာယီရပ်ဆိုင်းခြင်း ပြုလုပ်သင့်ပါတယ်။ တချိန်တည်းမှာ ကျစ်လျစ်စွာ လှုပ်ရှားနိုင်ဖို့ ခိုင်မာတဲ့ အစိုးရယန္တရားတစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်ရဲ့ အားနည်းချက်များကို မိမိတို့ရဲ့ အားသာချက်အရင်းအမြစ်များနဲ့ တော်လှန်ဖြိုချနိုင်ဖို့အတွက် မဟာဗျူဟာတွေကို ရေးဆွဲပြီး တော်လှန်ရေးပြည်သူများအားလုံး တပြိုင်နက်တည်း လိုက်နာဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်။

တချိန်တည်းမှာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြေပြင်တော်လှန်ရေးအင်အားစုများအကြား အမိန့်နာခံမှုစနစ်တစ်ခုကို ခိုင်မာစွာတည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဒေသအခြေအနေအပေါ် လိုက်ပြီး တော်လှန်ရေးနည်းဗျူဟာများကို ပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့အားနည်းသည့်အပိုင်းကို နားလည်လက်ခံပြီး မဟာဗျူဟာတွင် ကာချက်ထုတ်ရေးဆွဲထားဖို့ လိုပါတယ်။ ပြည်သူ့လုံခြုံရေးကို အလေးထားပြီး စစ်ဆင်ရေးတွေကို ရေးဆွဲဖို့ လိုသလို စစ်ရေးဆိုင်ရာ စည်းကမ်းတွေကိုလည်း အတိအကျ ပြဌာန်းဖို့ လိုပါတယ်။

(၃) NUG ဟာ ပြည်သူတွေအတွက်အချိန်နှင့်အမျှ လမ်းပြညွှန်ကြားချက်ပေးရမည့်သူ

NUG အစိုးရဟာ တော်လှန်ရေးတစ်စုံလုံးရဲ့ ဦးဆောင်ဦးရွက်ပြုနေသူ ဖြစ်တဲ့အတွက် အချိန်နဲ့ တပြေးညီ ပြည်သူတွေကို ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး နိုင်ငံရေး၊ စစ်ရေးရာတွေမှာ သံလိုက်အိမ်မြောင်သဖွယ် လမ်းပြပေးဖို့ လိုအပ်ပါတယ်။ ပြည်သူ့အသက်၊ အိုးအိမ်စည်းစိမ်တွေအပါအဝင် တော်လှန်ရေးရေချိန်နဲ့ လားရာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မိမိအင်အား ( အားသာချက်၊ အားနည်းချက်) ကို မှန်ကန်စွာ အသုံးချနိုင်မှုအပေါ် မူတည်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိရဲ့ တာဝန်ကြီးမားမှုအပေါ် အလေးအနက်ထားပြီး လုပ်ငန်းဆောင်တာတစ်ခုချင်းစီတိုင်းကို အသေးစိတ်စီစဉ်ရေးဆွဲဖို့ လိုအပ်ပါတယ်။

(၄) NUGဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းတိုင်ပင်ဆွေးနွေးရမည့်သူ

NUG အစိုးရအနေနဲ့ တော်လှန်ရေးအတွက် နည်းနာ၊ ဗျူဟာတွေကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေထံ လေ့လာဖို့လိုသလို တချိန်တည်းမှာ တသားတည်းပေါင်းစည်းပြီးဆောင်ရွက်ဖို့ လိုပါတယ်။ ထိုအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး၊စစ်ရေးအရ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး သဘောတူညီချက်တွေ ကတိကဝတ်တွေပြုဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် တိကျသေချာတဲ့ ကတိကဝတ်တွေ ပေးဖို့လိုသလို နိုင်ငံရေးရိုးသားမှုအပေါ်အခြေတည်ပြီး မိတ်ဖက်ပြုဖို့ လိုပါတယ်။

