မော်ကွန်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 140, October 26, 2021)

၁။ KIO သည် ဓမ္မဘက်ရပ်တည်ပြီး အဓမ္မဘက် ရပ်တည်သူများမှာ အာဏာရှင်ကို ထောက်ခံနေဟု KIO ဥက္ကဋ္ဌ ဆို
October 25, 2021

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် ဓမ္မဘက်ရပ်တည်နေသလို ပြည်သူလူထုများအနေ ဖြင့် ဓမ္မ နှင့် အဓမ္မကိုခွဲခြင်းသိမြင်ရမှာဖြစ်ပြီး အဓမ္မဘက်ရပ်တည်သူများကို အာဏာရှင်ကို ထောက်ခံနေသူများဖြစ်ကြောင်း အောက်တိုဘာ (၂၅)ရက်နေ့ ကျရောက်သော (၆၁) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၅ ရက် ကျရောက်သော KIO အထိမ်းအမှတ်နေ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကချင်ဘာသာဖြင့် စာမျက်နှာ ၆ မျက်နှာရှိသော မိန့်ခွန်းတွင် ယခုလိုထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါမိန့်ခွန်းကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် Alen Yang TV တွင် ရုပ်သံဖြင့် ပြောကြားထားသည်။ အဆိုပါ မိန့်ခွန်းတွင် KIO အနေ ဖြင့် ခေတ်အဆက် မြန်မာအစိုးရများဖြင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ဘဲ နောက်ဆုံးတွင် နယ်ခြား စောင့်တပ်အဖြစ်သာအသွင်းပြောင်းရန် တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားသည်။ အလားတူ လူထုအများစုထောက်ခံကာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာသော NLD အစိုးရသည်လည်း တော်လှန်ရေးအဖွဲ့များ၏ တင်ပြမှုကို အရေးတယူ မလုပ်ခဲ့ကြောင်း ဆိုထားသည်။ ၂၁ ရာစုပင်လုံညီလာခံသည်လည်း NLD နှင့် စစ်တပ်၏ အမိန့်ပေး မိန့်ခွန်းကို သွားရောက်နား ထောင်သည့် အခြေအနေတစ်ခုသာဖြစ်ခဲ့ကြောင်း ပြောထားသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်ရှိနိုင်ငံရေး အခြေအနေတွင် မြန်မာတစ်နိုင်ငံမှ ဖိနှိပ်ခံလူမျိုးများ၏ လွတ် မြောက်ရန်အတွက် တစ်ခါမှမရဖူးသော အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် KIO အနေဖြင့် အာဏာရှင်ဆန့်ကျင် သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ အလားတူ ပြည်သူလူထုအနေဖြင့်လည်း ဓမ္မနှင့် အဓမ္မကို ခွဲခြားပြီး မားမားမတ်မတ် ရပ်တည်ရမည်ဟု ဆိုသည်။ ဖိနှိပ်ခံ ကချင် လူမျိုးများလွတ်မြောက်ရန်အတွက် ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်ဖွဲ့စည်း ခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၎င်း၏ လက်နက်ကိုင်စစ်တပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

၂။ စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲကရင်နီပူးပေါင်းတပ်တိုက်ခိုက်၊ ၁၀ ဦးထက် မနည်း သေဆုံး
25 October, 2021

ကယားပြည်နယ်၊ လွိုင်ကော်ကနေ ဖယ်ခုံဆီ ချီတက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိ တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က မနက် ၇ နာရီလောက်က စစ်သားအင်အား ၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ စစ်ကား ၅ စီးကို တိုက်ခိုက်ခဲ့တာလို့ မိုးဗြဲ PDF က ပြောပါတယ်။ “ဖယ်ခုံ ၃၃၆ တပ်ကို ကင်ပုန်းကို ဖယ်ခုံ PDF က ဝင်ပစ်ပြီး ရဲဘော် တွေက သေသွားတယ်။ အဲဒါ လွိုင်ကော်တပ်က စစ်ခွေးတွေက ဖယ်ခုံကို အင်အားဖြည့်ဖို့လာတာ။ အဲမှာ လွိုင်ကော်နဲ့ ဖယ်ခုံ ကြားမှာဆိုရင် မိုးဗြဲရှိတယ်။ အဲဒီမိုးဗြဲ လာနေတဲ့အချိန်မှာ ကျနော်တို့ မိုးဗြဲ PDF နဲ့ KNDF BO-3 ပူးပေါင်းပြီးတော့ ဖြတ် တိုက်တဲ့ သဘောပေါ့နော်။ သူတို့က ကားတွေနဲ့ လာကြတာဗျာ။ ကျနော်တို့ က စောင့်ပြီးတော့ တရစပ်ကို ပစ်ခဲ့တာပေါ့နော်။ ” ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမရ ၃၃၆ တပ်ကို ဖယ်ခုံ PDF က အောက်တိုဘာ ၂၂ ရက် ည ၉ နာရီခွဲ မှာ ဝင်ရောက်ပစ်ခတ် ခဲ့ပြီး ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး ကာ လက်နက် ၅ လက် သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ အောက်တိုဘာ ၂၄ ရက်မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး၂ ဦးအပါအဝင် အရပ်သား ၆ ယောက်လောက်ဒဏ်ရာရပြီး အဲဒီထဲက အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျည်စ ထိမှန်လို့ အသက် ၆၀ အရွယ် အမျိုးသမီးတဦး လည်း သေဆုံးခဲ့ကြောင်း မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့နယ် ပြည်သူ ၂၀ ရာခိုင်နှုန်းကတော့ ထွက်ပြေးတိမ်းရှောင်နေ ကြရ တယ်လို့ မိုးဗြဲ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တယောက်က ပြောပါတယ်။

၃။ ဖလမ်းမြို့ တားလ်ရွာက နေအိမ် ၁၁ လုံးကို စစ်တပ် မီးထပ်ရှို့
October 25, 2021

ချင်းပြည်နယ် (မြောက်ပိုင်း)၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြား လမ်းမကြီးဘေးမှာရှိတဲ့ တားလ်ရွာက လူနေအိမ် ၁၁ လုံးကို အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၇ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့တယ်လို့ ကိုယ်တိုင်မြင် ခဲ့ရတဲ့ တားလ်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ဟားခါးမြို့ကနေ မနေ့က စစ်ကား ၅၀ ခန့်နဲ့လာတဲ့ အင်အား ၂၀၀ လောက်ဟာ ဖလမ်းမြို့နယ် တားလ်ရွာက ဘုရားကျောင်းမှာ ညအိပ်ကာ ဒီမနက်ပိုင်းမှာတော့ လူနေအိမ် ၁၁ လုံးကို မီးရှို့ထားခဲ့ပြီး ဖလမ်း ဘက် ဆက်ထွက်သွားကြတယ်လို့ ဒေသခံက ပြောပါတယ်။

“ရွာကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာပြီးမှ ကျနော်တို့ရွာကို အပြေးပြန်သွားတာ နေအိမ်သုံးလုံးကိုတော့ မီးငြှိမ်းသတ်နိုင်ခဲ့ တယ်၊ ဒါပေမဲ့ အိမ်ရှစ်လုံးကတော့ ပြာကျသွားတယ်” လို့ တားလ်ရွာမှာရှိတဲ့ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက RFA ကို ပြောပါတယ်။ လူနေအိမ်တွေအပြင် မွေးမြူထားတဲ့ ကြက်၊ ၀က်၊ ဆိတ်တွေကိုပါ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်နိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း တားလ်ရွာက နေအိမ်သုံးလုံး၊ ရီရယ်သီးရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် ၁၂ လုံး၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ တလန်ရောန်ရွာက နေအိမ် ၁၂ လုံး စတာတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

၄။ လားရှိုးက စစ်ကောင်စီတပ်ရင်း ၂ ခု ပစ်ခတ်တိုက်ခိုက်ခံရ
25 October, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၅၀၇)‌ ခြေမြန်တပ်ရင်းနဲ့ အမှတ် (၁) ဝန်တင်တပ်ရင်းတို့ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ အနီးနားရပ်ကွက်နေပြည်သူတဦးက “ပေါက်ကွဲသံတွေကအကျယ်ကြီးပဲ မြေကြီး တောင်တုန်တယ်။ အေတီတပ်ထဲကို ပစ်သွားတယ်လို့ပြောတာပဲ။ တချိန်တည်းမှာပဲ ၅၀၇ တပ်ကို ပစ်ခံရတယ်လို့ သတင်းတွေတက်လာတယ်။ ပေါက်ကွဲသံအပြီးမှာ တပ်ထဲက အသိပေး သံချောင်းခေါက်သံတွေ ကြားရတယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကြောင့် အမှတ်(၁)ဝန်တင်တပ်ရင်းဧရိယာအတွင်းက လားတွေထားတဲ့ အဆောင်နား လက်နက်ကြီး ကျည်ကျ ရောက် ပေါက်ကွဲတာရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဆိုပါ ပစ်ခတ်မှု ကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာရှိမရှိသိရဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လားရှိုးမြို့မှာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ပြီး တိုင်းလက်အောက်ခံ တပ်ရင်းပေါင်း ၃၀ နီးပါးက မြို့ပတ်လည်ကို အခြေချဝိုင်းရံထားပါတယ်။ ဒါ့အပြင် တိုက်ခိုက်ရေးတပ်မတွေကလည်း အဝေးကင်းအနီးကင်းချကာ မြို့အဝင်အထွက်ကို တင်းကျပ်ထားတဲ့ကြားက အခုလို ပစ်ခတ် တိုက်ခိုက်ခံရတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေ ကြပါတယ်။

