၁)
“တော်လှန်ရေး . . . ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော . . . ဪ သူရဲကောင်းတို့ရေ . . အာဇာနည်တွေ နေတဲ့တိုင်းပြည်”
မြန်မာ့ နိုင်ငံရေး လူထုလှုပ်ရှားမှု အဆက်ဆက်မှ မရိုးနိုင်သည့် “ကမ္ဘာမကြေဘူး” သီချင်းသံသည် နွေဦး တော်လှန်ရေးနှင့်အတူ လွှင့်ပျံ့လာပြန်သည်။ သမိုင်းတို့ ထပ်ကျော့လည်တတ်သည့်အတိုင်း သမိုင်းမှ သီချင်းများသည် လူထုရင်သို့ မချိမဆန့်ဖြင့် ပြန်လည် နေရာယူရပြန်သည်။ သီချင်းအဟောင်းကို လူအသစ်များ သီဆိုသော်ငြား မပြီးဆုံးသေးသည့် ဒဏ်ရာများကို ထပ်ခါထပ်ခါ နှိုးဆွသည်။ “အာဇာနည် တွေ နေတဲ့တိုင်းပြည်” ဆိုသည့် စာသားကို ကြားတိုင်း ဂုဏ်ယူရမလား၊ ဝမ်းနည်းရလား မဝေခွဲတတ် ဖြစ်ရသည်။
၂)
“လူမျိုးကြီးဝါဒဖယ်ရှားကြ. အာဇာနည်ဟာ ကိုးဦးမက”
နွေဦးတော်လှန်ရေးနှင့် အတူ ထွက်ပေါ်လာသော ကြွေးကြော်သံများထဲမှ ကြွေးကြော်သံအသစ်။ သို့သော် သံတူကြောင်းကွဲ၊ အနှစ်နှစ်အလလ ရှိခဲ့သည့် အကြိတ်အခဲများမှ ထွက်ပေါ်လာသည့် အဟောင်းတွင် အခြေခံလျက် လူအသစ်များဟစ်သည့် ကြွေးကြော်သံအသစ်ဟုသာ ဆိုချင်သည်။ သို့သော် ဤကြွေးကြော်သံက ဆိုသလို အာဇာနည်တွေဟာ လူမျိုးကြီးဝါဒကို ကိုယ်စားပြုနေသလား။ ဤမေးခွန်း သည်ပင် လွန်ခဲ့သော နှစ်များက ဆိုလျှင် အလွန်အကဲဆတ်ပြီး အေးအေးလူလူ ဆွေးနွေးဖို့ ခက်သည့် မေးခွန်းဟု ဆိုချင်ဆိုနိုင်သည်။ နွေဦးတော်လှန်ရေးကတော့ အစဉ်အလာ နားလည်လက်ခံမှုကိုများကို တဆင့်ချင်း ဖြိုချနေရာ အာဇာနည်နေ့အပေါ် အများစု၏ (အထူးသဖြင့် ဗမာများ၏) နားလည်လက်ခံမှု သည်လည်း အပါအဝင် ဖြစ်လာမည်ဟု မျှော်လင့်နိုင်သည်။
၃)
ဤတွင် အာဇာနည်နေ့အား အစဉ်အလာအရ လူအများက နားလည်ထားမှုကို နားလည်ထားရန်လိုသည်။ နိုင်ငံတော်က (သို့မဟုတ် အာဏာရယူထားသူများက) တတွင်တွင် ပြောသည့်ဇာတ်ကြောင်းအတိုင်း အများစုက နားလည်လက်ခံထားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီးများသည် တိုင်းပြည် လွတ်လပ်ရေးအတွက် အလုပ်လုပ်နေရင်း လမ်းခုလတ်တွင် မသမာသူများ လုပ်ကြံသတ်ဖြတ် ခြင်းကိုခံရသည်။ တိုင်းပြည်အတွက် အသက်စွန့်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များအား အာဇာနည်များအဖြစ် အသိအမှတ်ပြုကာ နိုင်ငံတော်အခမ်းအနားများဖြင့် နှစ်စဉ်ဂုဏ်ပြုထိုက်သည်။ ဤသည်က အဓိက ဇာတ်ကြောင်းဖြစ်သည်။ ထိုသို့ အခမ်းအနားများ၊ ဂုဏ်ပြုတင်ဆက်များ၏ နောက်ကွယ်တွင် နိုင်ငံတော်က ပြည်သူများကို ပြောချင်သည့် သတင်းစကားများကို ပါးပါးလေးထည့် သည်။ အာဇာနည်ကြီးများ ချမှတ်ခဲ့သည့် လွတ်လပ်ရေးလမ်းစဉ်ကြီးကို ပြည်သူများက ဆက်လက်ထမ်းပိုး ရင်း ဥပမကွဲ သိုက်မပျက် ရှေ့ဆက်ကြရမည် ဆိုသည်က ရှေ့ဆုံးက ဖြစ်မည်။ ဦးနေဝင်းခေတ်တွင် ဆိုရှယ်လစ်လမ်းစဉ်ကို အာဇာနည်ကြီးများ ချမှတ်ခဲ့သည့် လမ်းစဉ်အဖြစ် အမွမ်းတင်ပြန်သည်။ နိုင်ငံရေး အတွက် အာဇာနည်မျိုးကို အသုံးချခဲ့ကြသည်။ သေသောသူများသည် ပြန်လည် ငြင်းဆန်ခွင့်မရ။ ထို့အတွက် သေသူများကို အသုံးပြုခြင်းသည် မျက်ရည်ချူ၍ လွယ်ပြီး ဝါဒဖြန့်ရာတွင် ထိရောက်သည်။
ထို့အပြင် အာဇာနည် ကိုးဦးရှိသည့်အထဲမှာမှ ဗမာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းကိုသာ သိသာထင်ရှားစွာ အမွမ်းတင်လွန်းခြင်းကလည်း ရှိပြန်သည်။ နောက်ဆုံး NLD အစိုးရခေတ်တွင်ပင် ဤဇာတ်ကြောင်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းကိုသာ ဂုဏ်ပြုရန် နေရာအနှံ့ ရုပ်တုများ စိုက်ထူခြင်းဖြင့် အငြင်းပွားမှုများစွာကို ဖန်တီးခဲ့သည်ပင်။ ဤအချက်များသည် ဗမာကြီးစိုးသည့် ဗဟိုအစိုးရ အဆက်ဆက်၏ အာဏာနည်နေ့ကို မိမိတို့ လိုချင်သည့် ဇာတ်ကြောင်းအတိုင်း ပုံဖော်ရင်း အခြားလူနည်းစုများ၏ ဇာတ်ကြောင်းနှင့် ရာဇဝင်၊ ဖြစ်တည်မှုများကို လွှမ်းမိုးဖို့ ကြိုးစားသည်။ ဤသည်ကိုပင် လူမျိုးကြီးဝါဒဟု အလွယ်မြင်နိုင်သည်။ ဒီတော့ ထိုဇာတ်ကြောင်းဟောင်းကြီးအတိုင်း နားလည်ထားသူများအနေဖြင့် အာဇာနည်များ၏ ဖြစ်တည်မှုကို ဝေဖန်တိုင်း အသက်ပေးကြသည့် ခေါင်းဆောင်ကြီးများကို စော်ကားသည်ဟု မြင်တတ်ကာ မခံမရပ်နိုင် ဖြစ်တတ်ကြသည်။ အခြားသူများ ဘာကြောင့် ပြောသလဲ စဉ်းစားရန် မတတ်နိုင်ဘဲ ဖြစ်နေတတ်သည်။ မရည်ရွယ်သော်ငြား လူမျိုးကြီးဝါဒ ကို ကိုင်စွဲသူများ ဖြစ်နေတော့သည်။ အမှန်တော့ အခြားဇာတ်ကြောင်းများ မရှိတော့ဘူးလား မေးသင့် သည်။ နားထောင် အသိအမှတ်ပြုရမည်။ ဤသို့မှပင် မိမိတို့က လူမျိုးကြီးဝါဒ မကိုင်စွဲကြောင်းကို ခြေဖျက်နိုင်မည်ဟု ယူဆသည်။
၄)
