တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများ စုဆောင်းတင်ပြခြင်း

(No. 110 , July 16, 2021)

 

၁။ မိုင်းကိုင်မြို့နယ် သျှမ်းတပ်(၂)တပ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင် (၂၀၀၀)ကျော် ထွက်ပြေးနေ
July 14, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုမှာ သျှမ်းတပ် (၂) တပ် တိုက်ပွဲဆက်လက် ဖြစ်ပွားသဖြင့် စစ်ရှောင်များ (၂၀၀၀) ကျော် ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၁၃) ရက်တွင် သျှမ်းတပ် (၂) တပ် တိုက်ပွဲဆက်လက်ဖြစ်ပွားသဖြင့် မိုင်းခွန်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၅) ရွာခန့် မိုင်းကိုင်မြို့နယ်ရှိ ဝမ်ဟွေ့လုံ ကျေးရွာ အုပ်စုမှာ စစ်ရှောင် စုစုပေါင်း (၂၀၀၀) ကျော်ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
“မိုင်းခွန်ကျေးရွာအုပ်စု က ထွက်ပြေးလာတဲ့ ပြည်သူတွေ ဖြတ်လေးဖြတ် က သူတို့ ကြုံဖူးတဲ့အတွက် သူတို့အရမ်းစိုးရိမ်ကြ တယ်။ မနေ့က တိုက်ပွဲတစ်နေ့လုံးဖြစ်လို့ ဒေသခံတွေလည်း မနေရဲလို့ အကုန်ထွက်ပြေးလာကြပြီ”ဟု မိုင်းကိုင်စစ်ရှောင် ကူညီ ပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိ ဝမ်ဟွေ့လုံကျေးရွာအုပ်စုမှာ စစ်ရှောင်စခန်း (၄) ခုထားရှိပြီး တစ်ချို့ စခန်းမှာဆို လူဦးရေ (၉၀၀) ကျော်ခန့်ရှိသည့်အတွက် နေရာအထိုင်အခင်းမလုံလောက်သဖြင့် ရွက်ဖျင်တဲထိုးပြီး နေထိုင်ရ ကြောင်း သိရှိရသည်။“စစ်ရှောင်တွေက ခုလောလောဆယ် မိုးကာတွေ၊ ဆေးဝါးတွေ၊ စားနပ်ရိကာတွေ လိုအပ်နေတယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သူတစ်ဦးကပြောသည်။

လွိုင်ဟွန်းတောင်ကို အကြောင်းပြပြီး တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂) တပ်ကြောင့် အရပ်သား (၂) ဦး ကျည်ထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ယနေ့ ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။ လွိုင်ဟွန်းတောင် တိုက်ပွဲကြောင့် လက်ရှိချိန်ထိ ကျေးသီးမြို့နယ်ရှိ စစ်ရှောင် (၂၀၀၀) ကျော်နှင့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၂၀၀၀)ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။ သျှမ်းတပ် (၂) တပ်တိုက်ပွဲရပ်တန့်ရေးအတွက် သံဃာတော်များ၊ ပြည်သူများက အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း သျှမ်းတပ် (၂) တပ်မှ နားထောင်ခဲ့ခြင်း မရှိခဲ့ပေ။

၂။ မိုးမောက် နွမ်းလန့် စစ်တပ်အနီးတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
July 16, 2021

မိုးမောက်မြို့နယ် နွမ်းလန့် (Numlang) ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်သတ်ဖြတ်မှု ဇူလိုင်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွမ်းလန့် အာဏာသိမ်းစစ်တပ် ခမရ ၆၁၆ တပ်ရင်းအနီး လယ်တောတစ်နေရာတွင် အဓမ္မပြုကျင့်ခံရပြီးနောက် ဓါးထိုးသွင်း ထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိရှိထားသော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြော သည်။“သူတို့လယ်တောမှာ စပါးပျိုးဖို့ မျိုးစေ့သယ်ပြီး သူတစ်ယောက်တည်း သွားလိုက်တာ။ မနေ့ညရောက်လာတဲ့ထိလည်း သူ့ယောကျာ်းရှိတဲ့ လယ်တောကို မရောက်လာဘူး။ ဖုန်းဆက်လည်းမရ၊ ဒီမနက်ထိလည်း မရောက်လာတော့ ခင်ပွန်းသည်က ရွာကိုပြန်လာပြီး ၄၃၈ စစ်တပ်နဲ့ ၆၁၆ တပ်ကို ခွင့်တောင်းပြီး ပြန်ရှာတော့ သူတို့ လယ်တောသွားတဲ့ လမ်းကွေ့နားကတဲမှာ သူ့မိန်းမသယ်လာတဲ့ ပလိုင်းက အဲမှာကျန်နေတယ်။ သူ့ကိုတော့ လယ်တောဘက်ကိုခေါ်သွားပြီး အဓမ္မပြုကျင့် ဓါးနဲ့ထိုး သတ်ထားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

နွမ်းလန့်ကျေးရွာအနီး အာဏာသိမ်းစစ်တပ် ၆၁၆ တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ ၈၈ အဖွဲ့မှ တပ်သား ၃ ဦးသည် ဇူလိုင်လ ၁၄ ရက်နေ့က တပ်ပြေးခဲ့ပြီး ၎င်းတို့ကို နောင်ကွမ်စစ်တပ်တွင် ပြန်လည်ဖမ်းဆီးခဲ့သည်။ ထိုတပ်ပြေး ၃ ဦးတွင် သတ်ဖြတ်ခံရသော အမျိုးသမီး၏ လက်ကိုင်ဖုန်းကို စစ်ဆေးရမိသဖြင့် မိသားစုဝင်များကို အကြောင်းကြားလာသည်ဟု သိရ သည်။ အဓမ္မပြုကျင့်ခံရသည့်နေရာတွင် ဓါးထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ယမန်နေ့ အလောင်းသွားရောက်သယ်ဆောင်စဉ် လိုက်ပါခဲ့သူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောပြသည်။ “သူ့တို့ လယ်တောနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ သူ့အကျီနဲ့ ပါးစပ်ကိုချုပ်ပြီး ပိတ်ထားတယ်။ ပြီးတော့ ဘာမှမဝတ်ဘဲ ဒီအတိုင်း ဗလာပစ် ထားတာ။ ရင်ဘတ်မှာ ဓါးထိုးသွင်းဒဏ်ရာ ၄ ချက်၊ ညာဘက်ချိုင်းအောက်မှာ တစ်ချက် ထိုးထားတယ်” ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူများမှာ သေဆုံးသူအမျိုးသမီး၏ လက်ကိုင်ဖုန်းယူထားသော စစ်သား ၃ ဦးသာဖြစ်နိုင်ကြောင်း နောက်ထပ် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။“အဲဒီနေရာမှာက ဘယ်သူမှ သိပ်မသွားရဲဘူး။ သူတို့ (စစ်တပ်) ပဲ ရှိတဲ့နေရာဖြစ်တယ်။ ဒါပေမယ့် သက်သေမရှိတော့ ဘယ်သူဆိုတာ တပ်အပ်ပြောဖို့ ခက်နေတယ်” ဟု ပြောသည်။ သေဆုံးသူ အမျိုးသမီးတွင် ခင်ပွန်းသည်နှင့် သားတစ်ဦးရှိကြောင်း သိရသည်။

၃။ ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသော စစ်ကောင်စီလုပ်ကြံသတင်းကို နားမယောင် ရန် KNDO ပြော
July 14, 2021
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသောစစ်ကောင်စီ၏ ဝါဒဖြန့် လုပ်ကြံသတင်းကို နားမယောင်ကြရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)က (ဇူလိုင် ၁၄ရက်) ကြေညာချက် ထုတ်ကာ ပြောဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထွက်ပေါ်နေသည့် KNU ခေါင်းဆောင်များကို လုပ်ကြံရန်စီစဉ်နေ သည်ဆိုသောစာသည် လုံးဝမှန်ကန်မှုမရှိဘဲ စစ်ကောင်စီဝါဒဖြန့်စာတစ်ခုသာဖြစ်သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကေအိုင်စီသို့ ယခုလို ပြောသည်။“KNU ခေါင်းဆောင်တွေကို လုပ်ကြံမယ်ဆိုတာ ရန်သူရဲ့ဝါဒဖြန့်လုပ်ကြံ သတင်းတစ်ခု သာဖြစ်တယ်။ ရန်သူရဲ့ အကြံအစည်ကို အားလုံးသတိထားကြပါ။ အဲလိုယုတ်မာပက်စက်တဲ့အကြံအစည်မျိုး ကျနော်တို့ မှာမရှိပါဘူး။ ရန်သူက အမျိုးမျိုးလုပ်ဆောင်နေပါပြီ။ သတိထားကြပါ။ အဲဒါကိုပဲ ပြောချင်တာပါ”ဟု ကေအိုင်စီ သို့ ပြောသည်။

KNDO မှ ထုတ်ပြန်လိုက်သော တုန့်ပြန်စာအရ Media Platform များတွင် ပျံ့နှံ့နေသော ရက်စက်စွာ သတ်ဖြတ်နေသည့် ရုပ်သံသည် လုပ်ကြံသတင်းသာဖြစ်သလို KNDO သည် KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေသည်ဟူသော သတင်းသည်လည်း လုံးဝမမှန်ကန်ကြောင်း ၊ ကရင်တစ်မျိုးသားလုံး သွေး စည်းညီညွတ်ရေးကို မလိုလားသော စစ်ကောင်စီ၏ သွေးထိုးနေခြင်းကို နားမယောင်ရန် သတိပေးနှိုးဆော်အပ်ပါသည်ဟု ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ကရင် ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ပြောခွင့်ရသူ နော်ဝါးခူရှီး က “ဗမာစစ်တပ်ရဲ့ သွေးခွဲတဲ့ အကြံအစည်ဟာ အရင်ကအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီးဖြစ်တဲ့အတွက် ဒါကို ကျမတို့ သင်ခန်းစာယူ တတ်ဖို့လိုတယ်။ အရင်ကလည်း ခေါင်းဆောင် တွေအချင်းချင်းကြား လုပ်ကြံသတ်ဖြတ်မှုတွေလည်းဖြစ်ပွားခဲ့တယ်။ ဒါတွေဟာ ဗမာစစ်တပ်ရဲ့ အလုပ်ကို လုပ်ပေးတာပဲဖြစ်ပါ တယ်။ ဒီလုပ်ရပ်တွေက ကျမ တို့ ကရင်လူမျိုးအတွက် ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါကို အဖက်ဖက်က သတိထား ရပါမယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျမတို့အချင်းချင်း မျက်နှာချင်းဆိုင်ပြောဆိုဆွေးနွေးဖို့လိုပါတယ်။ ”ဟု ပြောသည်။