မြို့ခံတစ်ဦးက “လားရှိုးမှာ ဗိုလ်ချုပ်အဆင့်ရုံးထိုင်တဲ့ ရမခစစ်ဌာနချုပ်ကြီး ရှိတယ်။ သူ့အောက်က တပ်ရင်းပေါင်း ကလည်း မနည်းဘူး။ မြို့ပတ်လည်မှာလည်း တပ်တွေကြီးပဲ လက်ညှိုးထိုးမလွဲဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကိုအကြောင်း ပြပြီး မြို့အဝင်အထွက်လမ်းတွေမှာလည်း စစ်သားတွေက စစ်ဆေးနေတယ်။ ဒီကြားထဲ အခုလို မျိုး လာပစ်သွားတယ်ဆိုတော့ စဉ်းစားတာကြည့်ပေါ့” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြို့နယ် တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

၅။ ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာတွင် မြေမြှုပ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
October 25, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာတွင် (အောက်တိုဘာလ ၂၅ ရက်)တွင် မြေမြှုပ်ထားသည့် အမျိုး သား အလောင်းတစ်လောင်းတွေ့ရှိသည်ဟုသတင်းရရှိသည်။ ၎င်းသေဆုံးသူမှာ အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင် စီတပ် ခမရ-၅၅၆၊ ခမရ-၅၆၀ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၁၈)ကြား ပစ်ခတ်မှု စတင်ဖြစ်ပွားသည့်နေမှစပြီး ၎င်း၏ဆွေမျိုးအိမ်ကို ပြန်လာစောင့်ရင်းပျောက်ဆုံးနေကြောင်းကို ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” သူက တိုက်ပွဲဖြစ်တုန်းက သူ့အစ်ကို သူ့တူလေးတွေနဲ့ အတူရှိခဲ့တယ်။ တိုက်ပွဲဖြစ်တော့ အစ်ကိုတွေက ပြေးမယ်ပေါ့။ သူက နင်တို့အရင်သွား ငါစောင့်ပေးမယ်တဲ့။ အဲ့ဒါပြီးနောက် ဘာသတင်းမှ မရလာတော့ဘူးပေါ့ နော်။ သူ့ကားတစ်စီးလုံးကိုလည်း ဖျက်ဆီးခံခဲ့ရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။ အဆိုပါ သေဆုံးသူ အမျိုးသား၏ အမည် မှာ ဦးအောင်မြင့် ဖြစ်ပြီး သူသည် အံဖကြီးကျေးရွာအုပ်စု တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်ဟု ၎င်းအမည်မဖော်လိုသူ ဒေသခံ က ဆိုသည်။

သေဆုံးသွားသည့်အမျိုးသား၏ ဆွေမျိုးအိမ်သည် လက်ရှိစစ်ကောင်စီတပ် တပ်စွဲထားသည့် ရွာသစ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအနီးတွင်တည်ရှိ၍ ယခု သေဆုံးမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံ ရွာသားများက ပြောဆိုနေကြသည်။

၆။ ကရင်နီပြည်နယ်က စစ်ရှောင်စခန်းများ ဆေးဝါးအရေးအပေါ်လိုအပ်၊ ကာကွယ်ဆေးရရန် မျှော်လင့်နေ
25 October, 2021

ကရင်နီ (ကယား) ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ဖျားနာမှုတွေများပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေပြီး ကိုဗစ်ကာကွယ်ဆေးထိုးရဖို့လည်း မျှော်လင့်နေကြပါတယ်။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြိုနယ် အရှေ့ခြမ်းရော၊ အနောက်ခြမ်းမှာပါ စက်တင်ဘာလ ကုန်လောက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေ များပြားလာနေတာပါ။ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း လွိုင်နန်းဖတောင် နီးစစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီး တစ်ဦးက သူမအနေနဲ့ စစ်ရှောင်လာတာ ၅ လရှိနေပြီဖြစ်ပြီး အခု အဆိုပါနနီးနားတဝိုက်က စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကူးစက်မှု က ၈၀ ရာခိုင်နှုန်း များပြားနေတယ်လို့ ပြောပါတယ်။

“ရွာတိုင်းကို ဖြစ်နေတာ၊ စခန်းတိုင်းကို ကိုဗစ်ဖြစ်နေတာ။၊ အယောက် ၁၀၀ ရှိရင် ၈၀ လောက်ကို ဖြစ်နေတာ။ ဆေးကလည်း မရှိဘူး။ ပါရာ ဘာမီတွန်လောက်ပဲ ရှိတယ်။ တောထဲမှာ ဆေးက ဘယ်ရှာဝယ်လို့ရမလဲ။ ”ဒါ့အပြင် ကယားပြည်နယ်တွင်းနဲ့ ဒီးမော့ဆိုမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့နေပြီး အဆိုပါစစ်ရှောင်စခန်းတွေဆီ အစား အစာ နဲ့ ဆေးဝါးအကူအညီ မရောက်တော့ဘူးလို့လည်း ပြောပါတယ်။ ဒီးမော့ဆိုအရှေ့ချမ်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်ကလည်း အခုလို လမ်းကြောင်းတွေ ပိတ်ဆို့မှုနဲ့ အလှူရှင်မရှိတော့တဲ့အတွက် ကိုဗစ်ဖြစ်နေတဲ့ နေရာတွေမှာ ဆေးဝါးတွေ မရှိတော့တဲ့ အခက်အခဲ နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခုက ကျနော်တို့ ဒီမှာရှိနေတဲ့ နယ်လှည့် ဆေးလိုက်ကုပေးနေတဲ့ အဖွဲ့တချို့ရှိတယ်။ အဲဒီလူတွေတောင်မှာ သူတို့တွေ ပစ္စည်းပြတ်နေပြီ။ ပြတ်နေတော့ အခုဒီ volunteer တွေနား ပြန်တောင်းနေရတဲ့အခြေအနေမျိုးလည်း ကြုံနေရပြီပေါ့နော်။ ကျနော်တို့ volunteer တွေကလည်း တတ်နိုင်သလောက် ဝိုင်းရှာနေတာပေါ့။ ဒါပေမယ့် အဲကြားထဲမှာ ကျနော်တို့ ဘယ်လိုမှ ဆက်ရှာလို့ အဆင်မပြေတော့ဘူး။ အခုနောက်ပိုင်းက ဆေးတအားရှားသွားပြီလေ။ ”ဒါ့အပြင် ဒီးမော့ဆို အရှေ့ဘက်ခြမ်း တွေမှာ ဆိုရင် ကိုဗစ်-၁၉ ကြောင့် ကျေးရွာတွေကို lockdown ချထားတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာ တွေကို ကုသဖို့ ဆေးဝါးတွေ မရှိတော့သလို သယ်ဆောင်ပေးတဲ့ကားတွေလည်း ဖမ်းဆီးခံရတာရှိတဲ့အတွက် ဆေးဝါးပြတ် တောက်နေတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အပြင် ဖရူဆိုမြို့နယ်မှာလည်း အလားတူ ရွာလုံးကျွတ်နီးပါး ကိုဗစ်ကူး စက်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း အဆိုပါသူနာပြုဆရာက ပြောပါတယ်။ ကိုဗစ်ဖြစ်တဲ့ လူနာတွေကို ဒီးမော့ဆိုနဲ့ လွိုင်ကော် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အဆိုပါဆေးရုံတွေမှာ ဝန်ထမ်းတွေ မရှိတဲ့အတွက် ကုသမပေးကြဘူးလို့လည်း ပြောပါတယ်။

၇။ တနိုင်း-ရှင်ဗွေယန် လမ်းမပေါ် စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်
October 25 , 2021

တနိုင်း – ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ် ရေး တပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ပြီးနောက် တခက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေ ကြောင်း သိရသည်။ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ရှင်ဗွေယန်မှ စစ်ကား ၃ စီး စစ်အင်အား ၆၀ ဝန်းကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင်း KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၄၅ အဖွဲ့ က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခုတိုက်ပွဲဖြစ်နေတာက တခက်ကျေးရွာအနီးမှာ ဟုတ်တယ်။ ယနေ့နံနက်ပိုင်း ရှင်ဗွေယန်ကနေ ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ KIA က မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်နေတာက မိနစ် ၂၀လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်နေကြတုန်း။ ထိခိုက်မှုအခြေအနေက မသိရသေးဘူး”ဟု ပြောဆိုသည်။ အဆိုပါစစ်ကြောင်းမှာ ရှင်ဗွေယန်မှ ခလုန်းကျေး ရွာအထိ စစ်ကား ၃ စီးဖြင့် ပို့ထားခဲ့ပြီး ထိုနေရာမှ တဆင့် ခြေကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင် တိုက်ခိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၄ ရက် ယမန်နေ့ နံနက် ၅နာရီခွဲဝန်းကျင်ခန့်ကလည်း တနိုင်း မှ ရှင်ဗွေယန် ဘက်သို့ တက်လာသည့် 4-D အိမ်စီးကား ၂ စီးကို KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

