သတင်း

နေ့စဉ်သတင်းအကျဉ်း

ဇွန် – ၁၁ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယမန်နေ့ ဇွန်လ (၁၀)ရက်နေ့အထိ အသက်သေးဆုံးခဲ့ရသည့် ပြည်သူ ပေါင်း (၁၉၂၉)ဦးအထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၄၀၆၁)ဦး အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံရဆဲမှာ ( ၁၁၀၀၄)ဦးထိရှိနေသေးကြေင်း AAPP မှ ထုတ်ပြန်ထားသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်း က ယမန်နေ့ ဇွန်လ ၁၀ ရက် ည ၉ နာရီခန့်တွင် ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ဒီးမော့ဆို PDF က သတင်း ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် ၁ လုံး ကျည်ထိမှန် ပျက်စီးခဲ့ပြီး အသက် ၅၄ နှစ် အရွယ် ဦးကိုရီ သေဆုံးခဲ့ကာ ဆယ်ကျော်သက် အမျိုးသမီး ၂ ဦးနှင့် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့သည်

 

  • ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် CDF တပ်ဖွဲ့ ၏ Vakok စခန်းကို သိမ်း ယူထားသော စစ်တပ် စစ်ကြောင်း၊ စစ်ကူလာသော စစ်ကြောင်းများ၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် CDF-Kanpetlet တပ်ရင်း ၂ ၏ Vakok စခန်းတွင် ဝင်ရောက်နေရာ ယူထားသော အကြမ်းဖက် စစ်တပ်ကို CDF-Kanpetlet တပ်ဖွဲ့က ပြန်လည် ချဉ်းကပ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း၊ စခန်း အပြင်ဖက် ထွက်လာသော စစ်သား ၃ ဦးကို CDF တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ စခန်းအပြင်ဖက်သို့ ထွက်မလာတော့ဘဲ စခန်းရှိ ကတုတ်ကျင်းများတွင်သာ တစ် နေကုန် ဝင်ပုန်းနေရပြီး CDF-Kanpetlet နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးများပစ်ချခြင်း၊လက်လုပ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်းများကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ထွက်လာနိုင်ခြင်း မရှိဘဲ ပိတ်မိနေကြောင်း သိရသည်။

 

  • ယနေ့ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို ကားလမ်းမ‌ပေါ်တွင် ပြည်သူများသွားလာခြင်း မပြုကြရန် နယ်မြေခံ ကေအိုင်အေ ပူးပေါင်းတပ်က အသိပေး ထုတ်ပြန်ထား ကြောင်း သိရသည်။

 

  • ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့၊ မုံးမော်အနီး၌ ကေအိုင်အေ တပ်ရင်း (၈)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ စစ်ရေးလှုပ်ရှား တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေက စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် နယ်မြေကျူးကျော်ပြီး ဒေသခံပြည်သူ များကို စစ်ဆေးမှုများ လုပ်လာသည့် စစ်ကောင်စီတပ်သားတချို့ကို AA က ဖမ်းဆီးပြီးနောက် စစ်သား ၆၀ ခန့်ဝင်လာကာ အခြေအနေ တင်းမာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ကျောက်တော်မြို့အတွင်းသို့ စကခ ၉ စစ်ကောင်စီတပ်သားများ ၆၀ ဝန်းကျင်ခန့်က မြို့အတွင်း သွားလာနေသူများ၏ ဖုန်းများကို စစ်ဆေးခြင်း၊ သွားလာသူများကို ရပ်တန့်စေခြင်းများပြုလုပ်နေ၍ အခြေအနေတင်းမာနေသည်ဟု မြို့ခံများက ပြောသည်။ စကခ ၉ စစ်ကောင်စီတပ်သားများသည် ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းများတွင် စစ်ကားနှစ်စီးနှင့် လက်နက်အပြည့်အစုံဖြင့် မြို့ထဲဝင်ရောက်လာပြီး သွားလာနေသည့် မြို့ခံများအား ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများက Western News ကို ပြောဆိုခဲ့ကြောင်းသိရသည်။

 

  • Total စွမ်းအင်ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ သန်း၂၅၀ကို စစ်ကောင်စီထံ မပေးရေးအတွက် ပြင်သစ်အစိုးရကို  NUGက  တွေ့ဆုံဆွေးနွေးတိုက်တွန်းရန် သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့  Blood Money Campaign က  အရေးပေါ်ကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။ ဇူလိုင် ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ပြင်သစ်ရေနံကုမ္ပဏီ Total သည် စစ်ကောင်စီကို ပေးဆောင်ရန်ရှိ နေသည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ နှင့် စီမံကိန်းပိတ်သိမ်းခများကို စစ်ကောင်စီကို မပေးရန် NUG က ပြင်သစ်အစိုးရကို တွေ့ဆုံစည်းရုံး ဖိအားပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က  အရေးပေါ်ထုတ်ပြန်ချက်ကို  ဇွန်လ ၁၀ရက်နေ့တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