၄။ ဖားကန့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ကျည်ထိ ဒဏ်ရာ ရ
15 July 2021

ဖားကန့် ကပ်မှော်အုပ်စု ဆိုင်းဖရာကျေးရွာ (Seng Hpra Mare) နှင့် ခွမ်ဆိုင်ဇွပ် (Hkum Tsai Zup) ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၆ ဦး ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

နံနက် ၅ နာရီခွဲဝန်းကျင်တွင် ဖားကန့် ဆိုင်းဖရာကျေးရွာအနီး ခွမ်ဆိုင်ဇွပ်ကျေးရွာအနောက်ဘက်တွင် အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၁ နာရီခန့်ကြာ အပြန်လှန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုနေရာသို့ နန့်ယားကျေးရွာ (Nam Ya Mare) အခြေအစိုက် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းဖရာကျေးရွာ နှင့် ခွမ်ဆိုင်ဇွပ် ကျေးရွာ ၂ ခုတွင် လက်နက်ကြီးများ ကျရောက်ခဲ့ခြင်းဖြစ်သည်။“တိုက်ပွဲဖြစ်တဲ့ဘက်ကို နန့်ယားစစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ကို မကျဘဲ ရွာမှာ ၃ လုံးကျတယ်။ ရွာထိပ်ဘက်မှာ ၂ လုံးကျတယ်။ KBC ဘုရားကျောင်းရှေ့မှာက လူနေအိမ် ရေချိုးကန်ထဲမှာသွားကျတယ်။ အိမ်မှာရှိနေတဲ့ ပြည်သူ ၅ ယောက်ကို ကျဉ်ထိမှန်သွား တယ်။ ၅ယောက်စလုံးက တစ်နေရာစီမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်”ဟု ဆိုင်းဖရာ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

လူနေအိမ်အတွင်း လက်နက်ကြီးကျပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူ ၆ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်သည်။ အမျိုးသား ၂ဦးအနက် တစ်ဦးမှာ ဂေါ့လိုယန်ကျေးရွာမှဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၈ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိထားကြောင်း သူကဆက်လက်ပြောဆိုသည်။“အဲ့အိမ်မှာက ဆွေမျိုးမိသားစု တစ်ခုလာ တည်းနေကြတာဟုတ်တယ်။ လာတည်းနေတဲ့ မိသားစု ၄ ယောက်စလုံး ထိသွားတယ်။ တစ်ယောက်က အိမ်ပိုင်ရှင်အမျိုးသမီး ဖြစ်တယ်။ နောက်တစ်ယောက်က ဂေါ့လိုယန်က အမျိုးသားဖြစ်တယ်”ဟု ဆိုင်းဖရာဒေသခံတစ်ဦးက ဆက်ဆိုသည်။ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်ထားသူ ၆ ဦးမှာ အသက် ၆၀နှစ်အရွယ် ဒေါ်ဖော်ယိုးဆိုင်း (Hpau Yu Seng)၊ အသက် ၃၇နှစ်အရွယ် ဒေါ်လုထွယ်စင်(Lu Htoi Tsin)၊ အသက် ၄၉နှစ်အရွယ် ဦဖော်လားဒွတ်လာ(Hpau La Dut La) ၊ အသက် ၅၁ အရွယ်ရှိ ဦးမဂျီလ(Maji La)၊ အသက် ၄၀ နှစ်အရွယ်ရှိ ဒေါ်ဖော်ယိုးခေါန် (Hpauyu Hkawn mai) နှင့် ၈နှစ်အရွယ်ရှိ ဖော်လား မပရီလွမ်(Hpaula Pri Lum)တို့ဖြစ်ကြသည်။

၅။ လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းသွားသည့် တောင်ပလို့ ရွာသား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်
July 15, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ပလို့ကျေးရွာမှ ရွာသား ဦးကောလီသည် သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA) တို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားသည့်သတင်း ကြားရသဖြင့် ယခုရက်သတ္တ တစ်ပတ်တွင် မိသားစုဝင်များက ရက်လည်ဆွမ်းသွပ်မှုများ ပြုလုပ်ပေး ကြောင်း သိရသည်။

“ဦးကောလီ အဖမ်းခံရတာ ကြာခဲ့ပါပြီ၊ တချို့ကတောင်မေ့နေလောက်ပြီ၊ ဒါပေမယ့်မိသားစုဝင်တွေကတော့ မမေ့ဘူးပေါ့၊ အဲ့ကြောင့်စုံစမ်းရင်းနဲ့ သူက သေဆုံးသွားပြီကြားလို့ အခုလို ကုသိုလ်ပြုလုပ်ပေးတာ ထင်တယ်” ဟု အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဖမ်းဆီးသွားပြီး သေဆုံးကြောင်း သတင်းထွက်ပေါ်လာသည့် ဦးကောလီ သည် ကျောက်မဲမြို့နယ်မှ ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်းဝင် တစ်ဦး ဖြစ်သည့်အပြင် တအာင်းအမျိုးသားပါတီ (TNP) ပါတီမှ ပါတီဝင်တစ်ဦး လည်း ဖြစ်ကြောင်း သိရသည်။

ဦးကောလီ သေဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက အဆိုပါ အကြောင်းကိစ္စ များနှင့် ပက်သက်ပြီး နယ်မြေခံအဖွဲ့များကို ချိတ်ဆက်မှုမေးမြန်းမှုမရှိသေးသဖြင့် အသေးစိတ်မသိရှိရကြောင်း သျှမ်းသံတော် ဆင့်ကို ပြန်လည်ဖြေကြားခဲ့သည်။ ထိုနည်းတူ တော့ဆန်ရွာခံ ၂ ဦး၊ နမ့်ဆန်မြို့နယ် ကြက်သေရွာခံ ၂ ဦး၊ နမ္မတူမြို့နယ် မန်ဆာ ကျေးရွာခံ ၂ ဦးနဲ့ ရေအိုးရွာခံ ၃ ဦး စုစုပေါင်း (၉ )ဦး၊ ထိုထဲတွင် အသက်မပြည့်သေးသည့် ကလေး ငယ်(၂)ဦးပါဝင်ကာ RCSS တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ချိန်ထိ မလွှတ်ပေးသေးကြောင်း သိရသည်။

၆။ KNU ကာကွယ်ရေးဌာန ညွှန်ကြားစာအပေါ် နိုင်ငံ ၈နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်စေလို
July 13, 2021

KNDO-ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ဗိုလ်စောဘာဝါးတို့ကို တာဝန် မှ ယာယီရပ်ဆိုင်းကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကာကွယ်ရေးဌာန၏ အသိပေးညွှန်ကြားစာအပေါ် အချင်းချင်း တွေ့ဆုံညှိနှိုင်းသွားစေလိုကြောင်း နိုင်ငံ (၈)နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ကော်သူးလေပြန်လည် ထူထောင်ရေးအဖွဲ့(Rebuilt Kaw Thoo Lei Group)က ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) KNU ခေါင်းဆောင်များထံ ပေးပို့ သည့်စာတွင် ပြောဆိုလိုက်သည်။ အဖွဲ့၏ ဥက္ကဌ ဆရာစောလွဲဖောက “အခု ထုတ်ပြန်ချက်ထုတ်တာကလည်း ကိုယ့်ခေါင်း ဆောင်တွေကို မလေးစားတာမဟုတ်ဘူး။ လုပ်ဆောင်ချက်မှားတယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ အချင်းချင်း တွေ့ဆုံညှိ နှိုင်း လုပ်ဆောင်စေချင် တာ ဖြစ်တယ်။ ကျနော် အစိုးရိမ်ဆုံးက ကော်သူးလေမှာရှိတဲ့ ကိုယ့်ခေါင်းဆောင်တွေ ကိုယ့်လူထုတွေ စိတ်ဝမ်းကွဲမှုဖြစ် သွားမှာ အစိုးရိမ်ဆုံးဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကနေဒါ၊ အမေရိကန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျားနှင့် ထိုင်း စသည့်နိုင်ငံ (၈)နိုင်ငံမှ ကရင်လူမှု အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ကော်သူးလေပြန်လည်ထူထောင်ရေးအဖွဲ့က KNU-ကာကွယ်ရေးဌာန ၏ အသိပေး စာပါ KNDO ခေါင်းဆောင်နှစ်ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို လက်မခံနိုင်ကြောင်းလည်း ၎င်းတို့၏ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ ယခု လုပ်ဆောင်ချက်များကြောင့် ရှေ့ဆက် KNU ၏ လမ်းစဉ်၊လုပ်ငန်းစဉ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့သွားမည်ကို စိုးရိမ်နေရသည့်အတွက် လက်ရှိအာဏာကို အသုံးပြု၍ အချင်းချင်းကြား မေတ္တာနှင့် ပြန်လည်ညှိ နှိုင်းပေး စေလိုကြောင်းလည်း အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။

ကော်သူးလေပြန်လည်ထူထောင်ရေးအဖွဲ့ (Rebuilt Kaw Thoo Lei Group) ကို ကရင့်အမျိုးသားတော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး အာရှ၊ ဥရောပနှင့် မြောက်အမေရိကတိုက်ရှိ နိုင်ငံ ၈ နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၇။ တောင်ကြီးမြို့နယ်ရှိ တချို့မြို့များ မီးကြိုးဖြတ်ခံရ
July 14, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ တစ်ချို့မြို့များ မီတာခ မပေးဆောင် သဖြင့် မီးကြိုးဖြတ်ခံရကြောင်း စုံစမ်း သိရသည်။ လက်ရှိ မီးမီတာမဆောင်သည့် တောင်ကြီးမြို့နယ် ရှိ ရွှေညောင်မြို့ နှင့် ညောင်ရွှေမြို့ မှနေအိမ်များ မီးကြိုးဖြတ်ခံရ ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မီတာဖတ်လာသည့် ဝန်ထမ်းတစ်ဦးသည် မီတာများပေးဆောင်ကြရန်၊ မဆောင် ပါက မီတာကြိုးကို ဖြတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုပြီး မီးကြိုးကို တက်ဖြတ်လိုက်ကြောင်း အမည်မဖော်လိုသည့် ညောင်ရွှေ မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ မီတာဆောင်ဖို့ လာပြောတော့ ခုချက်ချင်းမဆောင်ရင် မီတာဖြတ် မယ်ဆိုပြီး အိမ်ရှေ့က ဓါတ်တိုင်ကိုတက်ပြီး ချက်ချင်းဖြတ်သွားတယ်၊ ချက်ချင်းသွားဆောင်ပေး မဆောင်ရင် မီတာကြိုး ဖြတ်ခံရမယ်ဆိုပြီးလေသံမာမာနဲ့ပြောသွားတယ်”ဟု ညောင်ရွှေမြို့နေ ပြည်သူတစ်ဦးကဆိုသည်။ အဆိုပါ မီတာဖတ် ဝန်ထမ်း များယူဆောင်လာသည့် မီတာစာရွက်များသည်လည်း အရည်အသွေး အချက်အလက်များ ဘာမှမပါရှိသည့် ပလာစာရွက်ပေါ် တွင် မီတာယူနစ်နှင့်ပေးဆောင်ရမည့်ငွေပမာဏများကိုသာ ရေးသားထားသည့်စာရွက်သာဖြစ်ကြောင်းလည်း သိရသည်။