“သူတို့က သတ်မှတ်ထားတဲ့အချိန်ကို လိုက်နာမှုမရှိဘူး။ KIA က နံနက် ၆ နာရီကနေ ည ၆ နာရီအထိသာ ယာဉ်မောင်းနင်း ခွင့်ပြုတာကို အသိပေးကြေညာထားပြီဖြစ်တယ်။ အဲ့တာကို လိုက်နာမှုမရှိဘူး။ ပြီးရင် အဲ့ကား ၂ စီးမှာ ရဲတပ်သား တစ်ယောက် နဲ့ စစ်သားတစ်ယောက်ပါလာတယ်လို့ကြားတယ်။ အဲ့ကြောင့် KIA က စစ်ဆေးပြီး မီးရှို့ဖျက်ဆီးခိုင်းလိုက်တယ်” ဟု ပြောဆို သည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း တနိုင်းဘက်က စစ်ကောင်စီတပ် လဂျားဘွမ့်ဘက်သို့ စစ်အင်အား ၅၀ ခန့်က ခြေကျင်ဖြင့် တိုးချဲ့လာသဖြင့် လဂျားဘွမ့်ရွာဦးထက်အပိုင်းရှိ တခန်းခ (Da Hkan Hka) အနီးတွင် KIA က ၂ ကြိမ်ထက်မ နည်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၈။ သထုံတွင် စစ်ကောင်စီအရာရှိကားကို KNU တပ်မဟာ ၁ နှင့် သထုံပျောက်ကျားတပ်ဖွဲ့ပူးပေါင်း တိုက်ခိုက်၊ အရာရှိနှင့်ဇနီး ဖြစ်သူ သေဆုံးပြီး လက်နက်တစ်လက် သိမ်းဆည်းရမိ
October 25, 2021

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီအရာရှိနှင့် ဇနီး စီးနင်း လာသော Probox အိမ်စီးကားကို KNU နှင့် သထုံပြည်သူ့ပျောက်ကျား တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ နှင့် ဇနီးဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးသွားပြီး ပစ္စတိုတစ်လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။ အောက်တိုဘာ ၂၅ ရက်နေ့ တနင်္လာနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် သထုံမြို့နယ်ထုံးဘိုကြီးရွာရှေ့ တွင် စစ်ကောင်စီ အရာရှိနှင့် ဇနီး စီးနင်းလာသော Probox တစ်စီးကို KNUတပ်မဟာ(၁)နှင့် သထုံပြည်သူ့ပျောက်ကျား(TPG)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦး ကျဆုံးပြီး ၎င်းတို့ထံမှ Pistol တစ်လက်နှင့် ဖုန်းတစ်လုံးသိမ်းဆည်းရရှိခဲ့ပါသည် သထုံပြည်သူ့ပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

“သိမ်ဆိပ် ပိန္နဲတောလမ်းမပေါ် ထုံးဘိုကြီးရွာအလွန် KNU နှင့် သထုံပကဖ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ။ အရာရှိက ပိန္နဲတောတပ်မှ တပ်ခွဲမှူးနှင့် တပ်ခွဲမှူးကတော် နှစ်ဦးသေပါတယ်။ အတိုတစ်လက်သိမ်းဆည်းနိုင်တယ်လို့ သိရပါတယ်” ဟု TPG နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီအရာရှိကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်ရှိတွင် ပိန္နဲတောတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

၉။ ရခိုင်မှာ PDF နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ သုံးဦးအထိရှိလာ
October 25, 2021

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက် စပ်တယ်ဆိုပြီး အရပ်သားတစ်ဦး ထမ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦး က RFA ကို ဒီနေ့ ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူဟာ အသက် ၂၅ နှစ်အရွယ် ကိုရဲနိုင်ဦး ဖြစ်ပါတယ်။ သူဟာ သံတွဲမြို့ မှာ ကိုဗစ်ကာကွယ် ရေးနဲ့ ရေးဘေးကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ ပရဟိတသမားတစ်ဦး ဖြစ်တယ်လို့လည်းပြော ပါတယ်။ ကိုရဲနိုင်ဦးဟာ သူ့ရဲ့ မူလအလုပ်ဖြစ်တဲ့ သုံးဘီးမောင်းနေစဉ် ယူနီဖောင်းဝတ်ထားတဲ့ ရဲလေးဦးက စစ်ဆေးမေးမြန်း စရာရှိတယ်ဆိုပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး လို့လည်း ဆိုပါတယ်။

အခုလက်ရှိတော့ သူ့ကို သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရကြောင်း အဲဒီဒေသခံက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း သံတွဲမြို့မှာ လူမှုရေးအလုပ်တွေမှာ တက်တက်ကြွကြွ ပါဝင် လေ့ရှိတဲ့ ဦးစိန်ချစ် ကို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရဲကဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာ စာရေးဆရာလူငယ် ကိုအောင်နိုင်မြင့်ကို အလားတူ ဖမ်းဆီးခဲ့တယ်လို့ မိသားစုအသိုင်းအဝိုင်းက ပြောပါ တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ သုံးဦးအထိရှိ သွားပြီဖြစ်ပါတယ်။

၁၀။ စစ်တပ်၏ ရိုက်နက်မှု ဒဏ်ရာကြောင့် ပူတာအို လူငယ်တစ်ဦး သေဆုံး
October 23, 2021

ပူတာအိုမြို့နယ် ဇီးအွန်အုပ်စု အင်ရိုဘော့ကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ ပြင်းထန်စွာရိုက်နက်ခြင်းခံခဲ့ရသည့် လူငယ်တစ်ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လကုန်ပိုင်းက ဇီးအွန်နှင့် လန်းဒေါင်ကျေးရွာ ၂ ခုကြား စစ်ကောင်စီတပ်၏ စိုက်ပျိုးရေး တပ်စခန်းအနီး လမ်း မပေါ်တွင် ည ၇ နာရီခန့်အချိန် အဆိုပါလူငယ်ဖြတ်လာခဲ့ရာတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ထက်အောင် အဖွဲ့က ပြင်းထန်စွာရိုက်နက်ခဲ့သည်ဟု သေဆုံးသွားသော လူငယ်၏ မိသားစုဝင်များထံမှ သိရသည်။ “စစ်တပ်အဖွဲ့က ရိုက် နက်လိုက်တော့ သူ့ရဲ့အဆုပ် နာသွားတယ်။ ညဆိုလည်း အိပ်လို့မရဘူး။ ချောင်းဆိုပြီးသွေးပါတယ်။ ပြီးရင် ခေါင်မှာလည်း သေနတ်နဲ့ထုပေးတယ်လို့ပြောပြတယ်။ ခေါင်းဒဏ်ရာအတွင်းနာသွားတယ်။ ခေါင်းထိသွားတာက ဆေးကုရင်လည်း မပျောက် ဘူး။ သူဆုံးသွားတဲ့နေ့မှာလည်း ခေါင်းထိုးကိုက်ပြီး ဆုံးသွားတာဟုတ်တယ်။ အရင်တုန်းက သူ့မှာဘာရောဂါမှ မရှိဘူး” ဟု ပြောဆိုသည်။

စစ်တပ်၏ ရိုက်နက်မှုကြောင့် သေဆုံးသွားသော လူငယ်မှာ အသက် ၃၀ အရွယ် ကိုရဲနိုင် ဆိုသူဖြစ်ပြီး သူ၏ ခေါင်းနှင့် ရင်ဘတ် ၂နေရာတွင် အချက်ပေါင်းများစွာ ရိုက်နက်ခံခဲ့ရပြီး ၁လခန့်အကြာ နာတာရှည်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ အဆိုပါ စိုက်ပျိုးရေးတပ်စခန်းတွင် ပုံမှန်အားဖြင့် စစ်သား ၁၀ ဦးဝန်းကျင် သာ ရှိပြီး လမ်းမကြီးသည် ဇီးအွန်ကျေးရွာမှတဆင့် လန်းတောင်၊ နောင်ခိုင့်နှင့် မချမ်းဘော့မြို့သို့ တစ်ဆက်တည်း သွားလို့ရ သည့် လမ်းမကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ ဒေသခံများအနေဖြင့်လည်း အဆိုပါ စိုက်ပျိုးရေးတပ်က မတရားရိုက်နက်မှု များပြုလုပ်နေသဖြင့် ဖြတ်သန်းသွားလာရန်ပင် စိုးရိမ်နေကြကြောင်း ပြောပါသည်။

၁၁။ ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ
October 25, 2021

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေ စိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃)ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့် တပ်မတော် (MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ “သူ့ရင်ဘတ်ကို ထိသွားတာ။ မူဆယ်ဆေးရုံကို ပို့ပေးပြီးတော့ ခွဲစိတ်ဖို့ ကိရိယာ ပစ္စည်းက မပြည့်စုံလို့ဆိုပြီးတော့ မန္တလေးကို ပို့ပေးလိုက်တယ်။ ကျန်းမာရေး အခြေနေကတော့ စိုးရိမ်ရတယ်လို့ ပြော တယ်။ လက်နက်ကြီးစ မှန်သွားတယ်လေ”ဟု ပန်ဆိုင်း မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်နန်းဘောက်သည် ကလေး (၃)ဦးမိခင်ဖြစ်ပြီး အသင်းတော် အခြေပြု ပညာရေးဂေဟာ တွင် စာသင်ပေးနေသည့် ဆရာမ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ “အခုလော‌လောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ တိုက်ပွဲမဖြစ်ဘူး။ ဘယ်နေ့ ဘယ်ချိန်ထ ဖြစ်လာမှာလဲတော့ မသိသေးဘူး။ အခုက လက်နက်ကြီးပါသုံးလာပြီဆိုတော့ စိတ်ပူရတယ်”ဟု ပန်ဆိုင်းမြို့ ဒေသခံ တဦးက ပြောသည်။ ပန်ဆိုင်းမြို့တွင် အောက်တိုဘာ (၁၈)ရက်နေ့ကလည်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တိုက်ပွဲကြောင့် သက်ကြီးရွယ်အို အမျိုးသားတဦး သေဆုံးသွားခဲ့ရသည်။