  • ၂၀၂၂ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသော ပြည်သူ့သားကောင်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့သည်။ (၁) M 22 တစ်လက်၊ ကျည် (၁၀၂)တောင့်၊ ကျည်ဘောက်(၂)ခု ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ် ကိုရဲ (အမည်လွှဲ) ကို နှစ်ဆယ့်လေးသိန်းငါးသောင်း၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက်(၄)ခု ဖြင့် တပ်သား ကိုဇော် (အမည်လွှဲ)ကို နှစ်ဆယ့်တစ်သိန်း၊ MA-1 (၁)လက်၊ ကျည်အိမ်(၃)ခု၊ ကျည်(၇၈) တောင့်၊ ကျည် ကာအင်္ကျီ (၁)ထည်၊ ယူနီဖောင်း(၁) စုံ ဖြင့် တပ်သား ကိုနိုင်(အမည်လွှဲ) ကို ဆယ့်ရှစ်သိန်း ကျပ် တိတိ၊ လက်ပစ်ဗုံး ၂ လုံး၊ M 22 ကျည် (၃)တောင့်၊ 9 mm ကျည် (၁)တောင့်၊ 62 ကျည် (၁၄) တောင့်ဖြင့် ရဲတပ်ကြပ်ကြီး ကိုစစ်(အမည်လွှဲ)ကို  ငါးသိန်းကျပ်တိတိ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး စုစုပေါင်း ခြောက့်ဆယ့်ရှစ်သိန်းငါးသောင်းကျပ်တိတိ ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 

  • အခြားတက္ကသိုလ်ဝင်ခွင့်ရသူများအနေဖြင့် ဆေးတက္ကသိုလ်သို့ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ခွင့်ပြုလိုက်ပြီး ဆရာဝန်များပိုမိုမွေးထုတ်ရန် စစ်ကောင်စီကကြိုးစားနေသည်။ စစ်ကောင်စီ လက် အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ် ဝင် စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိ ထားပြီး ကျောင်းလာရောက်အပ်နှံခြင်းမရှိသေးသူများ၊ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့ လျှောက်ထားလို သူများ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည်ဟု ပါရှိသည်။ ထိုသို့ လျှောက်ထားလာမှုများကို လစ်လပ်နေရာအပေါ်မူတည်ပြီး အမှတ်အများဆုံးရရှိသူများအား ရွေးချယ်ပြီး အစားထိုးပြောင်းရွှေ့တက်ခွင့်ပြုမည်ဟုလည်း ပါရှိသည်။ ယခုကဲ့သိုခွင့်ပြုချက်သည် ဒုတိယ အကြိမ်လျှောက်လွှာခေါ်ယူခြင်းဖြစ်ပြီး လျှောက်လွှာပိတ်ရက်ကို ဇွန်လ ၂၂ရက်နေ့ သတ်မှတ်ထား သည်။

 

  • တမူးမြို့ပြင်ကနေ ဇွန် ၁၀ ရက် ည ၇ နာရီတွင် ဆိုင်ကယ်နဲ့ပြန်လာတဲ့ မငိုင်ရှမ်းနဲမ် (၂၇ နှစ်) ကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး အလောင်းကို ဒီမနက်တွင်မိသားစုတွေက သွားရောက် သယ်ဆောင်ကြတယ်လို့သိရတယ်။ မငိုင်ရှမ်းနဲမ်ဟာ ကလေးမြို့ဘက်ကနေ တမူးမြို့ဝင်လာစဉ် တပ်ကုန်းအနီးမှာ ပစ်သတ်ခံရတာဖြစ်တယ်။ ၎င်းဟာ ဈေးတန်း ၉ ရပ်ကွက်တွင်နေထိုင်ပြီး အပစ်ခံရ တဲ့နေရာနဲ့ ၎င်းတို့အိမ်ဟာ မလှမ်းမကမ်းသာကွာဝေးပါတယ်။ ၎င်းစီးနင်တဲ့ဆိုင်ကယ်လည်း မိသားစုတွေ ပြန်လည်ရရှိတယ်လို့သိရတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသခံပြည်သူတွေရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ (ဇွန်လ ၁၁ရက်)မှာ ” အလှည့်ကျ မနွှဲ့ ကြစတမ်း “စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၄၈၉ရက်မြောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် “အောင်ပွဲဆီချီတက်ဖို့ စည်းလုံးညီညွတ်ခြင်းနဲ့ ပညာဉာဏ်သုံးပြီး ရဲရင့်ခြင်းမှတပါး အခြားမရှိ စည်းလုံးညီညွတ်ရဲရင့်ကြ” ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတစ်နေရာတွင် မုံရွာလူငယ်အစည်း အရုံးက ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ “တော်လှန်အလံတွေလွှင့်ကြ ရဲရဲတောက် ဆန့ကျင်ကြ” စာသားဆွဲကိုင်၍ ယ​နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့က မြို့အဝင်ဆိုင်းဘုတ်မှာ ဒီကနေ့ (ဇွန်လ ၁၁ရက်)မနက်က “လူထုအား ဖြင့်သာစစ်အာဏာရှင်စနစ်ကိုဖြိုချနိုင်မည်” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြု့လုပ်ခဲ့ကြပါတယ်။