“ကျမတို့ အိမ်မှာ မီတာဆောင်ဖို့ကျတော့ လာပြောပြီး မီတာစာရွက်တော့ မပေးဘူး၊ မေးတော့ ရုံးမှာသွား တောင်းပါတဲ့၊ ရုံး ကလူတွေကို သွားမေးတော့ ရပ်ကွက်ရုံးကို အကုန်ပေးလိုက်ပြီတဲ့၊ မီတာခ ဘယ်လိုဆောင်ရမလဲဆိုတော့ စာရွက်ပေါ်ချရေး ပေးလိုက်တာ”ဟု ညောင်ရွှေမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။ အလားတူပင် ယမန်နေ့ နေ့လည်ပိုင်း အချိန်တွင် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်အတွင်း ဇူလိုင်လ ၂၅ ရက်နောက်ဆုံးထားပြီး မီတာခများပေးဆောင်ပေးရန် နှင့် မပေးဆောင်ပါက မီတာကြိုး ဖြတ်ခံရမည်ဟု မီတာဖတ်သည့် ဝန်ထမ်းက ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။ “စားဖို့တောင် အနိုင်နိုင်ရုံးကန်နေရတဲ့ အခုလိုချိန်မှာ ဒီလိုခြိမ်းခြောက်တောင်းဆိုတာ မလုပ်သင့်ပါဘူး၊ ပြည် သူတွေကို သနား ညှာတာတယ်ဆိုရင် အခုလိုချိန်မှာ ပြည်သူတွေ ဘယ်လိုနေရတယ်၊ ဘယ်လို ရှာဖွေစား သောက်နေရလဲဆိုတာ လေ့လာတတ် ရမယ်လို့မြင်တယ်၊ ကျမတို့ ညောင်ရွှေမြို့က နိုင်ငံခြားသား တွေနဲ့ အဓိက မှီခိုလုပ်ကိုင်ကြတာလေ၊ အခုဆို အဆင်မပြေမှု တွေက အများကြီးပါ” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

၈။ အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသား ၁၀၀ ကျော် အမှု ကြန့်ကြာနေ
July 16, 2021

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသော ရခိုင်ရွာသားများ၏ အမှုအား တရားရုံး တွင် ဆက်လက် စစ်ဆေးခြင်းမရှိသည့်အတွက် ကြန့်ကြာလျက်ရှိကြောင်း မိသားစုဝင်များနှင့် အမှုလိုက်ပါဆောင်ရွက်ပေးနေ သည့် ရှေ့နေများက ပြောသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ရွာသား ၁၀၀ ကျော်ရှိ ပြီး အမှုရုပ်သိမ်းလွှာတင် ထားသည်ဟုဆိုကာ ၂၀၂၁ မတ်လမှ စတင်ကာ ဆက်လက်စစ်ဆေးခြင်း မရှိတော့ဘဲ ဆိုင်းငံ့ထား ခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ဧရာဝတီကို ပြောသည်။ ဦးအောင်စစ်မင်း က “တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုသည်တွေ အနေနဲ့ ဆုံးဖြတ်ချက် တခုခုကိုတော့ ရစေချင်တယ်။ အခုက အကြမ်းဖက် အမှုတွေကို မတ်လကတည်းက စစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်း တစုံတရာ မရှိတဲ့အတွက် အမှုသည်တွေ အနေနဲ့ ဥပဒေပါ အခွင့်အရေးကို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေတယ်” ဟု ဆိုသည်။

မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၇ ဦးမှာ ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတခု ကျေးရွာ အတွင်း ဝင်လာစဉ် ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ပုဒ်မ ၅၄ တို့အပြင် ၁၉၄၉ လက်နက်အရေးပေါ်စီမံမှု (ယာယီ) အက်ဥပဒေ ပုဒ်မ ၂ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လက္ကာကျေးရွာ သား တဦးဖြစ်သူ ဦးညွန့်မောင်၏ဇနီး ဒေါ်မငယ်က “ကျမတို့ ရုံးချိန်းလာရတာ အကြွေးတွေ ပတ်လည်ဝိုင်း နေပြီ။ ကျမ ယောက်ျား အဖမ်းခံရတာ အခုဆိုရင် သုံးနှစ်သုံးမိုး ရှိနေပြီ။ အလုပ်လည်းမရှိ။ ဘယ်အချိန် လွတ်မယ်ဆိုတာလည်း မသိရဘူး။ ဒီနေ့ တရားသူကြီးကို မေးကြည့်တော့ အမှုကရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်း မရဘူးလို့ ပြောတယ်။ ဆက်မေးဖို့က လည်း သူတို့လူကြီးတွေကို မမေးရဲတော့ဘူး”ဟု ပြောသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ၂၀၂၀၊ အောက်တိုဘာ လကတည်းက ဖမ်းဆီးတရားစွဲခံနေ ရသည့် စစ်တွေမြို့နယ်၊ သိန်းတန်းကျေးရွာမှ ဦးကျော်မောင်၏ဇနီး ဒေါ်သန်းသန်းနု ကလည်း ၎င်း၏ အမျိုးသားအမှုကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အနေဖြင့် ရက္ခိုင့်စစ်တပ် (AA) ကို မတ်လအတွင်း၌ အကြမ်းဖက် အဖွဲ့ အစည်းမှ ပယ်ဖျက်ခဲ့သလို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဆွေမျိုးသားချင်းများကိုလည်း အမှုရုပ်သိမ်းကာ ဇွန်လ ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ AA စစ်ဦးစီးချုပ်၏ ဆွေမျိုးသားချင်းများကို ပြန်လွှတ်ပေးခဲ့သော်လည်း ရခိုင်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ တရား ရုံးများတွင် အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံထားရသော ရာနှင့်ချီသည့် ရွာသားများ၏ အမှုများအား ရုပ်သိမ်းပေးခြင်း မရှိ သည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

၉။ လူထုအတွက် ကေအဲန်ယူ ပြန်ဖွင့်သည့်လမ်းကြောကို စစ်ကောင်စီပူးပေါင်းတပ်များ နေရာဝင်ယူကာ စစ်ရေးလှုပ်ရှား
July 15, 2021

ဒေသခံလူထု စားဝတ်နေရေးအတွက် ကေအဲန်ယူ လက်အောက်ခံ၊ KNLA တပ်မဟာ(၅)က ပြန်ဖွင့်ပေးလိုက်သည့် ဖာပွန်-ကမမောင်းလမ်းကြောကို စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့က လုံခြုံရေးအကြောင်းပြုကာ နေရာယူပြီး စစ်ရေးလှုပ်ရှား သဖြင့် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲပြန်ဖြစ်ပွားခြင်းရှိသည်ဟု KNU တပ်မဟာ(၅)ဘက်က ပြောသည်။ နယ်မြေ မတည်ငြိမ်သည့်အတွက် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်-ကမမောင်း လမ်းမကြီးကို KNLA တပ် မဟာ(၅) ဘက်က ယာယီပိတ်ထားခဲ့ပြီးနောက် ဒေသခံများ၏ စားဝတ်နေရေးအတွက် ပြီးခဲ့သည့် ဇွန်လ (၉)ရက်နေ့တွင် လမ်းကို ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့က အဆိုပါလမ်းမကြီးပေါ် နေရာယူပြီး ဝင် ရောက်လှုပ်ရှားလာသည့်အတွက် တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။“တိုက်ပွဲဖြစ်တဲ့အကြောင်းရင်းက လူထုစားဝတ်နေရေးအတွက် လမ်းပြန်ဖွင့် ပေးတော့ စစ်ကောင်စီနဲ့ BGF တပ်က အခွင့်ကောင်းယူပြီး လူထုလုံခြုံရေး အကြောင်းပြုပြီးတော့ လမ်းမကြီးတွေပေါ်မှာ သွားလာလှုပ်ရှားတာ များလာတယ်။ ပြီးတော့ အဲဒီလမ်းမကြီးဘေးမှာ အင်အားတိုးချဲ့များလာတာလည်း ရှိတယ်။ အဲဒါတွေ မကဘဲ မြစ်အနားမှာလည်း BGF က ဂိတ်တစ်ခုပြန်ချပြီး သွားလာတဲ့လှေတွေ တစ်စီး ၁၀၀၀(ကျပ်)ကျ တောင်းတာရှိတယ်။ အဲလိုလုပ်တော့ လူထုအတွက် အခက်အခဲဖြစ်စေတယ်။”ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။ ယင်းသို့ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များ နေရာတိုးချဲ့ လှုပ်ရှားလာမှုကြောင့် နယ်မြေခံ KNLA တပ်မဟာ(၅)နှင့် တင်းမာမှု ဖြစ်ပွားလာပြီး ဇူလိုင်လ ၁၂ရက်နှင့် ၁၃ရက်နေ့ နှစ်ရက်အတွင်း ပစ်ခတ်မှု (၈)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်ဘက်မှ ၁၁ ဦး ကျဆုံးသွားသည်ဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။

ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က “BGF က စစ်ကောင်စီလက်အောက်မှာရှိတော့ အပေါ်က လမ်းညွန်တဲ့အတိုင်း သူတို့လုပ်နေရ လို့ သူတို့မှာ အခက်အခဲရှိတာကို ကျနော်တို့ နားလည်ပေးတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က နားလည်ပေးပြီး သူတို့ဘက်က စစ်ကောင်စီတပ်အတွက် အမြဲလုပ်ပေးနေတယ်ဆိုတော့ ကျနော်တို့လည်း ဆက်လက် နားလည်ပေး ဖို့က အဆင်မပြေတော့ဘူး။”ဟု ပြောသည်။ ကေအဲန်ယူ မူတရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် လစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ပေါင်း အကြိမ် ရာနှင့်ချီ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလမှစ၍ ဇွန်လကုန်အထိ နှစ်လအတွင်း တိုက်ပွဲပေါင်း ၄၄၇ကြိမ်ဖြစ်ကာ စစ်ကောင် စီဘက်မှ သေဆုံးသူ ၃၃၀ကျော်ရှိသွားပြီဖြစ်ကြောင်း KNU တပ်မဟာ(၅)၏ လစဉ် တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းစာရင်း အရသိရသည်။

၁၀။ လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ဒေသခံပြည်သူ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး ဆေးဝါးနဲ့မိုးကာ အထူးလိုအပ်နေ
July 15, 2021

ကရင်နီပြည်နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ရှိ တီးလုံအုပ်စု၊ ထီးစဲခါးအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ မှ ဒေသခံပြည်သူ ၈,၀၀၀ ခန့်ဟာ ဇူလှိုင်လ ၁၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရပြီး ဆေးဝါးနဲ့ တဲထိုးပြီး နေထိုင်နိုင်ရန် အတွက် မိုးကာ အဓိက လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး လိုက်ပါကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ တိုက်ပွဲအခြေနေက ငြိမ်နေသေးတယ်။ သို့သော် စစ်ကောင်စီတွေက နေရာအနှံ့အပြား လှည့်လည်နေ တုန်းမို့ အိမ်မပြန်ရဲကြဘူး။ ပစ္စည်းတွေလည်း ပါမလာဘူး။ ပြန်လည်းမယူရဲကြဘူး။ အဲလိုတွေရှိတယ်ပေါ့နော။ သူတို့ဖက်က အခက်အခဲကတော့ တိုက်ပွဲဖြစ်တာနဲ့ ထွက်ပြေးရတဲ့အတွက် ပစ္စည်းတွေ ပါမလာဘူး။ အထူးသဖြင့် မိုးကာတွေ၊ စောင်တွေ၊ အဝတ်တွေ ပါမလာကြဘူးပေါ့နော။ ဒါ့အပြင် ဆေးဝါးတွေလည်း စစ်ရှောင်တွေရှိတဲ့နေရာတိုင်း လိုအပ်တယ်။ ကျမတို့ ရောက် သွားတာနဲ့ အရင်ဆုံး ဆေးပဲတောင်းတယ်ပေါ့နော။ ဖျားနာတာတွေလည်း ဆေးမှူးတွေ အလုံအလောက်မရှိဘူးဖြစ်နေတယ်” လို့ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး လတ်တလောအခြေ အနေအရ တိုက်ပွဲနဲ့ ကိုဗစ်ရောဂါအခြေအနေကို အကြောင်းပြပြီး ပစ္စည်းရိက္ခာပေးမသယ်တာကြောင့် စစ်ဘေးရှောင် ပြည်သူ တွေဆီ အကူအညီရောက်သင့်သလောက် မရောက်ဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော် (KA) ရဲ့ နည်းဗျူ ဟာ (၁) လက်အောက်ခံ အမှတ် (၃) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆)၊ ၅၃၀ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။“အခုက ခြံထဲမှာ ခနရှောင်နေ ကြတယ်။ အမျိုးတွေစုပြီး နေကြတယ်။ နေရာ ခုမှ လိုက်ရှာယူနေတုန်းပါပဲ။ ရေတော့ရှားတယ်။ ဟင်းကလည်း ရှာရခက် တယ်။ ဆေးဝါးကြိုမဝယ်ထားတဲ့ မိသားစုတွေရှိတယ်။ ဝယ်ထားတဲ့လူတွေဆီ တောင်းကြတာ။ နောက်လည်း ဝယ်မရမှာ စိတ်ပူကြလို့ မပေးချင်တာလည်း ရှိတာပေါ့။ သူတို့က ဝေးဝေးသွားနိုင်တဲ့မိသားစုဆို ဝေးဝေးသွားကြတယ်။ ပစ္စည်းမသယ်နိုင် ကလေးသူငယ် ကိုယ်ဝန်ဆောင်တွေက ကိုယ်ရဲ့ခြံတွေမရှိဘူးဆို သူများခြံထဲက တဲထဲမှာ နေနေကြတာ။ တကယ်အခြေအ နေဆိုးပီး မပြေးမနေရဆို ထပ်သွားကြမှာပေါ့” လို့ ကွန်နားကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

၁၁။ တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံချင်းလူငယ် ၄ ဦးကို တမူးရဲစခန်းသို့လွှဲပြောင်း
July 16, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ဖမ်းဆီးခံခဲ့ရသည့် ချင်းလူ ငယ် ၄ ဦးကို စစ်ကောင်စီက တမူးမြို့ရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီဟု သိရသည်။

“ဖမ်းဆီးခံရတဲ့သူ ၄ ယောက်က တပ်စခန်းကနေ တမူးရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီ၊ သူတို့ကိုယ်တိုင်က အဝတ်အစား တွေ ပို့ပေးဖို့အတွက် မိသားစုတွေကို ဖုန်းဆက်အကြောင်းကြားလာကြတော့ မိသားစုဝင်တွေက တနေ့က ပစ္စည်းတွေသွားပို့ပေး ကြတယ်။ အချုပ်ထဲကနေ ဖုန်းနဲ့တော့ စကားပြောလို့ရတယ်၊ တွေ့လို့တော့မရဘူး။ ကိုဗစ်ကြောင့်လို့ပြောတယ်၊ ကျန်းမာရေး တော့ ကောင်းကြပါတယ်။ ၄ ယောက်စလုံးလို့တော့ပြောတယ်၊ သူတို့အဝတ်အစား တွေကို တဆင့်ပေးရတာဆိုတော့ လူကိုယ် တိုင်တွေ့မှ အသေးစိတ်သိရမယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘာပုဒ်မတပ်တယ်ဆိုတာလည်း မသိရသေးဘူး၊ ကလေးတွေက ဘာ အပြစ်မှမရှိကြဘူး၊ လယ်တောသွားရင်း အဖမ်းခံရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ၎င်းတို့ ၄ ဦးကို ဇူလိုင်လ ၉ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တမူးမြို့ရဲစခန်းတွင် ထားရှိသည် ဟုသိရသည်။

ကျွန်းပင်သာရွာက အဖမ်းခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြပြီး တမူးရဲစခန်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ ရုံးချိန်းရှိတဲ့အခါ မိသားစုဝင်များ ကို ထပ်မံအကြောင်းကြားလာမည်ဟု ပြောဆိုကြောင်း သိရှိရသည်။ ဇူလိုင် ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြသည်။

၁၂။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း ကိုဗစ်ကုသရေးဆေးရုံ ၅ ခုဖွင့်လှစ်သွားမည်
July 15, 2021

ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှု ပိုမိုပြင်းထန်လာပြီး အစိုးရဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် သွားရောက်ကုသရန် ပိုမို ခက်ခဲလာခြင်းကြောင့် အတည်ပြုလူနာနှင့်သံသယလူနာများကုသရေးအတွက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ဆေးရုံ ၅ ခု မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာများဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ သထုံ ခရိုင်ဌာနချုပ်၊ ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်စခန်း၊ မော်လမြိုင်ခရိုင်ရုံးအခြေစိုက်ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၊ ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာနှင့် ရေးချောင်းဖျားဒေသ ပနန်းပုံကျေးရွာများ၌ ယာယီဆေးရုံများ ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ ပြည်တွင်းရေး ရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။“ကုသရေးအပိုင်းမှာဆိုရင် ဆရာဝန်တွေ သူနာပြုတွေ မွန်ပြည်သစ်ကဆေးမှူး တွေနဲ့ ပရဟိတလူငယ်တွေ ပါဝင်နိုင်တဲ့ ဆေးရုံတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကာကွယ် ထိန်းချုပ်တဲ့အပိုင်းမှာဆိုလည်း ကျွန်တော်တို့နယ်မြေအတွင်းမှာပဲ ကျန်းမာရေးစစ်ဆေးဂိတ် ၁၈ ခုကို ဆက်ပြီး ဖွင့်လှစ်သွားဖို့ရှိ တယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

ထို့အပြင် မွန်လူမျိုးအများစုနေထိုင်သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများတွင်လည်း ကိုဗစ်ကာ ကွယ်ထောက်ပံ့ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် မည်သည့်အခန်းကဏ္ဍတွင်မဆို ပါဝင်သွားမည်ဖြစ် ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေတွင် ကျေးရွာပေါင်း၊ ၁၀၀ ကျော် အိမ်ခြေ ၁၅,၀၀၀ ကျော်ရှိပြီး လူဦးရေ ၇၀,၀၀၀ ကျော်ရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြထားသည်။

၁၃။ ကွတ်ခိုင်မြို့မဈေးမီးလောင်မှု ဆိုင်ခန်းပေါင်း ၄၀ နီးပါးဆုံးရှုံး
16 July, 2021

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ထဲရှိ မြို့မဈေးကြီးမှာ မနေ့ည သန်းခေါင်ကျော် ဇူလိုင် ၁၆ ရက် မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တာကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့၊ သိန္နီမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ရပ်ကွက်သူရပ်ကွက်သားတွေပါ ဝိုင်းပြီး မီးငြှိမ်းသတ်ရာမှာ မနက် ၁ နာရီကျော်လောက်မှာ ငြိမ်းသွားပါတယ်။ ဆိုင်ခန်းပေါင်း ၃၇ လုံးလောက်မီးထဲ ပါသွား တယ်လို့ ကွတ်ခိုင်ဒေသခံ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တယ်လို့ ကြားတာနဲ့ ကျနော်တို့လည်း နိုင်သလောက်သွားကူခဲ့ကြပါတယ်ခင်ဗျ။ ရေပုံးလေးနဲ့ နိုင်လည်း ရေပုံးဆွဲ ပြီးငြှိမ်းပေါ့။ အဓိကကတော့ မီးသတ်ကားတွေပေါ့ ဆယ်စီးထက်မ နည်းရှိတယ်။ သိန္နီမီးသတ်လည်းလာတယ်။ မနက် ၁ နာရီ ကျော်လောက် ငြိမ်းသွားပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ဈေးခြံစည်းရိုး အစပ်ပိုင်းမှာ လောင်နေပြီ၊ အဲဒီမှာ ဆန်ဆိုင်၊ တိုင်းရင်းဆေးဆိုင်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင်တွေရှိတယ်၊ စုစုပေါင်း ၃၇ ဆိုင်ရှိ တယ်လို့ ပြောတယ် ၊ ဈေးကြီးရဲ့ ၅ ပုံ ၁ ပုံလောက် လောင်သွားတယ်”မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့မရှိကြောင်း၊ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတုန်းလို့ သူကဆက်ပြော ပါတယ်။