၁၂။ တစ်ရက်အတွင်း ပစ်ခတ်မှု (၅)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်(၁၄) ဦးကျဆုံး၊ (၉) ဦးဒဏ်ရာရဟု KNU ထုတ်ပြန်
October 25, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့ အကြား ယမန်နေ့ အောက်တိုဘာ (၂၄) ရက်နေ့ တစ်ရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၅ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၄ ကျဆုံးကာ၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သထုံခရိုင်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးနယ်၊ ဝင်းတာပန်ကျေးရွာတွင် စခန်းချသည့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂)၊ BGF -၁၀၁၃ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့မှ တပ်ချိန်းပြီးပြန်လာရာ တွင် KNLA တပ်မဟာ (၁) လက်အောက်ခံတပ်များမှ ထီညာလူကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား၊ အင်တောကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား၊ ဆောဘိနားကျေးရွာနီး၊ ထုံးဘိုလေးကျေးရွာနှင့် ဝီယော်ကျေးရွာအကြားနှင့် ထုံးဘိုကြီးကျေးရွာနှင့် ထုံးဘိုလေးကျေးရွာတို့တွင် ကြားဖြတ်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

KNLA တပ်မဟာ ၁ မှ တပ်မှူးတစ်ဦးက ” အဲဒီနေ့က သူတို့ အင်အား ၁၀၀ ကျော်ကျော်လောက် ပြန်လာတယ်။ မနက် ၄ နာရီခွဲလောက်မှာ စပြီးတော့ ဆယ်နာရီခွဲကျော်အထိမှာ ၅ ကြိမ်တိတိ ကျနော်တို့လူတွေ သွားလုပ်တယ်ပေါ့နော်။ သူတို့ဘက်က ခြေကျင်နဲ့ပဲပြန်ကြတော့ ဒီလိုထိခိုက်ကျဆုံးမှုများတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။ ထိုနေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီး ကျောင်း အတွင်းစခန်းချ တပ်စွဲထားသော တပ်ခွဲမှူးကျော်ဇင်လှဦးဆောင်သည့် တပ်မ (၂၂)၊ ခမရ (၂၀၁) တပ်ရင်းမှ လက်နက် ကြီး (၆၀ မမ) ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးကျေးရွာ ရွာလယ်ရှိ နော်ဆောင်ဘူး၏ အိမ်ဘေးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု များရှိသည်လည်းဟု KNU ဘက်က ပြောသည်။

၁၃။ မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန် အား “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်း
October 25, 2021

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန် အသက် ၇၅ နှစ်ပြည့်နေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာမွန်အသင်း အဖွဲ့များဦးဆောင်၍“ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်းသည့်အခမ်အနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပ ခဲ့ သည်။ ကိုဗစ် ၁၉ စည်းကမ်းချက်နှင့်အညီ အခမ်းအနားကိုအကျဥ်းရုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် ဆုတံဆိပ်အပ်နှင်းသူများ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ဟံသာ က “အနယ်နယ်အရပ်ရပ်က မျိုးချစ်ပုဂ္ဂိုလ်တွေပေါင်းစုပြီးတော့ ကျနော်တို့ ဂုဏ်ထူးဆောင်ဥက္ကဌကြီးကို ရဲရင့်သော ဟင်္သာ မြန်မာလိုအဓိပ္ပါယ်ရတဲ့ ဝီရဟံသာ ဆုတဆိပ်တော် လာရောက်ချီးမြှင့် ပေးတာကို မွန်ပြည်သစ်ပါတီကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိတယ်လို့ ပြောလိုပါတယ်၊ ဥက္ကဌကြီးဟာ လူငယ်ဘဝမှာပဲ မွန်တော်လှန်ရေးကို စတင်ဝင်ရောက်ခဲ့တာ ဒီနေ့ဆိုရင် သက်တမ်းအားဖြင့် ၅၇ နှစ်ရှိခဲ့ပါပြီ၊ သူရဲ့တစ်သက်တာလုံးမှာ မိမိကိုယ်ကျိုး မိသားစုအကျိုးကိုလုံးဝမငဲ့ညှာခဲ့ဘဲ မွန်တော်လှန်း ရေးမှာပဲ ဘဝကိုမြှုပ်နှံခဲ့သူပါ၊ သူ့လိုပုဂ္ဂိုလ်မျိုး ရှားပါတယ်”ဟု ပြောသည်။ ဂျပန်၊ အမေရိကန်၊ ကိုးရီးယား၊ စင်ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံအခြေစိုက် မွန်အသင်းအဖွဲ့ ၁၉ ဖွဲ့က “ဝီရဟံသာ” ရွှေတံဆိပ်ရင်ထိုးနှင့်အတူ ထိုင်းဘတ်ငွေ ၂ သိန်း ကျော် ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရသည်။

နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားအဆင့်မှနေ၍ တာဝန်အဆင့်ဆင့်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီး နောင်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တွင် ဗိုလ်ချုပ်ရာထူး အဆင့် အထိလည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနှင့် ဗဟိုစစ်ကော်မတီ ဥက္ကဌ၊ ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ (၄) ဦးမြောက် ဥက္ကဌဖြစ်လာပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီညီလာခံ၌ ကျန်းမာရေးအရ ဂုဏ်ထူးဆောင်ဥက္ကဌကြီးအဖြစ် နိုင်ထောမွန်အား တာဝန်လွှဲပြောင်းအပ်ခဲ့ခြင်းဖြစ်သည်။

၁၄။ ရခိုင် တင်းမရွာသားတွေ နေရပ်ပြန်ခွင့်မရသေး
October 25, 2021

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ မိမိနေရပ်ကို ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီကို တင်ပြထားပေမယ့် ဒီနေ့ အထိ တစ်စုံတစ်ရာတုန့်ပြန်တာ မရှိသေးဘူးလို့ တင်းမဆရာတော်က RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနဲ့တွေ့ဆုံခဲ့ ပေမယ့် တစ်စုံတစ်ရာအကြောင်းမထူးသလို ဒီနေ့မှာလည်း ကျေးရွာရပ်မိရပ်ဖ ၁၃ ဦးနဲ့အတူ ကျောက်တော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို နေရပ်ပြန်ဖို့ ထောက်ခံစာသွားတောင်းပေမယ့် အထက်ကိုတင်ပြရဦးမယ်ဆိုပြီး မရခဲ့ဘူးလို့ တင်းမ ဆရာတော် ဦးဝါယမိန္ဒ က RFA ကို မိန့်ပါတယ်။

နေရပ်ပြန်ခွင့်တောင်းဆိုတယ်ဆိုပေမဲ့ ကျေးရွာသားတွေအကုန်လုံး ပြန်ကြမှာမဟုတ်ဘဲ ပျက်စီးနေတဲ့ကျောင်း တွေနဲ့ နေအိမ် တွေကို ပိုပြီးမပျက်စီးခင်မှာ ပြုပြင်ထိန်းသိမ်းဖို့ ဒေသခံအချို့ကို ပြန်ခွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ အခုလို တောင်းဆိုတဲ့အပေါ်မှာ ခွင့်မပြုတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့လည်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။ အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ အဲဒီတင်းမကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကတော့ အဲဒီတင်းမကျေးရွာကို သွားကြည့်တဲ့အခါမှာ လူနေအိမ် ၁၃၂ လုံး မီးလောင်ပြာကျသွားပြီး ဖြစ်သလို တခြားနေအိမ် ၉၃ လုံးမှာလည်း ပျက်စီးသွားပြီလို့ အဲဒီ ဦးဇင်းက မိန့်ပါတယ်။ အခုလည်း အချိန်တွေကြာလာတာ ကြောင့် နေအိမ်တော်တော်များဟာ ပျက်စီးနေပြီလို့လည်း ဆိုပါတယ်။ အဲဒီတင်းမကျေးရွာသားတွေဟာ ရခိုင်မှာ တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းကစလို့ နေရပ်ပြန်ဖို့ ကြိုးစားနေကြတာပါ။ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့လည်း ပြည်နယ်စစ်ကောင်စီထံကို လေးကြိမ်တိုင်တိုင် တင်ပြခဲ့ပေမယ့် အခုအချိန်အထိ တစ်စုံတစ်ရာတုန့်ပြန်တာ မရှိသေးဘူးလို့လည်း ကျေးရွာသားတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေး ပဋိပက္ခကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ဟာ အခုအချိန်ထိ နေရပ်မပြန်နိုင် ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) က ပြောပါတယ်။

၁၅။ KNU စစ်ဆေးရေးဂိတ်တစ်ခုနှင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့
October 23, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံနှင့် ဘီးလင်းမြို့နယ်နှစ်ခုအကြားရှိ ကေအဲန်ယူ တပ်မဟာ ၁ စစ်ဆေးရေး ဂိတ် တစ်ခုနှင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးကေ-ဝင်းတာပန်မှ ပိန္နဲတောသို့ ပြန်လာသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၄၀၆ နှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့တို့သည် သထုံ-ဘီးလင်းမြို့နယ်စပ်ကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA ) တပ်မဟာ ၁နှင့် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့သည် ဘီးလင်းမြို့နယ်ထဲရှိ ဘီးလင်း-သထုံ ကားမဲစစ်ဆေး ရေးဂိတ် (ဒေသအခေါ် နဂါးဂိတ်)နှင့် သထုံမြို့နယ်ဘက်ရှိ လူနေအိမ်တစ်အိမ်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မွန်းလွဲ ၂ နာရီခွဲလောက်မှာ ကားမဲစစ်ဆေးရေးဂိတ်မှာ တစ်ကြိမ်၊ လားခိုးနေရာမှာတစ်ကြိမ် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ဆေးရေးဂိတ်ကို သူတို့ဝင်မီးရှို့ လိုက် တယ်။ ပြီးတော့ သထုံဘက်က မောကလိုးရွာက အိမ်တစ်အိမ်ကိုလည်း မီးရှို့ပစ်လိုက်တယ်။ မီးရှို့ခံရတဲ့အိမ်ကလည်း မုဆိုးမ အိမ်ဆိုတော့ တဲသာသာရှိတဲ့ အိမ်ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ အိမ်ရှင်က ပြေးပြီလေ။ အိမ်မှန်း သူတို့လည်း သိကြပါတယ်။” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိထားပြီး ၎င်းတို့ KNLA ဘက်တွင် စစ်ရေးဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရမှုမှလွဲ ထိခိုက်ကျဆုံးမှုမရှိကြောင်း ၎င်းကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူက ပြောသည်။

