သတင်း

နေ့စဉ်သတင်းအကျဉ်း

ဇွန်လ – ၂ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအပေါ် အာဏာသိမ်း စစ်ကောင်စီ တပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ (၂)ရက်နေ့အထိ အသက်သေဆုံး ခဲ့ရသည့် ပြည်သူ ( ၁၈၈၃ ) ရှိခဲ့ပြီး၊ မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျခံခဲ့ရသူပေါင်း ( ၁၃၉၂၈ ) ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

 

  • ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ရေသိုးကြီးကျေးရွာနှင့် ရေသိုးလေးကျေးရွာကြားတွင် အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို ယနေ့ ဇွန်လ ၂ ရက် နေ့လယ် ၁၂ နာရီခွဲတွင် KNDO တပ်ရင်း ၄ နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရကြောင်း တိုက်ခိုက် ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။ မိုင်းခွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း KNDO ပူးပေါင်းတပ်ဖွဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ အုပ်ချုပ်နယ်မြေအတွင်းတည်ရှိသည်။

 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်းရှိ မဘီကြီးကျေးရွာအနီး ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ တို့နှင့် ယနေ့ နေ့လည် (၁၂)နာရီ မိနစ်(၂၀)တွင် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်းပစ်ခတ်မှုတွင် အာဏာ သိမ်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ချသောကြောင့် လူဦးရေ(၁၄၃)ဦး ရှိသည့် မဘီကြီးကျေးရွာမှ ကျေးရွာသူ/ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရ သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထာသည်။ ပစ်ခတ်မှုတွင်း ထိခိုက်ကျဆုံးမှု ရှိ/မရှိ မသိရသေးကြောင်း ဆိုသည်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်အုပ်စု ထောက်ခံပွဲအတွင်း ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး ဗုံးခွဲရာတွင် ပါဝင်သူဟု သတ်မှတ်ကာ “ဝ” တိုင်းရင်းသား အိုက်ဆိုင်မိန်း ကို စရဖက ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ကာ စစ်ကြောရေး ပြုလုပ်‌ပြီးတဲ့နောက် တာချီလိတ်ခရိုင်တရားရုံးတွင် သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းနေ အသက် (၂၄) နှစ် အရွယ် “ဝ”တိုင်းရင်းသား အိုက်ဆိုင်မိန်း ဆိုသူအား ဝန်ခံလာ‌စေရန်အတွက် စရဖက သေလု မျောပါး ရိုက်နှက်စစ်ဆေးခဲ့သည်ဟု သိရသည်။ “ဝ”တိုင်းရင်းသား အိုက်ဆိုင်မိန်းကို တာချီလိတ်မြို့မရဲ စခန် တွင် (ပ)၂၈/၂၀၂၂၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄/ကျင့်၅၁၂ ဖြင့် အမှုဖွင့်လိုက်ပြီး နောက် တာချီလိတ် ခရိုင်တရားရုံး ရာကြီးအမှတ် ၅၉/၂၀၂၂၊ ရာထွေ ၁၇/၂၀၂၂ ဖြင့် စိုင်းဆိုင်မိန်း အား အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ သေဒဏ်ကျခံစေရန် အမိန့်ချလိုက်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၆၈ အရ မသေမခြင်း ကြိုးကွင်းစွပ်ပြီးသတ်‌ရန် တာချီလိတ်ခရိုင်တရားသူကြီးက အမိန့်ချ လိုက်ခြင်း ဖြစ်သည်။

 

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ယနေ့မွန်းလွဲပိုင်း ၃ နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ ကြောင်း သိရသည်။ မလိခဝန်ထမ်းအိမ်ယာအတွင်းရှိ မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးတွင် ပေါက်ကွဲခဲခြင်း ဖြစ်ပြီး အဆောက်အဦး ခေါင်မိုးပွင့် ထွက်သွားခြင်းဖြစ်ကြောင်း အိမ်ယာဝင်းအတွင်းနေ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်ဟု ဆိုသည်။ “ဂိုဒေါင်လိုဆောက်ထားတဲ့ အထဲကပေါက်တာ လူတော့မထိ ဘူး။ ဂိုဒေါင်အမိုးပွင့်ထွက်သွားတယ်” ဟုသူကပြောသည်။ သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ယာ အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ကပြောသည်။

