ကဗျာ

လိပ်ရွာကလေးရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ဆီသွားရာလမ်း

ဆလိုင်းနံရံ

တိတ်ဆိတ်တဲ့ညတစ်ညဟာ

ရုတ်တရက်မိုင်းနင်းမိလိုက်သလို ဆူညံသံကြီးထွက်လာတယ်

အိမ်တစ်အိမ်မီးလောင်နေတာ

အမည်မသိအဖွဲ့တစ်ဖွဲ့က အိမ်မီးရှို့လိုက်တာ

ရှို့ပြီး အဖွဲ့သားတွေအားလုံးထွက်ပြေးကြတယ်

ထွက်ပြေးတာနဲ့ရွာသားတွေက ဝိုင်းငြိမ်းကြတယ်

ခဏကြာတော့ မီးငြိမ်းသွားတယ်

မီးငြိမ်းတော့ရွာသားတွေအားလုံးပြန်အိပ်ကြတယ်

သူတို့ပုံစံက ထိတ်လန့်နေတဲ့ရုပ်မပေါက်ဘူး

မျက်နှာတွေက လုပ်နေကျအလုပ်တစ်ခု လုပ်သလိုမျိုး

အိမ်ပိုင်ရှင်ကတော့ အံကြိတ်ပြီးကျန်ခဲ့တယ်

ရှို့သွားတဲ့ကောင်တွေကို မကျေနပ်ဘူးဆိုတဲ့သဘော

သူ့အလှည့်ကိုယ့်အလှည့်လာမယ်ဆိုတဲ့ မျက်နှာထားမျိုး

မနက်လင်းတော့ လူတိုင်း နိစ္စဓူဝအလုပ်တွေလုပ်မြဲလုပ်နေကြတယ်

ဒီလိုပဲညညဆို အိမ်ရှို့သူကရှို့၊ ငြိမ်းသူကငြိမ်း

လူတွေကိုချောင်းရိုက်သူက ရိုက်

သူခိုးကအိမ်ဖောက်ခိုး၊ ဓားပြက ဓားပြတိုက်

ပျော်ပွဲရွှင်ပွဲလုပ်သူကလုပ်နဲ့ မနက်ကျတော့ သူတို့မဟုတ်တဲ့အတိုင်း

ပုံမှန်လေးအတိုင်းသူတို့မဟုတ်တဲ့အတိုင်း

ပုံမှန်အတိုင်း ပိန်ကပ်နေတဲ့ခန္ဓာကိုယ်စီနဲ့ သူတို့ပုံစံအတိုင်း။

ရွာလေးကတောင်ပေါ်ရွာလေးတစ်ရွာပါပဲ

ဘယ်ရွာခြားနဲ့မှ ထူးထူးခြားခြားပြဿနာမရှိဘူး

တစ်ခါတစ်လေတော့ရွာခြားတွေနဲ့ ပြဿနာ ရှိချင်ရှိတယ်

အဲ့ဒါကလည်း ရွာခြားနဲ့တကယ်မဟုတ်ဘဲ

ကိုယ့်ရွာထဲကအချင်းချင်းလည်း ဖြစ်နေတတ်တာပဲ

ခိုးမှု၊ ဒုစရိုက်မှုတွေပေါလွန်းတဲ့ ဒီရွာရဲ့ထူးခြားချက်က

ဒုစရိုက်သမားအားလုံးက ဒီရွာသားတွေချည်းဖြစ်ပြီး

ဒုစရိုက်ကျူးလွန်လိုက်တိုင်းလည်း ရွာခြားတွေထက်

ကိုယ့်ရွာမှာပဲကျူးလွန်နေကြတာပါပဲ

ဒါပေမယ့် လက်ပူးလက်ကြပ်မမိဘူး

မမိတာကလည်းကြည့်လေ

ဘုရားကျောင်းကန်က လူတွေလည်း သူတို့ပါပဲ

အလှူအတန်းဆိုလည်း သူတို့ပါပဲ

ညကသူခိုးလည်း နေ့ခင်းမှာအလှူရှင်ဖြစ်သွားတာပဲ

ရွာသူကြီးကအစ ရွာသားတွေအဆုံး

လူဆိုးလည်းသူတို့၊ လူကောင်းလည်းသူတို့

ဒါပေမဲ့ရွာသားတိုင်းရဲ့ဖြစ်စေချင်တဲ့ အာသီသကတော့

သူတို့ရွာကလေးကို သာယာလှပပြီး

ဖွံ့ဖြိုးတိုးတက်တဲ့ရွာကလေး ဖြစ်စေချင်တာပါပဲ

ရွာကလေးဖွံ့ဖြိုးတိုးတက်ဖို့ တစ်ခုခုလုပ်ကြဖို့စိတ်ကူးပေါက်ပြီး

ဆွေးနွေးပွဲတွေဘာတွေလည်း လုပ်လိုက်ကြတာပါပဲ

ကောင်းကောင်းဆိုးဆိုး တစ်ခုခုလုပ်လိုက်ရမှ။

ရွာသူကြီးဦးဆောင်ပြီး

“ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ရွာကလေးဆီ” ဆိုတဲ့ခေါင်းစဉ်နဲ့