၁၆။ တိုင်းရင်းသားတပ် တိုက်ပွဲကြောင့် ဟူးကွက် ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရ
October 23, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် သျှမ်းပြည် ပြန်လည်ထူထောင်‌ရေးကောင်စီ၊ သျှမ်းပြည်တပ် မတော် (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု (TNLA,SSPP/SSA)တို့ တိုက်ပွဲကြောင့် ဟူးကွက်ကျေးရွာ‌ ဒေသခံ (၂)ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဟူးကွက်ကျေးရွာတွင် (အောက်တိုဘာ ၂၂ ရက်) တိုက်ပွဲတွင် လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှုကြောင့် အသက် (၆၀)ကျော် အမျိုးသား တစ်ဦးနှင့် အသက် (၁၈)နှစ်အရွယ် လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“သူတို့ပစ်တာ ရွာထဲ ရောက်လာတော့ အဖိုးဖြစ်သူနဲ့ မြေးဖြစ်သူကို ထိမှန်သွားတာ။ မနေ့က တိုက်ပွဲပြင်းထန်တယ်။ သူတို့ လက်နက်ကြီးတွေ ပစ်ခတ်ကြတာ။ ဒီနေ့တော့ နည်းနည်း ငြိမ်သွားတယ်” ဟု ဟူးကွက်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီးကြောင့် မြေးဖြစ်သူသည် လက်တွင်ထိမိသွားပြီး လက်ညိုးများပျက်ကျသွားကြောင်းသိရသည်။ လက်ရှိတွင် ထို လက်နက်ကြီးထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ “အဖိုးဖြစ်သူကတော့ထိ ခိုက်မှုဒဏ်ရာသိပ်မများဘူး။ သူ့မြေးက ဗိုက်နဲ့လက်မှာထိသွားတာ။ လက်ညိုး(၂)ချောင်း ပျက်သွားတယ်။ ဗိုက်မှာလည်း ထိ ထားတယ်။ သူ့မြေးက ဒဏ်ရာပြင်းထန်တယ်။ အခုက မန္တလေးဆေးရုံကို ပို့ထားလိုက်ပြီလို့ကြားတယ်”ဟု အထက်ပါ ဒေသခံ တဦးက ပြောသည်။ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယနေ့ချိန်ထိ (RCSS/SSA) နှင့် (TNLA,SSPP/SSA) တို့ စစ်ရေးဆက်လက် တင်းမာ နေသေးကြောင်း သိရသည်။

၁၇။ မိုးကောင်း NLD လူငယ်ခေါင်းဆောင် အသတ်ခံရ
25 October, 2021

ကချင်ပြည် မိုးညင်းခရိုင် မိုးကောင်းမြို့ အန်အယ်လ်ဒီပါတီ၀င် လူငယ်ခေါင်းဆောင်တဦး အသတ်ခံရတယ်လို့ သိရပါတယ်။ လူငယ်ခေါင်းဆောင် ကိုကဗျာနိုင် (ခေါ်) ကိုနိုင်လင်းဦးဟာ အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီအချိန်မှာ စစ်အာဏာရှင်ဆန့် ကျင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း အသတ်ခံရတာလို့ NLD ပါတီ၀င်တဦးကပြောပါတယ်။ ကိုနိုင်လင်ဦးဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွလုပ်ရှားသူတစ်ဦးဖြစ်ပြီး CDM ထောက်ပံ့မှုကြောင့် ရှောင်တိမ်းနေရသူလည်း ဖြစ်ပါတယ်။

သူဟာ ပါတီအရေးတွင်သာမက မြို့နယ်ပရဟိတလုပ်ငန်းတွေမှာလည်းပါ၀င်သူဖြစ်ပြီး လူငယ်တွေ အခုလိုဖြစ်တာဟာ မြို့နယ် အတွက်ဆုံးရှုံးမှုတစ်ခုပဲလို့ သူ့ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။ ပါတီလုပ်ငန်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး လုပ်ငန်းတွေမှာစွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ပေးခ့းတဲ့ ကိုနိူင်လင်းဦး အား မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်တမ်း တင်အလေးပြုကြောင်းနဲ့ ရဲဘော်ကောင်းရာဘုံကို ရောက်ပါစေကြောင်း မြို့နယ် NLD ပြန်ကြားရေးက ၀မ်းနည်းကြောင်း သ၀ဏ်လွှာထုတ်ပြန်ထားပါတယ်။

၁၈။ စစ်ကောင်စီမှ ဓနု ကျောင်းဆရာ ပြန်လွှတ်ပေးပြီး အချုပ်ခန်းအပြင်မရောက်ခင် ပြန်ဖမ်းသွား
October 25, 2021

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံး)တွင် စစ်ကောင်စီက ချုပ်နှောင်ခံထားရ သည့် ဓနုတိုင်းရင်းသား အထက်တန်းပြကျောင်းဆရာတစ်ဦးကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ရာ ထောင်ဝန်းအပြင် မရောက် ခင် ပြန်လည်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် အထက်တန်းပြ ကျောင်းဆရာ တစ်ဦးဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် ဓနုတိုင်းရင်းသား ကိုပြည့်ဖြိုးဝင်း သည် ထောင်ဝန်းအပြင်မရောက်မှီ ချက်ချင်းပြန်လည် ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့နေ့ က (အောက်တိုဘာလ ၂၀ ရက်) လွှတ်ပေးမယ်ဆိုလို့ ကျမတို့သွားစောင့်ခဲ့တာ၊ အဲ့နေ့ ညနေပိုင်း လောက်ရောက်မှ သူတို့က တစ်စုလွှတ်ပေးတယ်၊ ကျမတို့လူမပါသေးတော့ ကျမတို့ထပ်စောင့်တာ ည ၇ နာရီထိုးခါနီးတော့ နောက်ထပ်တစ်သုတ် ထပ်လွှတ် ပေးတယ်၊ စုစုပေါင်း ၁၇ ယောက်လောက်ရှိမယ်၊ ဒါပေမဲ့ တချို့ပဲလွတ်တယ်၊ သူ(ကိုပြည့်ဖြိုးဝင်း) နဲ့တချို့က ချက် ချင်း ပြန်အဖမ်းခံလိုက်ရတယ်” ဟု ထောင်ရှေ့သို့ သွားရောက်စောင့်ခဲ့သည့် ဆွေမျိုးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုပြည့်ဖြိုးဝင်းသည် ပင်းတယမြို့နယ်၊ မိုင်းအင်းကျေးရွာတွင် နေထိုင်သည့် ပန်သခွား (အ.ထ.က) အထက်တန်းပြ ကျောင်း ဆရာနှင့် အဆိုတော်တစ်ဦးဖြစ်သည့်အပြင် စစ်တပ်မှ နိုင်ငံတော်သိမ်းယူပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့မှုနှင့် မေလ ၁၇ ရက်၊ နံနက် ၃ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ပန်သခွား၊ အထက်တန်းကျောင်း၌ စစ် ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။ တောင်လေးလုံး အကျဉ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ပြန်လွတ် လာရမည့်စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ထောင်ဝန်းအပြင်ဘက်မရောက်ခင်တွင်အကြမ်းဖက်မှု ပုဒ်မဖြင့် စစ်ကောင် စီက ပြန်လည် ဖမ်းဆီးထားခြင်းဖြစ်သည်ဟုလည်း မိသားစုနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။ စစ်ကောင်စီတို့ လုပ်ရပ်သည် ပြည်သူများကို စိတ်ဒဏ်ရာများပေးပြီး ဒုက္ခပေးနေသည့် သဘောဖြစ်သည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂၄ နှစ် အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၉။ ငပလီမြို့မှ တုတ်တုတ်သုံးဘီးမောင်းနှင်သည့် လူငယ်တစ်ဦးဖမ်းဆီးခံရ
October 24, 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လင်းသာရပ်ကွက်နေ တုတ်တုတ်သုံးဘီးဖြင့် အငှားလိုက်နေသည့် အသက် ၂၄ နှစ် အရွယ်ရှိ ကိုရဲနိုင်ဦး ကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီကျော်အချိန်ခန့်တွင် ရဲတပ် ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား သည် ဟု ဒေသခံများကပြောသည်။ ကိုရဲနိုင်ဦးမှာ ငပလီကမ်းခြေရှိ Aureun Hotel ရှေ့၌ ဧည့်သည်စောင့်ဆိုင်းနေစဥ် နယ်မြေခံရဲ တပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းနှင့်ရင်းနှီး သူ ဦးနေထွန်းအောင် ကပြောသည်။