 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေ အတွင်းရှိ ပြည်သူလူထုတည်ထောင်သည့် ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်သော လော်မူပယ် ကျေးရွာရှိ မူလတန်းကျောင်း၊ လော်မူသောကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ကော်သာစေးကျေးရွာရှိ အလယ်တန်းကျောင်းများကို ယနေ့ နံနက်(၈)နာရီခွဲအချိန်တွင် ဖွင့်လှစ်ခြင်းအခမ်းအနမ်းကို ကျင်းပပြု လုပ်ခဲ့သည်။ ယခုလို ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းသုံးပစ္စည်းကိရိယာများ၊ စာရေးခုံနှင့် ထိုင်ခုံများ အလုံအလောက်မရှိသေးဟု သိရသည်။ အာဏာရှင်၏ ပညာရေးစနစ်ကို မနှစ် သက်သော ကျွဲခြံကျေးရွာရှိ ပြည်သူလူထုများသည်လည်း မိမိတို့ကိုယ်တိုင် ယခုလိုကိုယ်ထူကိုယ်ထ ကျောင်းကို တည်ဆောက်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခြင်း ခံရခဲ့သည်။

 

  • ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလအတွင်းတွင် စစ်ကောင်စီတပ်သားများက ကျေးရွာများ၌ စစ်ရေးလှုပ် ရှားသွားလာမှုများရှိနေပြီး ရက္ခိုင့်တပ်တော်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် နှင့် ဆက်စပ်သူများအား ရှာဖွေမှု များ ပိုများခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ရက္ခိုင့်တပ်တော် (AA) အား ငွေကြေးထောက်ပံ့သည် ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့သည်။ မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်သား များက ရမ်းဗြဲမြို့နယ် လေးတောင်မြို့သို့ ဝင်ရောက်လာပြီး ဒေသခံ (၂) ဦးအား ရှာဖွေမှုများ ပြုလုပ်ခဲ့ သည်။ မေလ ၂၄ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင် ရောက်နေထိုင်ခြင်းနှင့် မေလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများက တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာသို့ တပ်သား ၇၀ ခန့်ဖြင့် ရောက်ရှိလာပြီး ကင်းလှည့်ခြင်း ရွာဘုန်းတော်ကြီးကျောင်း တွင် စခန်းချနေထိုင်ခြင်းနှင့် ညမထွက်ရအမိန့် ၁၄၄ တို့ကိုလည်း ထုတ်ပြန်ထားခဲ့ကြောင်း စုံစမ်းသိ ရှိရသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မစျေးအနီးရှိ ဆရာဝန်တစ်ဦး၏နေအိမ်တစ်အိမ်မှာ ယမန်နေ့ ညနေ ၇ နာရီကျော်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။ ထိခိုက်ဒဏ်ရာရရှိပြီး လက်ရှိပြင်ဦးလွင်စစ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇွန် ၂ ရက်​နေ့ နံနက် ပိုင်း  မိုးသည်းထန်စွာ ရွာသွန်း​နေသည့်ကြားမှ စစ်ကျွန်ပညာ​ရေး ဆန့်ကျင်​ရေး၊  KIA PDF NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ချီတက်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက် ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန် အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ကြကြောင်း သိရှိရသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)၊ Dawei LGBT Community၊ လောင်းလုံးမြို့ နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ၊ သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့မှ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတချို့ တက်ရောက်ခဲ့ပါတယ်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် “သံပူခိုက်_ နာနာရိုက် ကြစို့” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ပြီး Farmer Revolutionary Force(FRF)နှင့် မဟာမိတ်တပ်ပေါင်းစုများက သပိတ် စစ်ကြောင်း လုံခြုံရေး အတွက် လိုက်ပါ ဝန်းရံပေးခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် “မြေပေါ်မြေ အောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ သပိတ်စစ်ကြောင်းနှင့် လက်ပံတောင်းတောင်ပင်မ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ “အင်တာနက်သာဖြတ်လို့ရမယ် တော်လှန်စိတ်ကို ဖြတ်လို့မရဘူး” စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကျေးရွာ သုံးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ရွာပေါင်းစုံ သပိတ် ကော်မတီ ဝင်များ၊ ရန်ကုန် တကသ လူငယ်နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် အင်အားစုများ လာရောက် ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၄၈ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင် ချီတက်မှု ဇွန် ၂ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် “ငါတို့ရဲ့တွန်းအားဟာ ငါတို့ရဲ့သမိုင်းပဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် “တော်လှန်ရေးရဲ့ အဆုံးဖြတ်ဟာ လူထုမှတပါးအခြားမရှိ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ပြီး Myaing Hero Generations (MHG) တပ်ဖွဲ့မှ သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။

