သတင်း

“စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် သေဒဏ်ပေး ကွပ်မျက်သည့်အပေါ် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အဖွဲ့အစည်းတို့၏ သဘောထားမှတ်ချက်များ”

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၅

၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင် စီက ၄င်းတို့ပိုင် သတင်းစာများတွင် ယနေ့ ထုတ်ပြန်ကြေညာလာပါတယ်။

“တရားလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံလေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံး လုပ်နည်းများ အတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း”ဟု စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် ဖြစ်စဥ်ကို တိတိ ပပသိရဖို့ အင်းစိန်ထောင်ကိုရောက်နေတဲ့ မိသားစုဝင်တွေကို ပြစ်ဒဏ်စီရင်လိုက်တာအတည်ဖြစ် ကြောင်း ထောင်အာဏာပိုင်တွေက တုံ့ပြန်လိုက်တယ်လို့ အတူသွားရောက်စုံစမ်းတဲ့အထဲ ပါဝင်သူတွေက ဘီဘီစီသတင်းဌာနကို အတည် ပြုထားပါတယ်။

“စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် သေဒဏ်ပေး ကွပ်မျက်သည့်အပေါ် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အဖွဲ့အစည်းတို့၏ သဘောထားမှတ်ချက်များ”ကို ဖက်ဒရယ်ဂျာနယ်က ဆက်သွယ်မေးမြန်း စုစည်း တင်ဆက်ထားပါတယ်။

ပဒိုစောတောနီး (တာဝန်ခံ၊ ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြားရေးဌာန)

“ကျတော်တို့ နိုင်ငံမှာ နေ့စဉ်နေ့အမျှ သတ်တာဖြတ်တာတွေက ရှိနေကျပဲပေါ့လေ။ အခုဒီအဖြစ်အပျက်က ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူးဆိုတာ ကျနော်တို့တစ်နိုင်ငံလုံးက ပြည်သူတွေ ကိုသာမ က တစ်ကမ္ဘာလုံးကို အတိအလင်း ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပေါ့။

အခုလို ကြိုးမိန့်ပေးလိုက်တဲ့အပေါ်မှာတော့ KNU အနေနဲ့  လုံးဝလက်မခံဘူး အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။ ကျန်နေတဲ့သူတွေ တော်လှန်ရေးအပေါ် အာရုံပိုစိုက်ပြီး လုပ်ဆောင်ဖို့ပဲ ကျန်တာပေါ့”

ဗိုလ်ချုပ် ဂွမ်မော် (ဒုဥက္ကဌ ၂၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO))

“သတင်းမှန်ခဲ့မယ်ဆိုရင်တော့၊ မိုက်ပဲခြင်းလို့ဘဲ ပြောရတော့မှာပါ။
ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ။

Newton’s Third Law of Motion: For every action, there is an equal and opposite reaction.

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်”

ဆလိုင်းတင်မီ (အထွေထွေအတွင်းရေးမှူး၊ ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းကော်မတီ(CJDC))

“သူတို့က နိုင်ငံရေးအကျဉ်းသားဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ အခုလို ကြိုးမိန့်ပေးတာဟာ နိုင်ငံတကာ ဥပဒေ စံချိန်စံနှုန်းနဲ့လည်း မကိုက်ညီဘူး။  ချိုးဖောက်တာဖြစ်တယ်။ အကယ်လို့ သူတို့က နိုင်ငံရေး အကျဉ်းသား မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဆိုရင်တောင် စစ်သုံ့ပန်းဖြစ်ပါတယ်။ သတ်လို့ မရပါဘူး။ GENEVA CONVENTION ကိုဆန့်ကျင်ရာရောက်တယ်။ ကျနော်တို့ CJDC အနေနဲ့လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာ မများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က တစ်ဦးတစ်ယောက်ကိုမှ သတ်ဖြတ်သာမလုပ်ခဲ့ဘူး။ စစ်အတွင်းမှာ လက်နက်ချင်းသတ်ဖြတ်တာ ကတော့ စစ်ရဲ့သဘော သဘာဝဖြစ်တယ်”

ကျနော်တို့ CJDC အနေနဲ့ကတော့ GENEVA CONVENTION ကို လိုက်နာတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ်လုပ်နေတာကို အပြင်းထန် ကန့်ကွက်ရှုံ့ချပါတယ်။

ကယားပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ်တဦး

“ဒီဖြစ်စဉ်အပေါ် အချက် (၃)ချက်နဲ့ ပြောချင်ပါတယ်

၁။ မိသားစုတွေနှင့်အတူ ထပ်တူဝမ်းနည်းကြောင်းနှင့် ကိုယ်ချင်းစာမူပေးချင်ပါတယ်။

၂။ ပြည်သူနှင့် နိင်ငံအတွက် အစဉ်တစိုက် အကျိုးပြုခဲ့သည့် နိုင်ငံရေးသမားတွေ ဖြစ်ခဲ့တဲ့အတွက် ပြည်သူတို့ရဲ့ အကျိုးစီးပွား အဖျက်ခံရတယ်လို့ မှတ်ယူတယ်၊ ဒီအတွက်ကြောင့် ပြည်သူတွေရဲ့ နှစ်နာဆုံးရှုံးမှုဖြစ်တယ်လို့ ခံယူတယ်။

၃။ ထင်ရှားကြော်ကြားတဲ့ နိုင်ငံရေးသမားတွေဖြစ်သာကြောင့် နိုင်ငံရေး ပြစ်ဒဏ် ကြီးကြီးမားမား တန်ပြန် သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီအဖြစ်အပျက်အတွင် လက်ရှိ အာဏာကို လုယူထားတဲ့ အဆင့်ဆင့်သော တာဝန်ယူရှိသူတွေက မလွဲမသွေ တာဝန်ယူရမှာ ဖြစ်ပါတယ်”

ဆလိုင်းကျဲအိုဘိခ်ထောင် (အတွင်းရေးမှူးအဖွဲ့ဝင်၊ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ)

“စစ်မြေပြင်မှာ သတ်ကြ/ဖြတ်ကြတာ ထုံးစံပါ။

ဖမ်းဆီးပြီး လက်ခုတ်ထဲက လက်နက်မဲ့ အကျဉ်းသားကို သွေးအေးအေးနဲ့ သတ်ဖြတ်တာက သူရဲဘော်ကြောင်တဲ့ လုပ်ရပ် III GENEVA CONVENTION-1949 ကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

တကယ်တော့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့က နိုင်ငံရေးအကျဉ်းသားတွေ။ ယုတ်အဆိုးဆုံး စစ်သုံ့ပန်း (Prisoners of war-POWs) တွေပါ။

ကျန်တော်တို့ပြည်သူ့တော်လှန်ရေးဘက်က ဖမ်းထားတဲ့ စစ်ကောင်စီ(စခ) တစ်ယောက်မှ မသတ်ဘူး။ ဂျီနီဗာ ကွန်ဗင်းရှင်းနှင့်အညီ လူသားဆန်စွာ ပြုစုပေးရတယ်။

(စစ်သုံ့ပန်းဆိုင်ရာ ဂျီနီဗာ ကွန်ဗင်းရှင်း-၁၉၄၉ ‌ပုဒ်မ ၄ မှာ စစ်သုံ့ပန်းဆိုတာ စစ်ပွဲမှာ ကိုယ်တိုင် ပါဝင်သူ တွေရော၊ ပံ့ပူးကူညီသူတွေရော ပါဝင်ပါတယ်။ ပုဒ်မ ၁၃ မှာ သုံ့ပန်းကို ညှင်းပန်းနှိပ်စက်ခြင်းမပြုဖို့နဲ့ __လုံးဝ သေဆုံးစေခြင်း မပြုဖို့ ပါဝင်တယ်__ causing death or seriously endangering the health of a prisoner of war in its custody is prohibited)”

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်

“ဤလုပ်ရပ်သည် အမှန်တကယ်ဖြစ်ခဲ့ပါက နိုင်ငံတကာ၊ အိမ်နီးနားချင်း နိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းမှ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေး အလားလာ လမ်းစကောင်းများကို နစကမှ ရင့်သီးစွာ ခြေဖြင့်နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရူမြင်သုံးသပ်မိပါသည်။

အထို့အတူ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာပြည်လူထုတစ်ရပ်လုံးမှ ဒေါသကြီးစွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများအပေါ်ကိုလည်း အထူးစိုးရိမ်မိပါသည်။ မလုပ်သင့် မလုပ်အပ်သော “သေဒဏ်ချမှတ်ခြင်း” အလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ နစက ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့်သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးဝါးစွာ နှိုးဆွ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်”

Related Articles

Back to top button