“ ဟိုတယ်ရှေ့မှာ သူကဧည့်သည်စောင့်နေတဲ့ အချိန်ဖမ်းခေါ်သွားတာ။ ဘာဖြစ်လို့ ဖမ်းတာလဲဆိုတာကို မသိရသေးဘူး။ ဒီနေ့ အထိတော့ ပြန်လွှတ်ပေးတာမရှိသေးဘူး။ နီးစပ်ရာသတင်းတွေအရ သူ့ကို ရဲစခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့သိရတယ် ”ဟုဆိုသည်။ ကိုရဲနိုင်ဦးမှာ သံတွဲမြို့နယ်၊ မြိုချောင်ကျေးရွာဇာတိဖြစ်ပြီး ငပလီမြို့၊ လင်းသာရပ်ကွက်တွင် သူ့၏ အစ်ကို ဖြစ်သူအိမ်၌နေ၍ တုတ်တုတ်သုံးဘီးမောင်းနှင်နေသူဖြစ်သည်။

ပြီးခဲ့သည့်‌အောက်တိုဘာ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ဦးစိန်ချစ် ကို ရဲတပ်ဖွဲ့က PDF နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က)တို့ဖြင့် စစ်ကောင်စီ အရာရှိတစ်ဦးက သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ၎င်းမှာ ဦးစိန်ချစ်နှင့် ပူးပေါင်းကာ သံတွဲမြို့နယ် အတွင်း လူမှုကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်ဟု ဦးနေထွန်းအောင်ကဆိုသည်။

၂၀။ ဟားခါးမြို့နယ်တွင် ပြည်သူသုံးထောင်ကျော်ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရ
October 26, 2021

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့လာနေပြီး တိုက်ပွဲများဖြစ်ပွားလာမှာကို စိုးရိမ် မှုကြောင့် ဟားခါးမြို့ပေါ်နှင့်အနီးနားကျေးရွာများမှ ပြည်သူ သုံးထောင်ကျော်တို့သည် အိုးအိမ်စွန့်ခွါထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။ “ လွန်ခဲ့တဲ့နှစ်ပတ် ၃ ပတ်လောက်မှာ မြို့တွင်းမှာ လက်နက် ကြီးကျတယ်၊ သေနတ်ဖောက်သံတွေ အပစ်အခတ် တွေရှိတယ်လေ တချိူ့အိမ်တွေဆိုရင် ကျည်ထိတယ်၊ ရပ်ကွက်တွေထဲမှာ အပစ်အခတ်တွေရှိတဲ့ အခါမှာ နေလို့ ထိုင်လို့အဆင်မပြေတော့ဘူး အဲဒါစိုးရိမ်းလို့ သူတို့အိမ်တွေကို စွန့်ခွါပြီးတော့ လုံခြုံတဲ့နေ ရာကို သွားတယ်၊ အမျိူးတွေဆီမှာသွားတယ်အဲလိုမျိူးပေါ့”ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ဟားခါးမြိုပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလလယ်ပိုင်းကစ၍ ညတို်င်းနီးပါး လက်နက် ကြီးများရမ်း သမ်းပစ် ခတ်မှုရှိနေပြီး ဒေသခံပြည်သူများကျည်ဆံထိမှန်မှု၊ နေအိမ်များမီးလောင်မှုများရှိလာသည့်အတွက် ရပ်ကွက်နေပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုကြောင့် ယခုကဲ့သို့အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရခြင်းဖြစ်သည်။ ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့ က ဟားခါးမြို့တွင်းသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ခန့် ဝင်ရောက်လာသည့် အတွက် ပြည်သူများစိုးရိမ်မှုတိုးလာနေသည်ဟု သိရသည်။ ဟားခါးမြို့ပေါ်နေပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင် မှုတဖြည်းဖြည်းများလာနေသည့်အတွက် ဟားခါးမြို့နယ်အတွင်းရှိ ဇိုခွါနယ်၊ ဆဲန်ထန်းနယ် နှင့် မိအယ်နယ်ဒေသတို့တွင် ဇုံ ၃ ဇုံဖြင့် စစ်ဘေးရှောင်များ အတွက် စီစဉ်ထားကာ ဟားခါးမြို့ပေါ်တွင်လည်း ခရစ်ယာန်တက္ကသိုလ်ကျောင်းတွင် စစ်ဘေးရှောင် စခန်း ဖွင့်လှစ်ထားကြသည်ဟု သိရသည်။

လက်ရှိ ဟားခါးမြို့နယ်တွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် အစားအသောက်အပိုင်းတွင်လည်း ကူညီထောက်ပံ့ မှုတွေလိုအပ်နေသည်ဟု ၎င်းကဆက်ပြောသည်။ “အခုက သူတို့လိုအပ်နေတာက အဓိက စားဝတ်နေရေးလိုမယ်။ တကိုယ်ရေ သန့်ရှင်းဖို့ ဆပ်ပြာကအစ ဆောင်ရာသီဝင်ပြီဆိုတော့ အိပ်ဖို့ စောင်လည်းလိုမယ်” ဟု စစ်ဘေးရှောင်ကူညီရေး ကော်မတီဝင် တစ်ဦးက ပြောသည်။ ဟားခါးမြို့ပေါ်ရှိ ချင်း ခရစ်ယာန်တက္ကသိုလ်ကျောင်းတွင် ဖွင့်လှစ်ပေးထားသော စစ်ဘေးရှောင်စခန်း တွင် ယခုလက်ရှိ စစ်ဘေးရှောင် မိသားစု ၄ စု လူဦးရေ ၂၀ ခန့်ခိုလှုံနေပြီဖြစ်ကြောင်း သိရသည်။

၂၁။ စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ
October 25, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ စပါးရိတ်ရမယ့် လယ်ယာခင်းများမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နှစ်ဖက်တပ် အလွန်နီးကပ်စွာရှိနေတဲ့အပြင် ဒေသခံတွေကိုလည်း သွားလာ ခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“သွားအလုပ်လုပ်လို့ မရဘူး။ မသွားခိုင်းဘူး။ သူတို့ အရမ်းနီးကပ်နေလို့တဲ့။ ဘယ်ကိုမှ မသွားခိုင်းဘူး။ စပါး အရေးတကြီးကို ရိတ်ရတော့မှာ။ မသွားခိုင်းဘူး ဖြစ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လယ်ယာခင်းမှာ စပါးအမှည့်လွန်နေပြီ ဖြစ်သောကြောင့် တစ်နှစ်စာအတွက် စပါးမရိတ်သိမ်းနိုင်ပါက လာမယ့်နှစ်မှာ အစာပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ဒေသခ တွေက ပြောပါတယ်။

၂၂။ ရေးမြို့ဓမ္မပီယကျောင်း ဘုရားစိန်ဖူးတော်ခိုးယူခံရပြီး ထီးတော်ပါပြိုကျ
October 23, 2021

ရေးမြို့၊ သိရီခေမာရပ်ကွက် ဓမ္မပီယကျောင်းတွင် တည်ထားကိုးကွယ်သော ဘုရားစေတီတစ်ဆူ၏ စိန်ဖူးတော် ခိုးယူခံရပြီး ဘုရားထီးတော်ပါ ပြိုကျပျက်စီးသွားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းအချိန်တွင် ဘုရားစိန်ဖူးတော်အား ကြိုးနှင့်ဆွဲချခိုးယူခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး က ပြောဆိုသည်။ “အဲဒီဘုရား စိန်ဖူးတော်အလှူရှင်က ရန်ကုန်ကပါ။ သူခိုးတွေကိုတော့မမိဘူး။ ဖြစ်တဲ့အချိန်ကလည်း ည မထွက်ရအချိန်ဖြစ်နေတော့လေ။ အခုထိတော့ပြန်မပြင်ရသေးဘူး” ဟု ၄င်းက ဆိုသည်။ ဖန်ဖြင့်ပြုလုပ်ထားသည့် စိန်ဖူးတော် အတုဖြစ်သောကြောင့် သူခိုးများ မယူဆောင်သွားကြောင်း ဘုရားဒါယကာများမှ သိရသည်။ ” သူတို့က စိန်ဖူးတော်ကိုခိုးဖို့ လုပ်တာပါ။ ဘုရားကလည်း နိမ့်တဲ့အထဲပါတယ်။ အဲဒီတော့ကြိုးနဲ့ဆွဲချတာပေါ့။ နည်းနည်းဟောင်းနွမ်းနေတော့ ကြိုးကျတာ ပေါ့။ စိန်ဖူးတော်က ဖန်နဲ့လုပ်ထားတဲ့အတုဆိုတော့ ယူမသွားဘူး။ ထားခဲ့တယ်။ ” ဟု ဘုရားဂေါပကတစ်ဦးက ဆိုသည်။

၂၃။ KNU ဘိတ်-ထားဝယ်ခရိုင် အကြံပေးပုဂ္ဂိုလ် ပဒိုစောသောသီဖေ ကွယ်လွန်၊ ခရိုင်ဌာနချုပ်၌ ဈာပနပြုလုပ်မည်
October 25, 2021