၁၄။ ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့အနီးတွင် တပ်မတော်သားများရှိနေ၍ ဒေသခံများ လယ်ယာထွန်ယက်စိုက်ပျိုး ရန် စိုးရိမ်မှုရှိနေကြ
July 15, 2021

ရခိုင်ပြည်နယ်၌ လက်ရှိ တိုက်ပွဲများငြိမ်သက်နေသော်လည်း ရသေ့တောင်မြို့နယ်ရှိ ကျေးရာအချို့အနီးတွင် တပ်မတော်သား များရှိနေခြင်းကြောင့် ထွန်ယက်မစိုက်ပျိုးနိုင်သည့် လယ်ယာမြေများရှိနေသည်ဟု ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရသေ့တောင်မြို့နယ် ထီးစွဲ၊ ဆောက်ခတ်၊ အမျက်တောင်၊ မညင်းတောင် စသည့်ကျေးရွာများအနီးတွင် မြန်မာ့တပ်မတော်မှ နေ ရာယူထားခြင်း၊ ကျေးရွာအတွင်းသို့ ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက်သွားလာနေရသည့်အတွက် ယခုနှစ်တွင် လယ်ယာမြေများကို

ထွန်ယက်စိုက်ပျိုးမှုမပြုလုပ်နိုင်ကြောင်း ရသေ့တောင်မြို့ စစ်ဘေးရှောင်တစ်ခုတွင်နေထိုင်သည့် အမည်မဖော်လိုသူ ဆောက် ခတ်ကျေးရွာမှ လယ်သမားတစ်ဦးက DMG သို့ ပြောကြားသည်။“စစ်သားတွေက ရွာအနီးအနားတစ်လျှောက်လုံး နေရာယူ ထားတယ်။ ကျနော်တို့ ရွာကိုသွားပြီးတော့မနေရဲဘူး။ ရွာအထဲကိုဝင်မယ်ဆိုရင်တောင်မှ သူတို့ခွင့်ပြုမှဝင်လို့ရတယ်။ ဆိုတော့ ဘယ်လိုလုပ် လယ်ထွန်ရဲတော့မှာလဲ။ ကျနော်တို့ အရင်တစ်ပတ်က ကိုယ့်ရွာကိုသွားခဲ့တယ်။ ရွာက ဆရာတော်က တာဝန်ယူ ပြီးတော့ ဝင်ခွင့်ရခဲ့တာ။ ရွာအထဲမှာလည်း နေအိမ်တွေ အကုန်လုံးပျက်စီးနေပြီ“ဟု အဆိုပါလယ်သမားက ပြောကြားသည်။

အလားတူ ထီးစွဲကျေးရွာအနီးတစ်ဝိုက်တွင်လည်း တပ်မတော်သားများ စခန်းချထားခြင်းကြောင့် ရွာလုံးကျွတ် လယ်ယာမြေ များ ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မပြုလုပ်နိုင်သည်မှာ ယခုနှစ်ဆိုလျှင် ၃ နှစ်ရှိနေပြီဖြစ်သည့်အတွက် ၎င်းဒေသခံများအနေဖြင့် ရှေ့ဆက်၍ ရပ်တည်နိုင်ရန်ပင် အခက်အခဲဖြစ်လာမည်ဟု ထီးစွဲကျေးရွာသားတစ်ဦးဖြစ်သူ ဦးဝေအောင်က DMG သို့ ပြော ကြားသည်။“လယ်မလုပ်ရတာ ဒီနှစ်ဆိုရင် ၃ နှစ်ရှိနေပြီလေ။ အဲ့တော့ ကျွန်တော်တို့ ဘဝဆက်လက်ရပ်တည်ဖို့အတွက် တော်တော်လည်းအခက်အခဲဖြစ်လာမယ်။ စားဝတ်နေရေး၊ သားသမီးပညာရေးအစ အခက်အခဲဖြစ်လာမယ်။ စစ်ဘေးရှောင် အချင်းချင်းတူရင်တောင်မှ ရွာကိုပြန်ပြီး အလုပ်လုပ်ကိုင်လို့ရတဲ့သူတွေထက် ကျနော်တို့က ပိုပြီးတော့အခက်အခဲဖြစ်တယ်“ ဟု ၎င်းကဆိုသည်။

၁၅။ ကျေးသီးမြို့နယ် တိုက်ပွဲထပ်ဖြစ်မှာကြောက် စစ်ရှောင် ၄၀၀ ကျော် နေရပ်မပြန်နိုင်သေး
July 15, 2021

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ကို မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ထိုကျန်ရှိနေသည့် စစ်ဘေးရှောင်း (၄၀၀) ကျော်သည် အသက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ် တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်းသောကြောင့် မပြန်နိုင်သေး ကြောင်းသိရသည်။

“ တစ်ချို့သူတွေတော့ အကုန်ပြန်ကုန်ပါပြီ။ အခုက အသက်ကြီးတဲ့သူ၊ ကလေးသူငယ်တွေပဲကျန်တော့တယ်။ တိုက်ပွဲထပ်ဖြစ် မှာကြောက်လို့ မပြန်သေးတာပါ။ တိုက်ပွဲထပ်ဖြစ်ရင် သူတို့တွေက ထွက်ပြေးရတာခက်တယ်လေ။” ဟု ကျေးသီးမြို့ စစ်ဘေး ရှောင်မျာကူညီးပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်များသည် နောင်ဝိုး ၁၀၀၊ ကမထမ်း ကျောင်းတိုက် ၅၀၊ လွိုင်ဆိုင် ၅၀၊ နှစ်မိုင် ၁၀၀၊ မိုင်ရယ် ၆၀ တို့ကျန်ရှိနေသေးကြောင်းသိရသည်။ ကျေးသီးမြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားရာတွင် ၂ရက်ရှိပြီးဖြစ်ပြီး လက်ရှိတွင် ပြည်သူများက စိုးရိမ်းနေလျက်ရှိကြောင်း စစ်ရှောင်ကူညီးပေးနေသည့် သူကပြောသည်။

၁၆။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်လိုက်သဖြင့် အလုပ်သမားမိသားစု ၉၀၀ ကျော် စားဝတ်နေရေးခက်ခဲနိုင်
July 15, 2021

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေး စခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း ပြောဆိုကြ သည်။ “ကျွန်တော်တို့ ကုန်တင်ကုန်ချအလုပ်သမားတွေက တစ်နေ့လုပ်မှတစ်နေ့ စားဝတ်နေရေးဖူလှုံကြတဲ့ဘဝတွေပါ။ ကုန်သွယ်မှုစရပ်တော့ ဘယ်လိုလုပ်ပြီး မိသားစုတွေ စားသောက်နေထိုင်ရမလဲ မတွေးတတ်တော့ဘူး” ဟု ကုန်တင်ကုန်ချလုပ် သားခေါင်းဆောင် အဘူးတော်ယုတ်က DMG ကိုပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်မှုတွင် ကုန်တင်ကုန်ချအလုပ်သမား ၁၃၀ ကျော်ရှိပြီး ၎င်းတို့၏မိသားစုများ ၉၀၀ ခန့်ရှိကြောင်း ကုန်တင်ကုန်ချအလုပ်သမားများအဖွဲ့မှ သိရသည်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ၃၁ ရက်နေ့အထိ ပိတ်ထားရန် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားပြီး စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ဖုန်းဖြင့်အကြောင်းကြားထားကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ဆိုသည်။ “ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ စာထုတ်ပြန်ထားတာတော့ တွေ့ရတယ်။ ညွှန်ကြားချက်ကတော့ ခရိုင်ကိုရောက်မှာပေါ့။ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ မနက်ဖြန်ကစပြီး ကုန်သွယ်မှုစရပ်ထားဖို့ ဖုန်းနဲ့ အကြောင်းကြာထားတာတော့ရှိတယ်” ဟု ဆိုသည်။

ထိုသို့နယ်စပ်ကုန်သွယ်မှုအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားခြင်းကြောင့် လက်လုပ်လက်စား ကုန်တင် ကုန်ချ အလုပ်သမား ၁၃၀ နှင့် သူတို့၏မိသားစု ၉၀၀ ကျော်ခန့်မှာ စားဝတ်နေရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။“နယ်စပ်ကုန်သွယ်မှုကို ကိုဗစ်ရောဂါနဲ့ ပထမပိတ်ထားတုန်းကလည်း ကျွန်တော်တို့လို မိသားစုများတဲ့သူတွေအတွက် တစ်ရက် ကို ထမင်းတစ်နပ်ပဲစားပြီး အသက်ရှင်နေခဲ့တယ်။ ဒါတောင် ကုန်သည်တွေဆီက ချေးငှါးထားရတာတွေ အခုထိပြန်မဆပ် နိုင်သေးဘူး” ဟု ကုန်တင်ကုန်ချအလုပ်သမား ကာလာမျှာကဆိုသည်။

၁၇။ ချီဖွေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ပထဆုံး စတွေ့
15 July, 2021

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်မောင်း ၅ ဦးအပါအဝင် ၆ ဦးမှာ ပထမ ဆုံး အကြိမ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချီဖွေမြို့အ၀င်ရှိ ထင်းစည်းချိုး ရုပ်တုအနီးက ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကိုဗစ်စစ်ဆေးရာ စစ်ဆေးရာ ပန်ဝါ သတ်ထု တွင်းသွားပို့မည့် ဆီဘောက်ဆာယာဉ်မောင်း ၅ ဦးနဲ့ မြစ်ကြီးနားပြန် ချီဖွေဒေသခံ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့ တာလို့ အမည်မဖော် လိုတဲ့ တာ၀န်ကျ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ ချီဖွေမြို့ဟာ လူဦးရေ ၂ သောင်းကျော်သာ ရှိပေမယ့် တရုတ်ပြည်နယ်စပ် ပန်ဝါသွားလမ်းမပေါ်မှာတည်ရှိပြီး စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေ အဓိက အလုပ်အကိုင်ဖြစ်တာကြောင့် အခုလို ခရီးသွား ယာဉ်မောင်းတွေထံ ပိုးတွေ့ရှိခဲ့တဲ့အတွက် တော်တော်သတိထားရ မယ်လို့ ချီဖွေမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါပိုးတွေ့လူနာ ၆ ဦးကို ချီဖွေပြည်သူ့ဆေးရုံမှာ ကုသပေးနေကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကိုဗစ် တတိယလိုင်းအတွင်း ချီဖွေမြို့မှာ ပထမဆုံးအကြိမ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၈။ ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ
July 14, 2021

ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရတဲ့သူ နှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူ တစ်ရာနီးပါး ရှိနေပြီ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ဟာ ပြီးခဲ့တဲ့ မေလပိုင်းကစပြီး ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနိုင်ငံနဲ့နီးတဲ့ တွန်းဇံမြို့ကနေ ပြန်လည်တွေ့ ရှိခဲ့ တာဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်လကျော်အတွင်း ပိုးတွေ့ရှိသူ ၆၄၆ ဦးရှိနေပြီး သေဆုံးသူ ၂၆ ဦးအထိ ရှိနေတယ်လို့ တွန်းဇံမြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရှိမရှိကို Covid Test Kit နဲ့ပဲစစ်ဆေးရတာဖြစ်လို့ အဲဒီ Test Kit တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို နိုင်ငံ တကာမှာ ရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ ပေးပို့တဲ့ အလှူငွေနဲ့ လုပ်နေရတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က RFA ကိုပြောပါတယ်။“အရင်က ၅၀ အထက်အသက်ကြီးပိုင်းတွေပဲဖြစ်တာ။ အခုကျတော့ ၅၀ အောက် ၄၀၊ ၃၇ အရွယ်တွေပါ ဖြစ်လာတယ်။ ကျွန်တော်တို့ နယ်ကနေ နိုင်ငံခြားရောက် လူငယ်တွေ စိတ်ပူတယ်လေ။ ကျွန်တော်လည်း တတ်နိုင်သလောက် ကျွန်တော်သွားသွားစစ်တဲ့အခါကျရင် မီးစက်တစ်လုံးနဲ့ အောက်ဆီဂျင် ငါးလုံးယူယူ သွားတယ်။ အဲ့ဒါနဲ့ သူတို့က လူငယ်တွေပေါင်းပြီးတော့ ရွာအလိုက် အလှူငွေတွေ ထည့်ကြတယ်။ ဒေသခံ NGO တစ်ခုရှိတယ် သူတို့နဲ့ချိတ်ပြီးတော့ ဟိုကနေ သူတို့ပို့သလောက် ကျွန် တော်တို့ဆီရောက်အောင် သူတို့လုပ်ပေးတယ်။ ဒေသခံတွေရဲ့ ပါဝင်မှုဆို ရင်လည်း မမှားဘူးပေါ့။ အခု တီးတိန်မှာဆိုရင်လည်း တော်တော်ဆိုးတယ်။ တွန်းဇံလည်း အခုထိ ကွာရန်တင်းစင်တာတွေမှာ လည်း များတယ်။ သေဆုံးနှုန်းတွေလည်း များလာတယ်။ ဖလမ်းမြို့မှာ ခုတလောသေဆုံးတာတွေ နည်းနည်းများတယ်။ နေ့ တိုင်းလိုလိုပဲ။ တီးတိန်မှာလည်းနေ့တိုင်းလိုလိုပဲ တစ်ယောက် နှစ်ယောက်ဆုံးတာ။ အရင်နဲ့တော့တခြားစီပဲ။ ပြီးတော့ နိုင်ငံရေး မကောင်းတဲ့အခါမှာ ဘယ်သူမှာ ဒီဟာကို မလုပ် နိုင်ဘူးလေ။ ကျန်းမာရေးဘက်ကလည်း မလုပ်နိုင်ဘူးဆိုတော့ Selint carrier အရမ်းများသွားတာပေါ့။”မြို့ပေါ်က အစိုးရဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ အာဏာဖီ ဆန်ရေး CDM လုပ်နေ တဲ့ ဝန်ထမ်းတွေအများစုဖြစ်လို့ ကုသရေးပိုင်းမှာ၊ ဆေးဝါးတွေလည်း လုံလောက်မှု မရှိကြပါဘူးလို့ ဒေသခံ တွေက ပြောကြပါတယ်။ ကျေးလက်တွေမှာလည်း အလားတူဖြစ်နေလို့ ရွာသားတွေ ကိုယ်ထူကိုယ်ထ လုပ်နေကြရတာပါ။

“ဆေးကုသမှုက အခုကျွန်တော်တို့ ဒေသမှာတော့ positive ဖြစ်ပြီး အောက်ဆီဂျင် ရှူတဲ့အဖွဲ့က တော့ ဆေးရုံမှာပေါ့။ အခု ကျွန်တော်တို့လုပ်တဲ့ ပုံစံက ရွာတွေသွားတယ်။ ဖျားတဲ့သူတွေကို အရင် Test လုပ်တယ်။ positive တွေ့တဲ့အခါမှာ positive တွေ့တဲ့အနေအထားပေါ့။ တော်တော်များတယ်။ အယောက် ၂၀ မှာ ၁၅ ယောက်လောက်တွေ့တယ်။ အဲဒီရွာကို လူငယ်တွေခေါ် ပြီးတော့ Stay Homeပေါ့။ Lockdown လိုမျိုးလုပ်ဖို့ပေါ့။ ပြီးတော့သူတို့ကို ကျွန်တော်တို့ အိမ်သတ်မှတ်ပြီးတော့ အဲ့မှာထားတယ်။ ဆေးကတော့ ကျွန်တော်တို့ ပါလာနိုင်တဲ့ဆေး အားဆေးတွေ၊ ဆရာဝန်တွေ၊ အထူးကု တွေ လမ်းညွှန်တဲ့ဟာ လေးတွေပေါ့။ အလှူငွေနဲ့ ဝယ်ပြီးတော့ သွားပို့တယ်။ ပြီးတော့ ကျီခါးမှာတော့ OPD ပုံစံမျိုးနဲ့ အားကစားခန်းမမှာ ရောက်ရှိ လာတဲ့လူနာတွေကို Test တယ်။ Positive တွေ့ရင် အဲ့ဒီ မှာ အခန်းထဲမှာ ထည့်ပြီးတော့ထားတယ်။ ပုံမှန်အဖျားတွေလည်းရှိ တော့ ကျွန်တော်တို့ တတ်နိုင် သလောက် အားဆေးနဲ့ဆေးလေးတွေ ကုသပေးတယ်”တီးတိန်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က နှစ် ယောက်၊ ဇူလိုင် ၁၃ ရက်နေ့က တစ်ယောက် သေဆုံးခဲ့ပြီး နှစ်လကျော်အတွင်း သေဆုံးသူ စုစုပေါင်း ၂ဝ ကျော်ရှိသလို၊ တီးတိန်မြို့ပြည်သူ့ ဆေးရုံမှာ လူနာ ၆၅ ယောက်ရှိနေတယ်လို့ မြို့နယ်ကျန်းမာရေးဌာနကနေတဆင့် သိရပါတယ်။

၁၉။ မောင်တော၌ ကိုဗစ်လူနာ များလာသော်လည်း ဌာနဆိုင်ရာမှ အလေးမထား ဟုဆို
14 July 2021

ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်း ပိုးတွေ့လူနာများ တနေ့ထက်တနေ့ များပြားလာသော်လည်း ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်မှု အားနည်းကြောင်းပြီး၊ အလေးထားမှု မရှိကြောင်း ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်း များက ပြောဆိုကြသည်။ မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ လူပေါင်း ၃၁၉ ဦး အထိရှိကာ သေဆုံးသူ ၅ ဦးနှင့် လက်ရှိ ဆေးကုသမှု ခံယူ နေသူ ၁၄၀ ကျော်ရှိကြောင်း မောင်တော ကျန်းမာရေးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းမျာမှ ကိုဗစ် အရေး ဆောင်ရွက်နေ သူများက ပြောသည်။

ကိုဗစ်အရေး ဆောင်ရွက်နေသည့် မောင်တော ဂရုဏာကွန်ရက်မှ ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က “ပိုးတွေ့တဲ့ အခြေအနေကတော့ တော်တော်များလာနေတယ်။ စိုးရိမ်စရာလည်း ဖြစ်လာတယ်ဗျ။ ဒါပေမယ့် ဌာဆိုင်ရာတွေ ပူးပေါင်းပါဝင်မှုကတော်တော်အား နည်းတယ်။ လူနာတွေများလို့ ယာယီအဆောင်တွေ ဆောက်ဖို့ တင်ပြတယ်။ သူတို့ အချိန်မီလာပြီးမကူညီဘူး။ နယ်စပ်ကုန် သွယ်ရေးကို ပိတ်ပါဆိုလည်း သူတို့ အလေးမထားဘူး”ဟု ဧရာဝတီသို့ ပြောသည်။ မောင်တောမြို့နယ်အတွင်း တနေ့တခြား ပိုးတွေ့သူများပြားလာနေသလို နေအိမ်အတွင်းအသွားအလာ ကန့်သတ်ခံထားရသူ မိသားစုဝင်များမှာလည်း အစားအသောက် ထောက်ပံ့ပေးသူများ မရှိသည့်အတွက် အခက်ကြုံတွေ့နေရကြောင်း မောင်တောမြို့ခံ ဦးကိုလတ်ထွန်း ကဆိုသည်။ ၎င်းက “ပိုး တွေ့သူတွေနဲ့ထိတွေ့တဲ့ မိသားစုတွေကို Home Quarantine ထားတယ်။ သူတို့ဘယ်မှလည်းမသွားရဘူး။ အပြင်လည်း ထွက်မရဘူး။ အဲဒီလူတွေကို အရင်တုန်းကလိုကူညီပေးတဲ့အဖွဲ့လည်းမရှိဘူး။ အဲဒီအတွက်တချို့ဆို နေမကောင်းလည်း ဆေးရုံ ကို သွားမပြတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆေးသောက် ဆေးစားနေတဲ့ လူတွေ အများကြီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ မောင်တောမြို့နယ်အတွင်း ပိုးတွေ့လူနာတချို့မှာ အရေးပေါ် ကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ပြီး ဆေးကုသမှုများ လုပ်ဆောင်နေရသည့်အတွက် လက်ရှိအခြေအနေတွင် အောက်ဆီဂျင်ဗူးများ လိုအပ်လျက် ရှိကြောင်းလည်း မောင်တော ဆေးရုံ အုပ်ကြီး ဒေါက်တာ နုကေသီစံ က ပြောသည်။ မောင်တော ပိုးတွေ့လူနာများတွင် ကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် မြို့ခံများနှင့် မွတ်စလင် ကျေးရွာသား များလည်း ပါဝင်ကြောင်း သိရသည်။