ဆွေးနွေးပွဲကြီးလုပ်ကြတယ်

လူတိုင်းအင်တိုက်အားတိုက်ပါပဲ

ဆွေးနွေးပွဲစလုပ်တုန်းက တက်ရောက်လာကြတဲ့သူတွေထဲမှာ

အနောက်ဖက်ခြမ်းကကိုဖိုးစီးဦးဆောင်တဲ့ ရွာကာလသားအဖွဲ့

ကိုထွန်းဦးဆောင်တဲ့ တောင်ဖက်ခြမ်းက ရွာကာလသားအဖွဲ့

ကိုကျားစည်ဦးဆောင်တဲ့ ရွာရဲ့မျိုးချစ်စိတ်သန် လူငယ်များအသင်း

ဒေါ်စိန်မြဦးဆောင်တဲ့ စည်းလုံးညီညွတ်တဲ့မိခင်များအသင်း

သြဇာအာဏာအကောင်းဆုံးဖြစ်တဲ့ မြို့ကျောင်းပြန် မလွန်းစိန်ဦးစီးတဲ့

တိုးတက်သောလူငယ်များအဖွဲ့

ရွာသူကြီးဦးစီးတဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်း

ရွာသူကြီးအဖွဲ့ . . . စသဖြင့် အစုံအလင်တက်လာကြတယ်

အစည်းအဝေးမတက်တဲ့ထဲမှာ မီးလောင်တဲ့အထဲ သူ့အိမ်ပါသွားတဲ့

ကိုလင်းဦးဆောင်တဲ့ ရွာချစ်သူများအဖွဲ့

အရှေ့ဖက်က မချစ်စုတို့အဖွဲ့

ကိုလင်းလင်းဦးဆောင်တဲ့ မျိုးချစ်ရပ်ကွက်သားများအဖွဲ့ . . . စသဖြင့်

မတက်တဲ့အဖွဲ့ကလည်း များတယ်

ကြားရတာကတော့ ဦးဆောင်သူကို မယုံတာတို့

ဟိုအဖွဲ့ပါလို့ ဒီအဖွဲ့ပါလို့ . . . စသဖြင့် ဆင်ခြေတွေက အစုံပါပဲ

ဒါပေမဲ့ ပွဲက ဖြစ်သွားပါတယ်။

ဆွေးနွေးပွဲက (၁)ရက်နဲ့မလောက်၊ သုံးလေးရက်ဆက်လာတာနဲ့

ပွဲစီစဉ်သူရွာသူကြီးခင်ဗျာ

ဆွေးနွေးပွဲတက်လာတဲ့သူတွေ

ဧည့်ခံစရိတ်မခံနိုင်တော့ဘူး

ဆွေးနွေးပွဲလာသူတွေကလည်း ကောင်းကောင်းဧည့်ခံမှ

အကျွေးအမွေးနည်းနည်းပျက်ရင် ပြန်ပြန်လှည့်တဲ့ကောင်ကရှိသေး

အဓိကကတော့ ခေါင်းစဉ်အတိုင်း ခေတ်မီဖွံ့ဖြိုးရွာကလေးအတွက်

လိုအပ်ချက်တွေ ဆွေးနွေးကြတာပါပဲ

ပထမဆုံးဆွေးနွေးကြတာက ခိုးမှု၊ လုယက်မှုတွေ တားဆီးကြဖို့

ကိုကျားစည်ဦးဆောင်တဲ့ မျိုးချစ်စိတ်သန်လူငယ်များအသင်းက

တောင်းဆိုလိုက်တယ်