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဝါရင့်ကရင့်တော်လှန်ရေး သမား တစ်ဦးလည်းဖြစ်သည့် ပဒိုစောသောသီဖေသည် အောက်တိုဘာလ ၂၄ ရက်၊ ည ၁၁ နာရီခွဲအချိန်၌ ခရိုင်ဌာနချုပ်နေရာတွင် ကွယ်လွန်သွားခဲ့သည်။ ပဒိုစောသောသီဖေသည် အသက် ၇၅နှစ်ကျော်ရှိပြီး ကွယ်လွန်ချိန်အထိ KNU ဘိတ်-ထားဝယ်ခရိုင်၏ ခရိုင်အကြံပေးပုဂ္ဂိုလ်တစ်ဦးအနေဖြင့်တာဝန်ယူထားရာက အဆုတ်နှင့်အသည်းရောဂါကြောင့်ခရိုင်ဌာနချုပ်ရှိရာ “အမလာ ထာ” နေရာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဈာပနပြုလုပ်မည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ဘိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ပဒိုစောဝင်းခိုင်က “သူနဲ့ဆုံတာက နှစ်ပေါင်း ၃၀ ကျော်လောက် ရှိပြီး။ ဒီခရိုင်ကို သူရောက်လာချိန်ကတည်းကပေါ့။ ဒီခရိုင်ကို မရောက်ခင် တပ်မဟာ(၃)လည်း အဆင့်ဆင့် တာဝန်ယူ တာရှိတယ်။ ဗဟိုမှာလည်း သူနေခဲ့တယ်။ သူ့ရဲ့တော်လှန်ရေးသက်တမ်းက သိရသလောက် နှစ်ပေါင်း ၄၀ကျော်ရှိပြီး။ ဒီမှာ မိသားစုနဲ့ လာနေတာမဟုတ်ဘူး။ တစ်ယောက်ဘဲလာနေတယ်။ သူက အတတ်ပညာစုံတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ပြောလို့ ရတယ်။ စာရေးတာလည်း ဝါသနာပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပဒိုစောသောသီဖေသည် ဧရာဝတီတိုင်းဇာတိဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)သို့ ရောက်ရှိ လာကာ ခရိုင်၏ လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့သလို ကျောက်ကြီးမြို့နယ် ဥက္ကဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း KNU ဗဟို၏ လိုအပ်ချက်အရ ၁၉၇၉ခုနှစ်တွင် ဗဟိုသို့ရောက်ရှိခဲ့သည် ဟု ခရိုင်တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။ ထို့အပြင် KNU ဗဟို၏ တာဝန်ပေးချက်အရ ၁၉၈၁-၈၂ခုနှစ်ဝန်းကျင်တွင် KNU ဘိတ်-ထားဝယ်ခရိုင်သို့ ပြန်လည် ရောက်ရှိလာပြီး ခရိုင်စည်းရုံးရေးဌာန၏ ဌာနမှူးအဖြစ်လည်းကောင်း၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်တရားသူကြီး တာဝန်များကိုလည်း အဆင့်ဆင့် တာဝန်ယူခဲ့ပြီး ကျန်းမာရေးမကောင်းသည့်အတွက် ခရိုင်တရားသူကြီး တာဝန်မှ အနားယူခဲ့သော်လည်း ခရိုင်အကြံပေးပုဂ္ဂိုလ်တာဝန်ကို ကွယ်လွန်အချိန်အထိ တာဝန်ယူသွားခဲ့သည်။

၂၄။ ဖားကန့်တွင် အမျိုးသားတစ်ဦး ဓားခုတ်သတ်ဖြတ်ခံရ
October 25, 2021

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးတွင် အောက်တိုဘာလ ၂၄ ရက်နေ့ည ၉ နာရီခန့်က လူသတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အလုပ်မှ နေအိမ်တို့ပြန်လာစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။ “လူတစ်ယောက် ဆိုင်ကယ် လုယက်ခံရပြီး သေသွားတယ်ဆိုလို့ သွားကြည့်မှ ကိုရဲထိုက်ဖြစ်နေတာ။ ဆိုင်ကယ် မရှိလို့ ဆိုင်ကယ်အလုခံရတယ်လို့ပဲပြောတာ အသတ်ခံရတာလား သေချာမသိဘူး။ ခေါင်းမှာ နှစ်ချက် အရိုက်ခံထားရတယ်။ လက်မှာ တစ်ချက်ခုတ်ခံရတယ် သွေးထွက်လွန်ပြီးသေတယ်လို့ပြောတယ်။” ဟုသူကပြောသည်။ အခင်းဖြစ်ပွားခဲ့သောနေရာ တွင် ယခုအောက်တိုဘာ တစ်လအတွင်း လုယက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသတ်ခံရမှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူ ကိုရဲထိုက် အသက် ၄၅ နှစ်သည် ရွှေမျောတိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့တွင် အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းလာခြင်းနှင့် ကုန်ဈေးနှုန်း မြင့်မားလာခြင်းတို့ကြောင့် လုယက်မှု ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဖားကန့်မြို့နယ် ၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု မှော်ရှန် ကျီးမနိုးဘုရားအနီးတောထဲ၌ အောက်တိုဘာ ၃ ရက်နေ့ကလည်း အမည်မသိလူငယ်အမျိုးသားတစ်ဦး လည်ပင်းတွင် ဓားဒဏ် ရာဖြင့် လက်ပြန်ကျိုးတုတ်ကာ ပုပ်ပွပြီး သေဆုံးလျက်ရှိကြောင်း သိရသည်။

၂၅။ ဟားခါးမြို့တွင် COVID-19 ရောဂါနဲ့ လူ ၅ ဦး သေဆုံး
October 25, 2021-10-25

Lockdown ချထားသည့် ဟားခါးမြို့တွင် အောက်တို့ဘာ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ COVID-19 ရောဂါနဲ့ သက်ကြီးပိုင်း လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် လူ ၃ ဦးနဲ့ ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် လူ ၂ဦး သေဆုံးကြသည်။ COVID-19 တတိယလှိုင်းအတွင်း ဟားခါးမြို့တွင် သေဆုံးသူ ၄၀ ကျော်ရှိသွားပြီဖြစ်သည်။

၂၆။ နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်း ထွက်ကြံများဝယ်ယူမည်မဟုတ်ကြောင်း တရုတ် ဖိအားပေး
October 25, 2021

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှု ကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြော ဆိုလာကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုး လာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ နယ်မြေကျော်လာပြီး ခြံစည်းရိုးထပ်လာခတ်တာ။ လာခတ်ပြီးတော့ ကျနော်တို့ဘက် ကနေ သ‌ဘောမတူညီရင် ကျနော်တို့စိုက်ထားတဲ့ ကြံတွေကို သူတို့က မဝယ်ယူနိုင်ဘူးလို့ ပြောတယ်။ ကျနော်တို့ကို ဖိအား ပေးတာပေါ့” ဟု မန့်မိုင်ကျေးရွာဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်တွင် ကိုဗစ် ၁၉ ပြန့်ပွားမှု ကြောင့် တရုတ်ဘက်မှ ပန်ဆိုင်းဒေသခံများ စိုက်ပျိုးပြီးထွက်လာမည့် ကြံကို မဝယ်ပါက ဒေသခံများ စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း သိရသည်။

“အခုချိန်က ကိုဗစ် ကာလလေ။ ကျနော်တို့လည်း တခြားလုပ်စားဖို့ကခက်တယ်။ နောက်ထပ် ၃-၄ လလောက်ဆို ကြံကို ခုတ် ရောင်းရတော့မယ်။ သူတို့ဘက် မဝယ်ဘူးဆိုရင် ကျနော်တို့အတွက်က ခက်ခဲမှုများစွာ ရှိလာနိုင်တယ်လေ။ ကျနော်တို့ စားဝတ် နေရေးအတွက်က ပိုပြီးခက်ခဲလာနိုင်တာပေါ့” ဟု မန့်မိုင်ကျေးရွာဒေသခံတဦးက ပြောသည်။ ထိုခြံခတ်သည့် ကိစ္စကို ပန်ဆိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်တင်ပြသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများကပြောသည်။ “သူတို့က ဒီဘက်ကို ကျူးကျော်လာပြီးတော့ ခြံစည်းရိုးထပ်လာလုပ်တာ။ မြစ်ချောင်းကို ထပ်တူးလာတာ။ ကျနော်တို့ဘက်ကိုထပ်ပြီး ခြံစည်းရိုးလာခတ်မလို့ထင်တယ်။ ဒါကို ကျနော်တို့ ပန်ဆိုင်း‌ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ဘာမှ လာမဖြေရှင်းပေး ဘူး။ လာလည်းမကြည့်ပေးဘူး”ဟု မန့်မိုင်ကျေးရွာ ဒေသခံများကပြောသည်။ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာတွင် ယခုလို နယ်မြေကျူးကျော်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာ သိမ်းယူပြီး နောက်ပိုင်း တရုတ်နိုင်ငံမှ နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုးပိုမိုခတ်လာခဲ့ကြောင်း သိရသည်။

၂၇။ အန်စီအေ ၆ နှစ်ပြည့်ပွဲတက်ရောက်ခဲ့မှု ABSDF ဗဟိုသဘောထားမဟုတ်ဟု ထုတ်ပြန်
25 October, 2021

တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှတ်ရေးထိုးခြင်း ၆ နှစ် မြောက် နှစ်ပတ် လည်အခမ်းအနားကို တက်ရောက်တာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ဘူးလို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအခမ်းအနားမှာတက်ရောက်ပြောကြားချက်တွေဟာတက်ရောက်သူရဲ့ ပုဂ္ဂိုလ်ရေးပြောကြားချက်သာဖြစ်ပြီးခုလိုတက်ရောက် ခဲ့ရတာဟာ အခြေအနေအပေါ်မူတည်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူတွေရဲ့ တာဝန်ယူတာဝန်ခံမှုနဲ့ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ABSDF ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အန်စီအေ ၆ နှစ် မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီက ဦးစီးကာ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အန်စီအေ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲက RCSS/SSA၊ ABSDF အပါအဝင် ၈ ဖွဲ့ တက် ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီး ပြည်သူလူထုကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့အတွက် အခုအချိန် မှာ နိုင်ငံအနှံ့ပြည်သူတွေက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေကြတာဖြစ်ပါ တယ်။ ဒီလိုအချိန် အခါမှာ ABSDF အဖွဲ့ဝင်တချို့က စစ်အုပ်စုစီစဉ်တဲ့ ပွဲသွားတက်ခဲ့တဲ့အတွက် အများပြည်သူတွေရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