မြန်မာ့သမိုင်းသည် အငြင်းပွားဖွယ် ဇာတ်လမ်းများအတိပြီးသော ခေတ်သစ်သမိုင်း ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် စစ်တိုက်နေရခြင်းက အငြင်းပွားသည့် ဇာတ်ကြောင်းများ၏ မြင်သာသည့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အခြားဇာတ်ကြောင်းတွေက ဘာတွေလဲ။ အလွယ်ပြောရလျှင်တော့ တိုင်းပြည်တွင် အာဇာနည်တွေ များစွာရှိသည်။ သူ့လူမျိုးအလိုက် အလေးအမြတ်ပြုကြသည့် ပုဂ္ဂိုလ်ထူးများ ရှိသည်။ အဖြစ်အပျက် ဇာတ်လမ်းများ ရှိသည်။ ရခိုင်တို့အတွက် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးကို ရှေးဆောင်အလင်းပြခဲ့သည့် အာဇာနည်အရှင် ဖြစ်သည်။ ကရင့်လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ သည့် စောဘဦးကြီးသည် ကရင်တို့အတွက် အာဇာနည်ဖြစ်သည်။ ဤသည်က နမူနာတချို့သာဖြစ်သည်။ ထိုဇာတ်လမ်းများသည် တူညီသည့် သမိုင်းကြောင်းမှ ပေါက်ဖွားလာသည့် မတူညီသည့် နားလည်ရှုမြင်မှု များ၊ တန်ဖိုးပိုင်းဖြတ်မှုများ ဖြစ်သည်။ ဤသမိုင်းများသည် တစ်ခုက မှန်ပြီး အခြားတစ်ခုက မှားသည့် ဇာတ်လမ်းမျိုးတော့ဟု ဆိုချင်မှ ဆိုနိုင်မည်။ ဆရာတော် ဦးဥတ္တမ၏ လှုပ်ရှားကြိုးပမ်းမှုများသည် လူငယ် အောင်ဆန်းနဲ့တကွ အခြားသော ခေါင်းဆောင်အသီးသီးကို ရိုက်ခတ်ခဲ့မည်၊ လက်ဆင့်ကမ်း ပေးခဲ့မည် ပင်ဖြစ်သည်။ တိုင်းပြည်၏ လှုပ်ရှား ရုန်းကန်မှုများတွင် မတူညီသည့် လုပ်အုပ်စုများ၊ လူမျိုးစုများ အသီးသီး ပါဝင်ကြမည်ဖြစ်သည်။ ချင်းကျောင်းသား ဆလိုင်းတင်မောင်ဦး၏ အမည်က ကျောင်းသား လှုပ်ရှားမှုနှင့်တွဲ၍ရှိနေခြင်းကို ကြည့်၍သိနိုင်သည်။ ပြဿနာက ကိုယ့်အုပ်စု လက်ခံသည့် ဇာတ်ကြောင်း တစ်ခုကိုသာ အလွန်အကျွံစွဲကိုင် လိုက်ကြခြင်း ဖြစ်သည်။ ဤသို့ ကိုင်စွဲရခြင်းကလည်း အသိအမှတ် အပြုမခံရ၊ လွှမ်းမိုးခံလာရသောကြောင့် မပျောက်ပျက်အောင် ကာကွယ်ကြခြင်းလည်း ဖြစ်သည်။ ထိုသို့ ကိုင်စွဲရင်း အခြားဇာတ်ကြောင်းများကို နားထောင်ဖြစ်ရန် ကိုယ့်ဘာသာ စည်းသား လိုက်ကြတော့သည်။ နွေဦးတော်လှန်ရေးသည် ဤအတားအဆီးများကို ချုံ့ပစ်လိုက်သည်။ အတားအဆီးများ မရှိတော့ဟု ပြောရန်တော့ စောသေးသည်။ ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်သည်။
၅)