တကယ်က ဟိုနေ့ ရွာချစ်သူများ အဖွဲ့ခေါင်းဆောင်

ကိုလင်းတို့အိမ်ကို မီးရှို့လိုက်တာ

ကိုကျားစည်တို့အဖွဲ့ဆိုတာ လူတိုင်းသိတယ်

ဒါပေမဲ့ ဘာမှမပြောကြ

ကိုကျားစည်ကလည်တယ်

သူ့ကိုပြန်လုပ်ဖို့ ကိုလင်းတို့အဖွဲ့ချောင်းနေတာကို သိတယ်

တောင်းဆိုချက်မှာ ခိုးမှု၊ လုယက်မှုတွေကျူးလွန်သူကို

သူတို့အဖွဲ့ကစုံစမ်းစစ်ဆေးပြီး အပြစ်ပေးပိုင်ခွင့်အာဏာကို တောင်းလိုက်တာ

ဆွေးနွေးပွဲတက်လာသူတွေ မဲခွဲလိုက်တော့ ဘယ်သူကမှ လက်မခံ

ဘယ်လက်ခံမလဲ

လက်ခံကြည့်လိုက် ရွာသူကြီးကအစ ကိုကျားစည်ကနှိပ်တော့မှာ

ဒီတော့ လက်မခံကြ။

လေးငါးရက်လောက် ဆွေးနွေးလာတော့

အဖွဲ့တိုင်းက သူတို့ကို အာဏာခွဲပေးရေးချည်းတောင်းလာကြတော့

ရွာသူကြီးပါ မျက်နှာပျက်လာတယ်

ဒါပေမဲ့ သူစခဲ့တာဆိုတော့ သည်းခံရင်း၊ ငြင်းရင်း ဆွေးနွေးပွဲက ရက်သာကြာလာတယ်

အခုထိ ရွာခြံစည်းရိုးခတ်ဖို့နဲ့ ရေတွင်းတစ်တွင်းထပ်တူးဖို့ပဲ သဘောတူညီမှုရသေးတယ်

ဒီကြားထဲညညဆို ထုံးစံအတိုင်း ဟိုအိမ်က ပစ္စည်းအခိုးခံလိုက်ရပြန်ပြီ

ဘယ်သူ့ညီမကဖြင့် မုဒိန်းအကျင့်ခံရပြန်ပြီ

ဘယ်သူ့နွားကဖြင့် အခိုးခံရပြန်ပြီ

ဘယ်သူကတော့ အသတ်ခံရပြန်ပြီ . . . စသဖြင့်

အရင်အတိုင်း ဖြစ်မြဲဖြစ်နေတုန်းပဲ

ရွာသူကြီးအိမ်ပါ သူခိုးဖောက်တာခံလိုက်ရတဲ့အခါမှာတော့

ဆွေးနွေးပွဲကြီး ယာယီရပ်နားကြောင်း ရွာသူကြီးက ကြေညာလိုက်ရတော့တယ်။

ဆွေးနွေးပွဲရပ်တာ နှစ်နှစ်လောက်ကြာသွားတယ်

ဒီနှစ်နှစ်အတွင်း ရွာသူကြီးက ပြိုင်ဖက်တွေကို အသားကုန်နှိပ်တယ်၊ ထိပ်တုံးခတ်တယ်

ရွာရဲ့ခြံထွက်သီးနှံတွေ မျက်နှာကြီးအုပ် အလွဲသုံးစားရောင်းတယ်

ရွာသားတွေကို ခေါင်းပုံဖြတ်တယ်

ဖိနှိပ်တာကောင်းတော့ ရွာသားတွေလည်း လန့်ဖျပ်သွားကြတော့ ခဏငြိမ်တယ်