၂၈။ မွန်ပြည်နယ်က NLD မြို့နယ်ရုံး ၃ ရုံး ဗုံးဖောက်ခွဲဖျက်ဆီးခံရ
October 24, 2021

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်ရုံး ၃ ရုံးအား အောက်တို ဘာ ၂၃ ရက် ညပိုင်းအချိန်က တပြိုင်တည်းဗုံးခွဲဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ ည ၁၁ နာရီခွဲဝန်းကျင်ခန့်အချိန်တွင် တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအဆောက်အအုံ အပျက်အစီးများရှိကြောင်း သိရှိရသည်။

“နေရာ ၃ ခုလုံးမှာ တပြိုင်တည်းပေါက်တာတဲ့။ ဖြစ်တဲ့အချိန်ကလည်း ကာဖျူးချိန်ကြီး။ ပြီးတော့ ပေါက်တဲ့နေရာက NLD ရုံး ဆိုတော့ ဘယ်သူတွေဖြစ်နိုင်မလဲ စဥ်းစားကြည့်ပေါ့ ”ဟု ကျိုက်ထိုမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ ဘီးလင်းမြို့ ဆရာစံ ရပ်ကွက်ရှိ ဘီးလင်းမြို့နယ် NLD ပါတီရုံး၊ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ သထုံမြို့နယ် NLD ပါတီရုံးနှင့် ကျိုက်ထိုမြို့ ကော့စံ နိုင် ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ပါတီရုံးနေရာများ ဗုံးထောင်ဖောက်ခွဲ ခံရခြင်းဖြစ်သည်။ ယင်းသို့ မြို့နယ်ဗုံးထောင် ဖောက်ခွဲခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦး၊ ခြံစည်းရိုးသံပန်းတံခါး၊ မှန်တံခါးများ၊ ပါတီဆိုင်းဘုတ် များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ တနၚ်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ NLD ပါတီ တိုင်း/ခရိုင်ရုံးချုပ်ရုံးအဆောက်အအုံကို အောက်တိုဘာ ၂၁ ရက် နံနက်စောစောပိုင်းတွင်လည်းကောင်း၊ မြိတ်မြို့ရှိ NLD ပါတီ ခရိုင်/မြို့နယ်ရုံးကို အောက်တိုဘာ ၂၀ ရက် ညပိုင်းတွင် လည်းကောင်း ဗုံးဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

၂၉။ မော်လမြိုင် အမှတ် (၁) ဈေးကြီးအား ပြန်ဖွင့်ခွင့်ပေး
October 24,2021

မော်လမြိုင်မြို့နယ်အတွင်းရှိ အမှတ် (၁) ပြည်သူ့ဈေးကြီးအား အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ပြန်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဈေးကော်မတီထံမှ သိရသည်။

အမှတ်(၁)ဈေးအတွင်းရှိဆိုင်ရှင်နှင့်အလုပ်သမားအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့် ထောက်ခံချက်ရှိရမည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုး ကပြောသည်။ “ဆိုင်ရှင်တွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ်။ တစ်ကြိမ် နှစ်ကြိမ် ပေါ့။ ဆိုင်ရှင်ရောအလုပ်သမားရော အဲထောက်ခံချက်ကို လာစစ်တဲ့အခါပြနိုင်ရင်ရပြီ။ အဲလောက်ပဲ”ဟု ၄င်းကပြောသည်။ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ၊ နှစ်ကြိမ် ထိုးထားပြီးသည့် ဆိုင်ရှင် နှင့် အလုပ်သမားများသည် ဆေးထိုးပြီးသည့် ထောက်ခံ ချက် မိတ္တူကို ဈေးတာဝန်ရုံးသို့ လာရောက်ပြသရမည်ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ လာရောက်စစ်ဆေးရာတွင် ၄င်းထောက် ခံချက်ကို ပြသနိုင်ရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ဈေးပြန်ဖွင့်ခွင့်ရ‌သည့်အတွက် ဝမ်းသာမိကြောင်း အမှတ်(၁)ဈေးမှ အထည်ဆိုင်ပိုင်ရှင် မအေမီစိုးက ပြောသည်။ “အရမ်းပျော်တာပေါ့နော်။ အခုက ကထိန်တွေ ပွဲတော်တွေလာမယ့် ပွင့်လင်း ရာသီဆိုတော့ အထည်တွေ၊ အလှကုန်တွေက ရောင်းရပြီလေနော်။ ဈေးပြန်ဖွင့်ခွင့်ရတော့ ဈေးသူဈေးသားတွေအတွက် အဆင်ပြေတာပေါ့”ဟု ၎င်းက ပြောသည်။ ဈေးဆိုင်ရှင်များသာမက ဈေးကို မှီခိုနေသော အလုပ်သမားများ၊ ပျံကျဈေးသည် များအတွက်လည်း စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း ဆက်ပြောသည်။ မော်လမြိုင်မြို့မြို့ အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာဈေးတို့တွင် ဆိုင်ခန်းပေါင်း (၂၀၀၀)ကျော်ရှိပြီး ဈေးကိုမှီခိုလုပ်ကိုင်နေရကြသည့် အလုပ်သမားပေါင်း (၄၀၀၀) ကျော်ခန့် ရှိကြောင်း စျေးကော်မတီစာရင်းအရ သိရသည်။

၃၀။ မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေး ၇၈၀၀ ပြား ဖမ်းဆီးရမိ
October26, 2021

မော်လမြိုင်မြို့တွင် အောက်တိုဘာ ၂၄ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ချက်အရ သိရသည်။ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ လမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် TOYOTA Probox အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ကျော်ဇင်သန့်၊ သိန်းမြင့် နှင့် အောင်ကျော်ထွန်း တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ မော်တော်ယာဉ် အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ ပြား (ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃.၄ သိန်း) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ ကျော်ဇင်သန့် (၁၈) နှစ်၊ အောင်ကျော်ထွန်း (၃၄) နှစ် နှင့် သိန်းမြင့် (၅၅) နှစ်တို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၂၅ ရက် နေ့လည်၌ တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးဂိတ်တွင် ရန်ကုန်မှ မြိတ်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ခရီးသည် မင်းဌေး၏ ခရီးဆောင်အိတ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၈၂၆၉၅ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၈၀.၈၅ သိန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ မင်းဌေး (၃၈)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်။

၃၁။ ၂၀၂၁ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအတွက် အဆိုပြုနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်
October 26, 2021

၂၀၂၁ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို အဆိုပြုအမည်စာရင်း စတင် ပေးသွင်းနိုင်ပြီဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖန်းဖောင်ဒေးရှင်း (Phan foundation) က ထုတ်ပြန်ကြေညာ လိုက်သည်။ အဆိုပါ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့ရေး နှင့် စာပေယဉ်ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦးဆောင်လှုပ်ရှားဆောင်ရွက်နေသည့် မည်သည့် လူငယ်မဆို Phan Foundation မှ နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။

“ကရင်လူငယ်ခေါင်းဆောင်များသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ပတ်ဝန်း ကျင်များမှတစ်ဆင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ၎င်းတို့၏ ကြိုးစား အားထုတ်မှုနှင့် ကြိုးပမ်းမှုများသည် အသိအမှတ်ပြုမှုနှင့် ပံ့ပိုး မှုများနှင့်ထိုက်တန်သည်” ဟု Phan Foundation ၏ ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။ ဆက်လက်၍ နန့်ဘွားဘွားဖန်းက “လူငယ် အသိုင်းအဝိုင်း ခေါင်းဆောင်များကို ပံ့ပိုးပေးခြင်းအားဖြင့် အခြေခံလူတန်းစားအသိုင်းအဝိုင်းများအတွက် တိုးတက်သော အနာဂတ်နှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းကို ဖန်တီးရန် Phan Foundation ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းဖြစ် သည်။”ဟုလည်း ဆက်ပြောသည်။

ထိုဆုအတွက် မိမိတို့လုပ်ဆောင်နိုင်ခဲ့သည့် အောင်မြင်မှုရလဒ်များကို အဓိကထားကာ အသက် ၃၅ နှစ်အောက် မည်သည့် နေရာတွင် နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆို လျှောက်ထားနိုင်သလို အဖွဲ့အစည်းများ အနေဖြင့်လည်းဆု အတွက် မိမိတို့၏ အဖွဲ့ဝင်များကို ထောက်ခံအဆိုပြုနိုင်သည်။ ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ၂၀၂၁ ခုနှစ်အတွက် ရွေးချယ်ခံရပါက ဆုအတွက် အမေရိကန် ဒေါ်လာ ၄၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်ဟု Phan Foundation က ထုတ်ပြန်ထား ပြီး အဆိုပြုလျှောက် လွှာများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံးထားကာ လက်ခံသွားမည်ဟု သိရသည်။ ထို့အပြင် လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် bwabwa.phan@phanfoundation.org တွင် ပေးပို့ လျှောက်ထားနိုင်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ယင်းဆုအတွက် ရွေးချယ်ခံရသူကို ထုတ်ပြန်ကြေညာသွားမည်ဟုလည်း Phan Foundation က ထုတ်ပြန်ထားသည်။

 

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button