တကယ်တော့ မြန်မာ့သမိုင်းဆိုးကြီး၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် အများကောင်းကျိုး အတွက် အာဏာရှင်များကို ဖြစ်စေ၊ ကျူးကျော်ရန်စသူများကို ဖြစ်စေ ဆန့်ကျင်ရင်း အသက်ပေး စွန့်စားခဲ့သည့် သူရဲကောင်းများစွာ ရှိသည်။ နယ်ပယ်စုံ၊ ဒေသစုံ လူမျိုးစုံတွင် ရှိသည်။ လက်ရှိ နွေးဦးတော်လှန်ရေးတွင်ပင် ကြည့်ပါ။ ကျဆုံးသွားသည့် ထောင်ချီသည့် ပြည်သူပြည်သားများသည့် အာဇာနည်မဖြစ်ထိုက်သည့် သူများရှိပါသလား။ အခု လက်ရှိတွင်လည်း လူငယ်များ၊ ရဲရင့်သူများသည် အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားနေကြဆဲဖြစ်သည်။ အသက်မသေသော်ငြား အကျဉ်းထောင်များ တွင် စွန့်လွတ် အနစ်နာခံနေသူများသည်လည်း သူရဲကောင်း မခေါ်နိုင်ပါသလော။ မိမိလူမျိုးဖြစ်မှ၊ မိမိဒေသသား ဖြစ်မှ “အာဇာနည်” သတ်မှတ်ချင်ကြသလား။ နွေဦးတော်လှန်ရေးက လူငယ်တွေကတော့ ပျက်ရယ်ပြုကြပါလိမ့်မည်။ စကားလုံးအားဖြင့် “အာဇာနည်” ဟူသည်ကို အမျိုးမျိုး ဖွင့်ဆိုကောင်း ဖွင့်ဆိုနိုင်ပါသည်။ သို့သော် တိုင်းပြည်၏ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တန်းတူညီမျှမှုများ အတွက် မတရားမှုမှန်သမျှကို ဆန့်ကျင်နေသူများသည် အာဇာနည်များပင် ဖြစ်သည်ဟု ဆိုလိုက်ချင်ပါသည်။
၆)
တကယ်တော့ မြန်မာပြည်၏ ကံကြမ္မာသည် မဖြစ်သင့်ဘဲ အာဇာနည်တွေ မြောက်များစွာ မွေးထုတ်ပေးခဲ့ သည်။ တနည်း နိုင်ငံ့သားကောင်းများစွာ၏ အသက်များကို ပေးဆပ်ခဲ့ရသည်။ လက်ရှိ နွေဦးတော်လှန် ရေးသည်ပင် နောက်ထပ် အာဇာနည်များစွာ မွေးဖွားပေးဦးမည်ကလည်း အသေအချာပင် ဖြစ်သည်။ မြန်မာပြည်က လူတွေကို ဘယ်သူ အာဇာနည်လဲ၊ ဘယ်လိုအာဇာနည်လဲ အငြင်းပွားမည့်အစား အာဇာနည်တွေ မလိုအပ်တော့သည့် တိုင်းပြည်တစ်ခုအကြောင်း ငြင်းခုံကြည့်စေချင်မိသည်။ နွေဦးအလွန်တွင် . . . တော့ ငြိမ်းချမ်းသော၊ လူမှုသဟဇာတဖြစ်သော၊ သည်းခံမှု မြင့်မားသော တိုင်းပြည်တစ်ခုကို မျှော်လင့်မိသည်။ ထိုတိုင်းပြည်တွင် မိမိတို့ လေးမြတ်သည့် ပုဂ္ဂိုလ်များ၊ ဇာတ်ကြောင်း များကို လွတ်လပ်ပေါ့ပါးစွာ ပြောဆို ဂုဏ်ပြုခွင့်ရမည်။ ထိုသို့သော တိုင်းပြည်တည်ဆောက်နိုင်မှသာ အသက်ပေးခဲ့ကြသည့် အာဇာနည်များအတွက် ထိုက်တန်သည့် ကျေးဇူးဆပ်မှုဟု ဆိုနိုင်မည် ဖြစ်ပါသည်။
လင်းငယ်
၁၉ ဇူလိုင် ၂၀၂၁
#FederalJournal