နောက်ပိုင်းလူတွေက ပိုကောင်းလာတယ်ပြောရမလား

အမြင်ပြောင်းလာတယ်ပြောရမလား

အဖွဲ့တစ်ဖွဲ့က ရွာရိုးတစ်လျှောက်အမှိုက်တွေ နှစ်ပတ်တခါလောက်လိုက်ကောက်တယ်

နောက်တစ်ဖွဲ့က အားကျမခံသစ်ပင်တွေစိုက်တယ်

အလှူလုပ်သူကလုပ်ပေါ့

တကယ်က ရွာထဲပါဝါကြီးအောင်ကြိုးစားကြတာ

ဒီအဖွဲ့ထဲက မြို့ကျောင်းပြန်မလွန်းစိန်အဖွဲ့နဲ့

ရွာသူဌေးကြီးဦးစီးတဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်းကတော့

အတက်ကြွဆုံးအဖွဲ့ဖြစ်တာနဲ့အတူ အင်အားတောင့်လာတယ်

မလွန်းစိန်တို့အဖွဲ့က စာကြည့်တိုက်တွေဆောက်တယ်၊ ရေတွင်းတွေတူးတယ်

ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်းက ရွာရှေ့ကချောင်းမှာ တံတားဆောက်တယ်

ဒါပေမဲ့ အဖျက်အမှောင့်တွေကများတော့ ဘယ်ဟာမှ ကြာရှည်မခံ

စာကြည့်တိုက်လည်းမီးထဲပါသွားပြီ

ဘာပဲပြောပြော အင်အားကြီးနှစ်ဖွဲ့က

မလွန်းစိန်တို့အဖွဲ့နဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်းပါပဲ

ကျန်တဲ့အဖွဲ့တွေကလည်း လှုပ်ရှားမြဲလှုပ်ရှားကြဆဲ

ရွာက နည်းနည်းကြည့်ကောင်းလာတယ်

ဒါပေမဲ့ ဒုစရိုက်တွေကတော့ မပြီးနိုင် မစီးနိုင်။

ဒီလိုရွာကျဉ်းကျဉ်းကလေးထဲ

ကုသိုလ်နဲ့အကုသိုလ် ဒစ်လည်လို့ကောင်းတုန်း

အဖြစ်ပျက်တစ်ခုဖြစ်လာပါလေရော

ရွာနောက်က ဒေါ်စိန်မသမီး အသတ်ခံရတယ်

ရပ်ကွက်ထဲပြောကြတာကတော့ ဟိုဖက်ရွာသားတွေလက်ချက်တဲ့

မီးက ဒီမှာတစ်ခါစပြန်တယ်

ရွာထဲကအဖွဲ့တိုင်း နာမည်ကောင်းယူဖို့ ကျားချောင်းချောင်းနေတဲ့အချိန်မလား

နောက်ပြီး ရွာသူကြီးလုပ်သမျှ ခေါင်းညိတ်ခံခဲ့တာလည်း နှစ်ပေါင်းမနည်းတော့

မျိုးချစ်စိတ်သန်လူငယ်များအသင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး

ဟိုဖက်ရွာကိုသွား ပြဿနာရှာလိုက်တယ်

ဆိုလိုတာက ကိုယ့်ရွာသူတွေကိုကာကွယ်ပေးတယ်ဆိုတဲ့ ဂုဏ်ကိုလိုချင်လို့

ဟိုဖက်ရွာကသူကြီးကို လာတိုင်တယ်

သူကြီးက မျိုးချစ်စိတ်သန်လူငယ်များအသင်းသားတွေကို ထိပ်တုံးခတ်အပြစ်ပေးလိုက်တယ်

တကယ်က သူကိုယ်တိုင်ဒီအဖွဲ့ကို ကြည့်မရတာကြာပြီး

သူလုပ်သမျှ ဖျက်လိုဖျက်ဆီးလုပ်တဲ့ကောင်တွေ အခွင့်ကြုံတာနဲ့တွယ်လိုက်တာ

တကယ်တော့ ကျန်အဖွဲ့တွေအားလုံးနီးပါး ရွာသူကြီးကို ကြည့်မရတာကြာပြီ

ဒီတော့ ကိုယ့်ရွာအကျိုးလုပ်ပေးတဲ့ရွာသား အပြစ်ပေးရကောင်းလားဆိုပြီး ဆန္ဒပြကြတယ်

တကယ်က သူကြီးကို ကြည့်မရတာ

ကမ်ပိန်းတွေလုပ်ကြတယ်

ရွာပြင်က လယ်ပြင်ဖက်သွားရာလမ်းကိုပါ ပိတ်လိုက်ကြတယ်

တောင်းဆိုချက်က မျိုးချစ်စိတ်မရှိတဲ့ ရွာသူကြီးကိုဖြုတ်ပြီး သူကြီးရွေးကောက်ပွဲလုပ်ပေးဖို့ပဲ

ရွာလုံးကျွတ်တောင်းဆိုလာတာရော အလုပ်ပျက်တာတွေရော

တစ်ခါတစ်ခါ အကြမ်းဖက်မှုတွေပါလာတာတွေရော

နောက်ဆုံး သူကြီးကိုယ်တိုင်ရဲ့ အသက်အန္တရာယ်ရှိလာတာကြောင့်

သူကြီးနေရာကဖယ်ပြီး သူကြီးသစ်ရွေးကောက်ပွဲလုပ်ပေးဖို့ ကတိပေးလိုက်ရတော့တယ်

ရွာသူကြီးကလည်းရက်စက်တဲ့အပြင် ဥာဏ်နီဥာဏ်နက်တယ်များတဲ့ကောင်

ရွာရဲ့ခြံထွက်သီးနှံတော်တော်များဆို သူကပဲမတရားရောင်းသွားတာ

ဒါပေမဲ့ ကြာတော့ သူလည်းခံရဖို့စုပြုံလာတဲ့အခါ

ရွာသားတွေကိုချော့ပြီး ခွေးတိုးပေါက်လေးရှာရတော့တယ်။

ပထမတစ်ခေါက်ရွေးကောက်ပွဲက အင်အားနည်းနည်းကြီးတဲ့

ရွာသူဌေးကြီးဦးစီးတဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်းက အနိုင်ရသွားတယ်

အနိုင်ရတဲ့နောက်ကွယ်မှာလည်း မဲကြံစည်မှုတွေရှိတယ်ပြောကြတာပဲ

ထူးတော့မထူးဆန်းပါဘူးလေ

ဒီရွာမှာ ဘယ်သူကရိုးသားနေလို့လဲ မဟုတ်ဘူးလား

ဆိုတော့ . .  ရွာသူဌေးကြီးက သူကြီးဖြစ်သွားတယ်

ဒါပေမဲ့ သူကြီးဟောင်းရဲ့စည်းကမ်းချက်အရ ငါးနှစ်ပဲလုပ်ရမယ်

ပြီးရင် . . . ရွေးကောက်ပွဲပြန်လုပ်ရမယ်ပေါ့

ဘာပဲပြောပြော ရွာသူဌေးကြီးကနေ ရွာသူကြီးတော့ဖြစ်သွားခဲ့ပြီ

သူကြီးဖြစ်တယ်ဆိုတာကလည်း

ရွာသားတွေ သူကြီးဟောင်းကိုဖြုတ်ချင်ဇောကြီးတာလည်း ပါတယ်။

 