 

  • မုံရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းဒေသတွင် ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း က “၅/သွေးရဲရဲနီ စည်လုံးခြင်းဖြင့်ချီတက်မည်” စာသားကို ကိုင်ဆွဲကာ ချီတက် ဆန္ဒပြကြသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်ကြောင်း ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ်များမှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်  ချေမှုန်းရေး ၄၅၇ ရက်မြောက်နေ့ သပိတ်အဖြစ်ချီတက် သပိတ်မှောက်ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် စစ်အာဏာရှင်ဖြုတ်ချရေး ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူတချို့က ဆန္ဒပြ သပိတ် မှောက်ကြသည်။

 

  • မိသားစုလိုက်ကားဖြင့် ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပါဂျဲရိုးကားကို ယနေ့ညနေ ၆ နာရီခန့်က ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း အလောင်းပြန်မတွေ့သေးကြောင်းသိရသည်။ ရေကန်အတွင်းမှ ကားကို ဆယ်ယူနိုင်ပြီဖြစ်သော်လည်း ကားတွင် လူမတွေ့ရှိကြောင်း ဖားကန့်မြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်ဟု The 74 Media တွင်ဖော်ပြထားသည်။ “ကားကိုတော့ဆယ်နိုင်ပြီ ကားထဲမှာ လူတော့မတွေ့သေးဘူး ကားတော့ရခဲ့ပြီ။ ကလေးရဲ့ စောင်၊ ပြီးတော့ စာရွက်စာတမ်းတွေတော့ ကားထဲမှာတွေ့တယ်။ ကျန်တာဘာမှမတွေ့ဘူး” ဟုသူကပြောသည်။

 

  • အစားအသောက်ပို့ဆောင်သည့် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Food panda ကုမ္ပဏီသည် Riders များ၏ တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲဖြစ်ပြီး မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားကာ တောင်းဆိုချက်များကို သပိတ်ခေါင်းဆောင်များနှင့် Foodpand ကုမ္ပဏီတို့ ညှိနှိုင်းဆွေးဆွေးရန်န် Foodpanda ကုမ္ပဏီသို့ အသိပေးကြေညာလိုက်သည်။ ယနေ့ ဇွန်လ ၁၁ ရက်နေ့သည် Riders များ၏ အလုပ်မဆင်းသပိတ် ၆ ရက်မြောက်နေ့ဖြစ်ပြီး တောင်းဆိုချက် ၈ ချက်ကို မရမချင်း ဆက်လက် သပိတ် မှောက်သွားမည်ဟု Riders များက ဆိုသည်။

 

  • မကွေးတိုင်း ပေါက်မြို့နယ်ရှိ ဇီးတောနှင့် တောင်ဘက် ရွာတို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ယနေ့ ညနေ ၄ နာရီခန့်က စတင်ကာ ဇီးတောရွာနှင့် တောင်ဘက်ရွာရှိ ပြည်သူပိုင်နေအိမ်များကို ဘေးပတ်ဝန်းကျင် ကျေးရွာများရှိ ပျူစောထီး အဖွဲ့များနှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ” ပေါက် တောင်ပိုင်းမှာရှိတဲ့ ဇီးတောနဲ့ တောင်ဘက် ရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ ဒီနေ့ ညနေပိုင်းက ဝင်ရောက် စီးနင်းပြီး မီးရှို့ နေတယ်။ အဲ ၂ ရွာမှာ ပြည်သူတွေ မရှိတော့ဘူး။ ရွာလုံးကျွတ် ထွက်ပြေးနေရတာ ၂ လလောက်ရှိတော့ မယ်။ စစ်ခွေးတွေနဲ့ ပျူတွေက ရွာကို အမြဲတမ်း အဝင်အထွက် လုပ်နေပြီး အခု လာတဲ့အချိန်မှာ မီးရှို့သွား တာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