(၅) NUG ဟာ NUCC ကောင်းမွန်အဆင်ချောစွာ ဆောင်ရွက်နိုင်ဖို့အတွက် တာဝန်ယူရမည့်သူ

နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ရမည် ဟု ၎င်း၏ လုပ်ငန်းတာဝန်များမှာ ဖော်ပြထားသောကြောင့် အအမျိုးသားညီညွတ်ရေးအတိုင်အပင်ခံကောင်စီ (NUCC) တွင် ပါဝင်သည့်ပါဝင်ရမည့် ပုဂ္ဂိုလ်များပါဝင်ဆွေးနွေးနိုင်ရေးနှင့် ဆွေးနွေးရမည့် အကြောင်းအရာများကို အဆင်ချောမွေ့စွာ ဆွေးနွေးနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ လိုပါတယ်။

NUCC မှ ပြဌာန်းရမည့်ဆွေးနွေးချက်များကို အချိန်ကိုက်ဆွေးနွေး အဖြေရှာနိုင်ရေးသည် တော်လှန်ရေးအောင်နိုင်ဖို့ သော့ချက်ဖြစ်သလို ဖက်ဒရယ်ဒီမိကရေစီ တည်ဆောက်ရေးအတွက် ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်တည်ဆောက်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်ကို နားလည်ရမှာ ဖြစ်ပါတယ်။ NUG နှင့် NUCC သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသဘာဝရှိတာကြောင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ‌ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးပါဝင်ပြီး စုပေါင်းခေါင်းဆောင်ကာ ဆွေးနွေးတိုင်ပင်အဖြေရန်အတွက် NUCC သည် အရေးကြီးသော ဆုံမှတ်ဖြစ်သည်ကို နားလည်ပြီး NUG အနေနဲ့ အားစိုက်လုပ်ဆောင်သင့်ပါကြောင်း ။

(၆) NUG ဟာ Federal Democracy တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အာမခံချက်ပေးနိုင်ဖို့ လိုအပ်

“ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်။”

သမိုင်းတလျှောက်တွင် ကြုံတွေ့ခဲ့တဲ့ ကတိကဝတ် ပျက်ကွက်မှုတွေဟာ ဖက်ဒရယ်ယူနစ်တွေအကြား နိုင်ငံရေးမယုံကြည်မှုတွေ ကြီးမားလာပြီး အက်ကွဲကြောင်းများပြားလာကာ မခံနိုင်တဲ့အဆုံး ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်းတောက်လောင်ခဲ့ရပါတယ်။ ထိုအဖြစ်တွေအတွက်နဲ့ နောင်တည်ဆောက်မဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီးမှာ ထိုအဖြစ်ဆိုးမျိုး ထပ်မပေါ်ပေါက်ဖို့ NUG အနေနဲ့ မဟာမိတ်နှင့် ပြည်သူတွေကို မိမိအကောင်အထည်ဖော်နိုင်သော နိုင်ငံရေးကတိကဝတ်ကိုသာ ပေးခြင်းနှင့် ထိုကတိကဝတ်တွေကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်ရေးလုပ်ငန်းများကို တိကျစွာ လုပ်ဆောင်ခြင်းဖြင့် အတိတ်ရဲ့ နိုင်ငံရေးမယုံကြည်မှုတွေကိုပါ ကုစားနိုင်မှာ ဖြစ်သလို၊ ရှေ့ဆက်လျှောက်လှမ်းရမဲ့ တော်လှန်ရေးခရီးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက်ပါ အရေးကြီးပါတယ်။

လက်ရှိအချိန်မှာ NUG ကိုရော NUCC ကိုပါ ပြည်သူတွေအနေနဲ့ အားမရမှုတွေ တရိပ်ရိပ်မြှင့်တက်လာပါတယ်။ ထိုဖြစ်စဉ်ဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်ပါတယ်။ ဒါကြောင့် NUG နဲ့ NUCC အနေနဲ့ တော်လှန်ရေးနှင့် ပတ်သက်ပြီး မူဝါဒနဲ့ မဟာဗျူဟာတွေကို တိကျစွာချမှတ်ပြီး တော်လှန်ရေးဦးဆောင်မှုအပိုင်းကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံရေးအရွေ့ကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ တနည်း NUG နှင့် NUCC သည် တော်လှန်ရေးအောင်မြင်မှုနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိသူတွေ ဖြစ်ပါကြောင်း။

Related Articles

Back to top button