၂၀။ ပြည်သူများ၏ အလှူငွေဖြင့် ဖားအံတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်
July 15, 2021

ကိုဗစ်တတိယလှိုင်းကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အောက်ဆီဂျင်ရရှိမှု အခက်အခဲ ကြုံတွေ့ နေရသည့်အတွက် ပြည်သူ လူထုများအလှူငွေဖြင့် အောက်ဆီဂျင်စက်ရုံတစ်ခုတည်ဆောက်ရန် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။ ကိုဗစ်ရောဂါ ကူးစက်ခံ ပြည်သူလူထုများ အောက်ဆီဂျင်လုံလောက်စွာရရှိရေးအတွက် ရည်ရွယ်ပြီး ဖားအံမြို့ ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့ များနှင့် လူငယ်များ၏သဘောတူညီချက်အရ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် စတင်အကောင်အ ထည်ဖော်ဆောင် ရွက်ကြခြင်းဖြစ်သည်ဟု ဖားအံမြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး တာဝန်ရှိသူများထံမှ သိရသည်။

ဖားအံမြို့အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့တွင် ပါဝင်သူ ဦးအောင်အောင်ထွန်းက ” ကျနော်တို့ ၁၁ ရက်နေ့က မြို့ပေါ် က လူငယ်တွေခေါ်ပြီး စက်ရုံထောင်ချင်တယ်ပြောတော့ လုပ်ကြမယ်ပေါ့။ ဆွေးနွေးပြီးအဖွဲ့တွေ ဖွဲ့ တယ်။ အဲ့နေ့ကစပြီး အလှူငွေတွေ စစုပြီး လက်ခံဖြစ်တယ်။ အခုအလှူငွေ ရနေပြီ။ စက်ကတော့ သြဂုတ်လ ဒုတိယအပတ် လောက်မှာ လည်ပတ်လို့ ရပြီ။ အခုလည်း အောက်ဆီဂျင်အိုးတွေကို စပြီးလက်ခံနေပြီးလေ။ ” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည့် စက်ပစ္စည်းကို ထိုင်းနိုင်ငံမှ ဝယ်ယူသွားမည်ဖြစ်ပြီး စက်၏တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၉၀၀) ဝန်းကျင်ကုန်ကျမည်ဖြစ်သည်။ စက်၏ထုတ်လုပ်နိုင်သည့်စွမ်းရည်မှာ တစ်နာရီ လျှင် ၁၆၀ လီတာ ထုတ်နိုင်ကာ လျှပ်စစ်မီးရရှိမှုအား၊ လူအင်အားနှင့် ကုန်ကြမ်းရရှိမှုအပေါ် မူတည်၍ တစ်ရက်လျှင် လီတာ ပေါင်း ၂၀၀၀ ဝန်းကျင်ထုတ်နိုင် မည်ဟု လျာထားကြောင်း ဖားအံအောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး တာဝန်ရှိသူက ဆိုသည်။ လတ်တလော ဖားအံမြို့အတွင်းရှိ အောက်ဆီဂျင်ဖြည့်သည့်ဆိုင်များတွင် အောက်ဆီဂျင်ပြတ်လပ်သောကြောင့် အောက်ဆီဂျင် လိုအပ်နေသူများအတွက် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီပြီး သထုံနှင့် မော်လမြိုင်တို့တွင် သွားရောက် ဖြည့်သွင်း ပေးခြင်းရှိကြောင်း ဦးအောင်အောင်ထွန်းက ပြောသည်။

၂၁။ ဟားခါးမြို့တွင် ကိုဗစ်ပို့တွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း သိရ
July 16, 2021

ဇွန်လ ၁၀ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း ဟားခါးမြို့ ကိုဗစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။

“ဒီနေ့ ဇူလိုင် ၁၅ ရက်အထိပေါ့နော် ဟားခါးမှာ ကိုဗစ် update ပေါ့နော်၊ စစ်ဆေးခံရတဲ့သူက ၁,၂၇၀ ဦးရှိတယ်၊ နောက် postitive လူနာက ၂၀၄ ဦး၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၁၆.၀၆%၊ သေဆုံးသူကတော့ အရင်တိုင်းပါပဲ ၄ ယောက်ပေါ့” ဟု ပြောသည်။

ဟားခါးမြို့ ကိုဗစ်ကူးစက်ခံရသူများထဲ၌ လက်ရှိ ဟားခါးပြည်သူ့ဆေးရုံတွင် ၈၈ ဦးနှင့် တိုင်းရင်းဆေးရုံတွင် ၁၄ ဦးဟူ၍ စုစုပေါင်း ၁၀၂ ဦး ထားရှိပြီး ကူးစက်ခံရသူ ၉၈ ဦးမှာ ပြန်လည်ကျန်းမာလာကြပြီး ဆေးရုံမှဆင်းပြီဖြစ်ကြောင်း သိရသည်။
၂၂။ မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ
July 16, 2021

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။

ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီး ကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောပြသည်။“ အဆောက် အအုံတွေလည်းဆောက်ပြီးပြီ။ ခုံးတွေလည်းရှိပြီ။ ၃ ခုံလောက်တော့ ရောက်လာတာတွေ့တယ်”ဟု မိုင်းယော်ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် မိုင်းယော်ဒေသတွင် ကာစီနို ဖွင့်ရန်အတွက် အားလုံးပြင်ဆင်ပြီးနေပြီးဖြစ်ကြောင်း၊ ဖွင့်မည့်ရက်ကို စီစဉ်နေပြီး ဖြစ်ပြီး၊ မိုင်းယော်ဒေသခံများက ကာစီနို ဖွင့်ပါက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စားဝတ်နေရေးအတွက်ကို စိုးရိမ်နေရကြောင်း သည် အသက် ၄၀ကျော် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။“ သူတို့ကတော့ ဖွင့်ဖို့ပဲ ကျန်တယ်။ အကုန်ပြင်ဆင်ပြီးပြီ။ ဘယ်ချိန်ဖွင့်မလဲတော့ မသိဘူး။ ရောဂါပြီးမှလား။ ဘယ်ချိန်လဲတော့မသိဘူး။ ဖွင့်ရင်တော့ ကျနော်တို့ ပြည်သူတွေက စိုးရိမ်ရတယ်။ အခုက ကိုဗစ် နဲဆိုတော့။ ပြီးတော့ ပြည်သူတွေက သွားဆော့ရင် ခြံပေါင်၊ နွားပေါင်း ပြီးဆော့တာ ရှိတယ်”ဟု မိုင်းယော်ဒေသခံအမျိုးသားတဦးက ပြောသည်။ “ခုက ဒီလိုနိုင်ငံရေးကော ကိုဗစ် ကောဖြစ်နေ တော့ သူတို့ကို မဖွင့်စေချင်ဘူး။ ပြည်သူတွေကိုလဲ မသွားဆော့စေချင်ဘူး။”ဟု အသက် ၄၀ ကျော် အမျိုးသားက ဆိုသည်။

၂၃။ ရခိုင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကျောင်းသားတွေ တောင်းဆို
July 16, 2021

ရခိုင်ပြည်နယ်မှာ မတရားဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အမိန့်ချမယ့်အချိန်ကို ဆွဲမထားဖို့ ဖမ်းဆီးခံ ထားရတဲ့ ရက္ခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား လေးဦး အပါအဝင် အကြမ်းဖက် ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အချုပ်သား ၁၀ ဦးကျော်က စစ်တွေမြို့နယ် တရားရုံးမှာ ဒီနေ့ မနက် ၁၀ နာရီကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စစ်တွေအကျဉ်းထောင်ကနေ စစ်တွေမြို့နယ် တရားရုံးကို အချုပ်ကားနဲ့ ရုံးထုတ်လာစဉ်မှာ ကြွေးကြော် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီအထဲမှာ လွန်ခဲ့တဲ့ အချိန် ကိုးလလောက်ကပင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ထားရတဲ့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းတို့ လေးဦးလည်း ပါဝင်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ အရပ်သား တစ်ရာလောက်နဲ့ အတူ ရခိုင်မှာ မြန်နှုန်းမြင့် 4G အင်တာနက်ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကိုဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဆီး တရားစွဲခံခဲ့ရတာပါ။

သူတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ တို့နဲ့ စစ်တွေမြို့နယ် ရဲမှူးဟောင်း ဇော်နိုင်နဲ့ ဘေးစီမံဌာန ဦးစီးအရာရှိ ဦးအောင်စံဝေတို့က တရားလို လုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံထားရသူ ၂၀၂၀ ခုနှစ် သြဂုတ်လအထိ ၂၇၆ ဦးရှိတယ်လို့ ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

၂၄။ ဘားအံမြို့ အဝေးပြေး ခရီးသည်ယာဉ်လိုင်းများ ရပ်နား
16 July, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီရဲ့ ညွှန် ကြားချက်နဲ့ ဇူလိုင် ၁၅ ရက်က စပိတ်လိုက်ပြီလို့ အဝေးပြေးယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ကူးဆက်ခံရသူများပြားလာတဲ့အတွက် ကုန်တင်ယာဉ်တွေမှအပ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီ ညွန့်ကြားချက်နဲ့ သွားလာခွင့်ပိတ်လိုက်တာပါ။ အဝေးပြေးယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းနိုင်က “မနေ့ကစပြီး ယာဉ်လိုင်းတွေကို စပြီးပိတ်လိုက်တာပါ။ ခရီးသည်အစား ကုန်ပဲတင်လို့ရမယ်။ ခရီးသည် တင်ယာဉ်လိုင်း ပိတ်လိုက်တော့ ခရီးသည်ကော ယာဉ်လိုင်းက လူတွေကော အခက်အခဲတော့ ရှိတာပေါ့။ ဘယ်လောက်ကြာ ကြာ ပိတ်မလည်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

“ယာဉ်လိုင်းတွေ ပြန်ပြေးဆွဲတာ သုံးလလောက်ပဲရှိသေးတယ်။ အခုထပ်ပိတ်ခံရတော့ မိသားစုစားဝတ်နေရေး ဒုက္ခရောက် တာပေါ့။ ကိုဗစ်ဖြစ်ပြီး မသေဘူး။ အခုက ငတ်သေဖို့ပဲ ရှိတော့တယ်” လို့ ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါအဝင် အဝေးပြေးယာဉ်လိုင်းပေါင်း ၂၅ လိုင်းရှိကာ လက်ရှိ ယာဉ်လိုင်း ၅ လိုင်းလောက်တာ ကုန်တင်ပြေးဆွဲနေပြီး ကျန်းမာရေးစစ်ဆေးမှုကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုခံယူရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