 

  • NUGက မိုဘိုင်းငွေပေးချေစနစ် စတင် မိတ်ဆက်မည် သတင်းထွက်ပေါ်လာပြီးနောက် စစ်​ကောင်စီက ၎င်းတို့ထိန်းချုပ်မထားသည့် မိုဘိုင်းငွေပေးချေမှု စနစ်များကို အသုံးပြုပါက ထောင် ၂ နှစ်နှင့် ငွေဒဏ် သိန်း ၁၀၀၀ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ခြိမ်းခြောက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင် သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က  ပြည်သူလူထုကို ယခုလို ခြိမ်းခြောက်ခြင်းဖြစ်သည်။

 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တောကြီးမြွေပွေးအဖွဲ့က ပေါက်ကွဲမှု အား ကြီးသော ဒုံးလက်နက် များ တီထွင် ထုတ်လုပ်နိုင်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။ ပြင်းအားနှင့် ပေါက်ကွဲမှု အားကြီးသော ဒုံးလက်နက်များကို တီထွင်ထုတ်လုပ်နိုင်ကြောင်း၊ ပြည်တွင်းပြည်ပမှ ပြည်သူများအနေ ဖြင့်  တောကြီးမြွေပွေး အဖွဲ့ကို ကူညီထောက်ပံ့ကြရန်  တောကြီးမြွေပွေး အဖွဲ့က မေတ္တာရပ်ခံထားသည်။

 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်သွားပြီး သေနတ် ၂ လက် နှင့်အတူ လွတ်မြောက်သွားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောဆိုတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိတချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက်စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးမှာ ဆေးသုံးစွဲပြီး မူးယစ်နေခြင်း၊ အရက်သောက်ထားခြင်းများ တွေ့ရှိသွားကြောင်း၊ ထို့ကြောင့် သင်တန်းကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို ခေါ်ယူ အပြစ် ပေး ဆူပူကြောင်း၊ ထိုသို့ ခေါ်ယူ အပြစ်ပေး အဆူခံရသည့်အတွက် ကင်းကျ စစ်သားများကို အရာခံဗိုလ် အောင်သန်းက ယင်းနေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား ၆ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ ၂ ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

 

  • ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တရက်နဲ့တရက် ဖဲလောင်းကစားဝိုင်း ကို ပေါ်ပေါ်တင်တင် တရားဝင်သဖွယ်လုပ်နေကြတယ်လို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။ ကျိုက်လတ်မြို့နယ်က ကျေးရွာ ၇ ရွာထက်မနည်းနဲ့  မြို့ပေါ်ရပ်ကွက် ၉ ခုလောက်မှာ ဖဲလောင်း ကစား ဝိုင်းကို တရားဝင်သဖွယ်လုပ်လာကြတာကြောင့် စီးပွားရေးကြပ်တည်းလာပြီး မှုခင်းတွေလည်း ဖြစ်ပွား လာတယ်လို့သိရပါတယ်။  ကျိုက်လတ်မြို့ပေါ်က ဒေသခံတဦးက” ဖဲဝိုင်းတွေကပေါ်ပေါ်တင်တင်လုပ် လာတာတွေ့ရတယ်။ တစ်နေ့နဲ့တစ်နေ့ ဖဲဝိုင်းတွေက တော်တော်များလာတာ။စီးပွားရေးတွေကလည်း ကျပ်တည်းလာချိန် တရားမဝင်လောင်းကစားတွေကများလာတော့ မှုခင်းတွေကလည်း ဖြစ်လာတယ်။ ထပ်ထပ်ပြီးတော့လည်း ဖြစ်လာဖို့သာရှိတယ်၊ ဒါ့ကြောင့်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ယူဆတယ်” လို့ ပြောပါတယ်။

 

  • တိမ်းရှောင်ထွက်ပြေးကြရသည့် ဒေသခံများမွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ် ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး ပိုမိုတင်းမာလာနေသည့်အနေအထားရှိသည်။ ယင်းနေရာအတွင်း ဇွန် ၁ ရက်နေ့ကစပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://federaljournalmm.org/

Related Articles

Back to top button