သူကြီးသစ်တက်လာတော့လည်း အရင်တိုင်း တိုက်ကြခိုက်ကြ လုကြတုန်းပါပဲ

ညညဆိုလည်း ဓားပြတိုက်ခံလိုက် အိမ်မီးရှို့ခံလိုက်နဲ့ပါပဲ

တိုးတက်တယ်ပြောလို့ရတဲ့အရာလေးတစ်ခုက

“ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ရွာကလေးဆီ” ဆိုတဲ့ ဆွေးနွေးပွဲပြန်စဖြစ်တယ်

ရွာကအဖွဲ့တွေ တော်တော်များများပါလာကြတယ်

တချို့အဖွဲ့တွေကတော့ တိုက်လို့ခိုက်လို့ လုလို့ကောင်းတုန်း

တကယ် သူကြီးသစ်တက်တော့ ရွာရဲ့ဖြစ်ရိုးဖြစ်စဉ်က မပြောင်းပေမဲ့

ပြောင်းတာတစ်ခုက သူကြီးသစ်ရဲ့လူတွေ ရွာထဲကအာဏာပြနေကြတာပါပဲ

ဒီတော့ ရွာကအဖွဲ့တိုင်း ငါးနှစ်အပြည့်ကိုပဲ စောင့်နေကြတော့တယ်

တချို့အဖွဲ့တွေက အတိုက်အခံ အဖျက်အမှောင့်လုပ်ရာမှာ ကျွမ်းတယ်

ဒီတော့ အရင်ကထက် ခိုက်ရန်ဖြစ်ပွားမှုပိုများလာတယ်

ညညဆို အပြင်မထွက်ရဲလောက်တဲ့အထိ ဖြစ်လာတယ်

တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်တဲ့ကြားထဲ ရပ်ကွက်အချင်းချင်းပါ မတည့်ကြ

နောက်တော့ ဘာသာရေးဂိုဏ်းတွေလည်း မတည့်ကြတော့

မတည့်ဆို လူတိုင်းက အဖွဲ့တစ်ခုခုမှာပါကိုပါတယ်

အဖွဲ့အချင်းချင်းမတည့်တော့ လူတွေလည်းမတည့်

ဘာသာရေးခေါင်းဆောင်တွေကအစ ကလေးအထိ

အမုန်းတရားတွေပဲရှိတော့တယ်။

ရွာကသာကျဉ်းတာ ကိုးကွယ်တဲ့ဘာသာတရားကစုံတယ်

ဘာပဲဖြစ်ဖြစ် လူပိုများတဲ့သူကတော့ ပြောအားပိုရှိတာပေါ့

ထားပါတော့ . . .

လူပိုများတော့ အသံကျယ်တယ်လေ

လူနည်းတော့ ပြန်မပြောနားမထောင်ရုံပဲမလား

ရွာရဲ့အထာ ရွာသားတွေလည်းသိတယ်လေ။

အဖွဲ့တိုင်းက မျိုးချစ်နာမည်လိုချင်ကြတယ်

အာဏာလိုချင်ကြတယ်

နည်းနည်းပညာတတ်တဲ့ကောင်က နည်းနည်းပညာပြချင်တယ်

ဒါပေမဲ့လိုချင်တာက ရွာရဲ့ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာဖို့ပဲ