၂၅။ လားရှိုးမြို့ Stay at Home ကာလ ခရီးသွားများထောက်ခံစာဖြင့် ဝင်၊ထွက်ခွင့်မပြု
July 14, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် Stay At Home ကာလအတွင်း ခရီးသွားများမည်သည့် ထောက်ခံစာဖြင့် ဝင၊်ထွက် သွားလာခွင့်မပြုကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသည့် (၆)မြို့နယ် ကို Stay at Home အဖြစ်ကြေညာခဲ့ပြီး ထိုထဲတွင် လားရှိုးမြို့ အပါအဝင်ဖြစ်ပြီး၊ Stay at Home ကာလအတွင်းမည်သည့် ထောက်ခံစာဖြင့် ဝင်၊ထွက် သွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။

“လားရှိုးမြို့ကို Stay At Home မှာ အကျုံးဝင်တယ်လို့ ကြေညာချက်ထုတ်ထားလို့ အခုဆို လားရှိုးမြို့တွင်း ကနေ မြို့ပြင်ကိုထွက်သွားပြီးရင် ဘယ်ထောက်ခံစာတွေပဲပါပါ ပြန်ဝင်လာဖို့ လက်မခံတော့ဘူး၊ လားရှိုးမြို့ ပြင်က လူတွေကိုလည်း မြို့ထဲဝင်ဖို့ ဘယ်လိုထောက်ခံစာနဲ့မှ လက်မခံတော့ပါဘူး”ဟု လားရှိုးမြို့နေ ဦးသောင်းလွင် က သျှမ်းသံတော်ဆင့်ကို ပြော သည်။ ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ပြီး ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးသည် လားရှိုးမြို့သို့ လာ ရောက်မည်ဆိုပါက ကိုဗစ် – ၁၉ ကူးစက်ကာကွယ်ဆေး နှစ်ကြိမ်ထောက်ခံစာ ( သို့မဟုတ်) နောင်ချို့မြို့နယ် ခြေမြစ်ပင် စစ်ဆေးရေးဂိတ်မှ RDT စစ်ဆေးပြီး ကိုဗစ် – ၁၉ ကင်းစင်ကြောင်း ထောက်ခံ ချက် စာရွက်ပါမှသာ ဝင်ရောက်ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကုန်စည်တင်ပို့တဲ့ ယာဉ်တွေကိုတော့ လားရှိုးမြို့တွင်း နေထိုင်ကြောင်း နဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်က ထုတ်ပေးတဲ့ ထောက်ခံချက်ရှိတဲ့ ယာဉ်မောင်းတွေနဲ့ အချိန်းအပြောင်းလုပ်ပြီး ဝင်ထွက်မောင်းနှင်ဖို့ ခွင့်ပြုထား တယ် လို့သိရပါတယ်၊ အဓိက ခရီးသွားတွေတော့မရဘူး”ဟု ဦးသောင်းလွင်က ပြောသည်။

၂၆။ ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီးရေးစည်းကမ်းများ ပိုမိုတင်းကြပ်ဆောင်ရွက်သွားမည်ဟု KNU ကိုဗစ်အရေးပေါ် တုံ့ ပြန်ရေးကော်မတီပြော
July 16, 2021 1

ကူးစက်မြန် ကိုဗစ်တတိယလှိုင်း ကူးစက်မှုနှုန်း ပိုမိုမြှင့်မားလာခြင်းကြောင့် KNU- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေအားလုံးတွင် ကိုဗစ်ကူးစက်မှုကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း KNU ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ကူးစက်ခံ ကိုဗစ်လူနာများအတွက် ကာကွယ်ကုသရေး ပိုင်းတွင် စိန်ခေါ်မှုများစွာရှိနေခြင်းကြောင့် ယခင် ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယလှိုင်းကဲ့သို့ ကာကွယ်တားဆီးရေးအပိုင်းကို ပိုမိုတင်းကြပ်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း KNU ၏ ကိုဗစ် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒိုင်းမွန်းခင် က ယခုလိုပြောသည်။

“စိန်ခေါ်မှုက ကျနော်တို့ KNU ခရိုင် ၇ခုမှာ ကိုဗစ်ကို စမ်းသပ်နိုင်တဲ့ PCR စက်က တစ်ခုပဲရှိတယ်။ ပြီးတော့ အခု ရောဂါပိုး က သန္ဓေပြောင်းတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျနော်တို့ အခု PCR စက်က ဖတ်လို့မရဘူး။ အဲ့ဒီအတွက် ဒီ အပြောင်းအလဲကြောင့် အခက်အခဲဖြစ်လာနိုင်တယ်။ ဒါကြောင့် ခရိုင် တစ်ခုချင်းစီအလိုက် ကာကွယ်တားဆီးရေးအပိုင်းကို ပိုကောင်းအောင်လုပ်သွား မယ်။” ဟု ကေအိုင်စီသို့ပြောသည်။ ထို့အပြင် အဆိုပါ KNU တပ်မဟာ၊ ခရိုင်အားလုံးတွင် ကာကွယ်တားဆီးရေး အတွက် လိုက်နာရမည့် ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်ပြီး ယမန်နေ့က ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်း အဝေးခေါ်ယူ၍ ဆွေးနွေးဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟို အတွင်းရေးမှူးရုံးမှတဆင့် သက်ဆိုင်ရာ တပ်မဟာခရိုင် အသီးသီးသို့ ဆက်လက် ညွှန်ကြားသွားမည်ဖြစ်သည်ဟုလည်း ပဒိုစောဒိုင်းမွန်းခင် ကဆက်ပြောသည်။

အဆိုပါ ကိုဗစ်ကာကွယ်တားဆီးရေး အစီအစဉ်များအရ ကျန်းမာရေး အသိပညာပေး စည်းရုံးလှုံ့ဆော်မှုများကို လိုက်လံ လုပ်ဆောင်ပေးမည်ဖြစ်သလို လူစုလူဝေးများသည့် နေရာများတွင် Fever Clinic တစ်လုံးစီ တည်ဆောက်သွားမည်ပြီး စည်းမျဉ်းစည်ကမ်းများကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။

၂၇။ စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ
16 July 2021

နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုမြင့်မားလာစဉ်အတွင်း ကူးစက်မှုတားဆီးရန် အားထုတ်သည့်အနေဖြင့် မြန်မာ စစ်ကောင်စီသည် လာမည့်အပတ်တွင် အားလပ်ရက်များကို ၂ ရက်မှ ၅ ရက်သို့ တိုးချဲ့ပြီး တနိုင်ငံလုံး လော့ဒေါင်းပြုလုပ်မည် ဖြစ်သည်။ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်နေ့အထိသည် တရားဝင် အားလပ်ရက်များဖြစ်ကြောင်း စစ်ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့်လူ ၁၄၅ ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာ နက ကြေညာသည်။ ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် အမြင့်မားဆုံးသို့ ရောက်လာသည်။ ထိုနေ့က စစ်ဆေးမှု ပေါင်း ၂၁၃၅၂ ခုပြုလုပ်ပြီး ကူးစက်မှုသစ် ၄၃၂၀ ရှိကြောင်း သိရသည်။

စစ်ကောင်စီအတွင်းရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်သောစာတွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ရက်သတ္တပတ်ကြားရက်များဖြစ်သော ဇူလိုင် ၂၀ နှင့် ၂၂ ရက်ကို အများပြည်သူအားလပ်ရက်များအဖြစ် သတ်မှတ်ကြောင်းကြေညာသည်။ သီးခြားအမိန့်တခုတွင် ဇူလိုင်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့သည် ကွာဘန်နီ အိဒ်နေ့အဖြစ်ကြေညာ သည်။ တနင်္လာနေ့ဖြစ်သော ဇူလိုင် ၁၉ ရက်နေ့သည် အာဇာနည်နေ့နှင့် ဇူလိုင်လ ၂၃ ရက်နေ့ သောကြာနေ့သည် ဝါဆိုလပြည့် နေ့ဖြစ်သောကြောင့် တရားဝင်အားလပ်ရက်များဖြစ်သည်။

ပြည်သူများကိုနေအိမ်များ သို့မဟုတ် အဆောင်များတွင်သာ နေထိုင်ရန် တိုက်တွန်းပြီး အလုပ်တာဝန်ထမ်းဆောင်ရန်နှင့် နာရေးမှအပ ခရီးသွားခြင်းကို တားမြစ်သည်။ အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချသည့်ဆိုင်များကိုသာ ဖွင့်ခွင့်ပြုပြီး ပြည်သူများသည် နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်းနှင့် အကာအကွယ်များ ဝတ်ဆင်ရမည်ဖြစ်သည်။ ထိုစည်းမျဉ်းများကို မလိုက်နာသူများအား အရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုသည်။ မြန်မာနိုင်ငံသည် မေလနှောင်းပိုင်း တွင် စတင်သည့် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို ရင်ဆိုင်နေရသည်။ ထိုနောက်တွင် ရောဂါကူးစက်မှုများကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ ခု သို့မဟုတ် တနိုင်ငံလုံးရှိ မြို့နယ် ၉၀ ရာခိုင်နှုန်းတွင် ရင်ဆိုင်နေရသည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း များ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၇၄ ခု၌ နေအိမ်တွင်သာနေထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

၂၈။ ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၁၅ ဦးသေဆုံး
15 July, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းက တက်လာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ကြားဖြတ်တိုက်ခဲ့တာကြောင့် စစ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါ တယ်။ စစ်ကောင်စီရဲ့တပ်ကို ဂေါ်လိုယန်ကျေးရွာ တံတားညီနောင်နား ဖုန်းတာဝါတိုင် အနီးမှာ ညနေ ၄ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ဖြစ်တာကတော့ နှစ်ဖက်အပြန်အလှန်ပစ်တာ အသံတွေကြားနေရတယ်၊ စစ် (..) တွေဘက်က ခန့်မှန်း ၁၅ ယောက် လောက်သေတာကြားတယ်”လို့ပြောပါတယ်။ ဖုန်းတာဝါတိုင်နားမှာ မိနစ် ၂၀ လောက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီး နောက် ပိုင်း ကေအိုင်အေ ဘက်က တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းက စတင်ကာ အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုတွေပိုဖြစ်လာတာဖြစ်ပါတယ်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

 

 

Related Articles

Back to top button