ကောင်းပါတယ်ပေါ့

ရွာကတခြားရွာတွေထက် အများကြီးကျန်နေခဲ့ပြီမလား

တခြားရွာတွေကို ပြန်လိုက်ရမယ် တကဲကဲအော်နေတဲ့ကောင်တွေကလည်းရှိတယ်

ကောင်းပါတယ်ပေါ့

အာဏာရှင်ဖြစ်ဖြစ် အာဏာအလွဲသုံးစားသူဖြစ်ဖြစ်

သူတို့ရဲ့ရည်မှန်းချက်စာသားတွေက အလန်းတွေချည်းမလား

ရွာသူကြီးသစ်ဦးဆောင်တဲ့ဆွေးနွေးပွဲက ဆက်တိုက်လုပ်ဖြစ်တယ်

တိုက်ကြခိုက်ကြရင်း လုကြသတ်ကြရင်း ဆွေးနွေးပွဲကိုဆက်လုပ်ကြတယ်

ဒီလိုနဲ့ငါးနှစ်ကပြီးသွားတယ်

ရွာကလေးက အရင်ကထက် အဖွဲ့ပိုပိုများလာတာပဲ အဖက်တင်တယ်။

ငြိမ်းချမ်းရေးမြတ်နိုးသူများအသင်းဟာ နောက်တစ်ဖြတ်တော့ အခြေအနေမဟန်

ဆိုတော့ . . . အင်အားတောင့်တဲ့မလွန်းစိန်က နေရာရသွားတယ်ဆိုပါတော့

မလွန်းစိန်က အပြောအဟောကောင်းတယ် လူချစ်လူခင်ပေါတယ်

အပြောအဟောကောင်းကောင်းနဲ့ တက်လာတယ်

နောက်ပြီးဆွေးနွေးပွဲဆက်လုပ်တယ်

ရွာကအဖွဲ့တွေကတော့ ဘယ်သူတက်တက် သူတို့အလုပ်သူတို့လုပ်တယ်

တိုက်စရာရှိတိုက်မယ် လုမယ့်ကောင်လုမယ် ဒါပဲ

ပြောဖို့တစ်ခုကျန်ခဲ့တယ်

ဒါကတော့ အရင့်အရင် သူကြီးဟောင်းရဲ့လက်ပါးစေတွေလို့ခေါ်တဲ့ ရွာကာလသားအဖွဲ့ဟာ

အခုထိပါဝါရှိနေတာပဲ

အဖွဲ့တိုင်းနဲ့ရန်ဖြစ်တယ်

နိုင်တာမနိုင်တာထက် ရန်ပွဲဖြစ်ပြီဆို သူတို့ချည်းပဲ

ရွာသူဌေးကြီး သူကြီးဖြစ်တုန်းက

ဒီရွာကာလသားတွေနဲ့ နည်းနည်းတည့်သေးတယ်

မလွန်းစိန်နဲ့က သိပ်တည့်ဟန်မပေါ်ပါဘူး

ထားပါတော့ ကြုံလို့ပြောပြတာပါ

အခုတော့ မလွန်းစိန်က ရွာသူကြီးပါပဲ

တလွဲလေးတွေ လုပ်လုပ်တတ်တာရယ်

အတိုက်အခံဘဝက ပြောခဲ့သမျှ ဝဋ်လည်နေတာရယ်တော့ နည်းနည်းရှိတယ်

ရွာကလေးရဲ့ပတ်ဝန်းကျင်က လှပြီး သာယာနေတုန်းပါပဲ

ရွာထဲမှာတော့ နေ့ခင်းမှာ အလှူအတန်းလုပ်ကြပြီး ညမှာ ခိုးလုကြတုန်းပါပဲ

မျိုးချစ်အဖွဲ့ကလည်း ပိုပိုများလာတုန်းပါပဲ

ကိုယ့်ဖက်ကို အမြဲယက်ကြတဲ့ လိပ်ရွာကလေးဟာ

အခုဆို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ရွာကလေးဆီသွားတဲ့လမ်းမှာ

ကစားကွက်အသစ် ဆော့နေတယ် . . . ။           ။

 

ဆလိုင်းနံရံ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button