 

  • လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင် ပြည်သူများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြကြောင်း သိရသည်။ မိုးတွင်းကာလ မိုးရေကြီးချိန်များတွင် စစ်ရှောင်စခန်းများအတွင်း မသန့်ရှင်းသည့် ရေများကို သောက်သုံးနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေသည်ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ဆရာမ ကိုင်ထန် က ပြောသည်။ “မိုးအရမ်းကြီးရင် သောက်ရေရော သုံးရေရော မသန့်ဘူး။ သောက်ရေကို အဆင့်ဆင့် ရေစစ်ကန်တွေနဲ့တော့ လုပ်ပေးထားပါတယ်။ တာပေမယ့် မိုးရေအရမ်းကြီးပြီဆို ရေက ကော်ဖီရောင် ထွက်တာကို ကျမတို့က ပြန်စစ်ပြီးမှာ ပြန်သောက် ပြန်သုံးလုပ်နေကြတယ်။ ကျမတို့သုံးနေတဲ့ရေကန် တွေက ဘယ်လောက်ဆေးဆေး အနယ်တွေနဲ့ ရေတွေပဲ ပြန်ဖြစ်တယ်” ဟု ပြောဆိုထားကြောင်း KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့မှ ထွက်ခွာလာသည့်ယာဉ်တစ်စီးကို ဇူလိုင်က ၂ ရက်နေ့ နံနက်ပိုင်း စစ်ဆေးရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ အဆိုပါယာဉ်ကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းမင်း(ဗိုလ်စက္က) ၊ တဇောက် ကမ်းဘကြမ်း စသည့် PDF တပ်ဖွဲ့သုံးဖွဲ့က စစ်ဆေးခဲ့ကြောင်း ဆက်လက် သိရသည်။ သိမ်းဆည်းရမိခဲ့ သည့်ပစ္စည်းများမှာ စကားပြောစက် ၂ လုံး ၊ကွန်ပျူတာနှင့်ပက်သက်သည့် ဆက်စပ်ပစ္စည်းများ ၊ ရဲတပ်ဖွဲ့ အသုံးအဆောင် အဝတ်အထည်များစသည့်တို့ဖြစ်သည်။

 

  • မြောက်ဦးမြို့၊ နန်းတော်ကုန်းပေါ်ရှိ မြောက်ဦးခေတ်လက်ရာ ရုပ်ထုနှစ်ခု ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံထားရသည်ကိုတွေ့ရှိခဲ့ရသည်ဟု ဒေသခံများကပြောသည်။ ဖျက်ဆီးခံရသည့် ရုပ်ထုများတွင် ဓက္ကားမင်း(ခေါ်) အဖိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူဂမှုံးဖြူရုပ်ထုများဖြစ်ကြပြီး မျက်စိများကို ဖောက်ထုတ်ခြင်း၊ နှာခေါင်းနှင့်မျက်နှာများကို ဖျက်ဆီးထားခြင်းများကိုတွေ့မြင်ခဲ့ရသည်ဟု ဒေသခံ ကိုခိုင်မင်းသျှင်က ပြောသည်။ ထိုကဲ့သို့ဖျက်ဆီးခြင်းမှာ မည်သူတို့၏လက်ချက်ဖြစ်သည်ကို မသိရှိရ သေးပေ။ ထိုကဲ့သို့ ဖျက်ဆီးခံရလိုက်ရခြင်းမှာ ရှေးဟောင်းအမွေအနှစ်များ အချိန်မရွေးဖျက်ဆီးခံရနိုင် သည့်သဘော သက်ရောက်နေသည်ဟု မြောက်ဦးအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း ကပြောသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးသည်လက်နောက်ပြန်ကြိုးတုပ်ကာ ရိုက်နက်ထားသည့်ဒဏ်ရာများဖြင့်သေဆုံးကြောင်း ဒေသခံများထံ မှသိရသည်။ သေဆုံးနေသည့် အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းအား ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၈နာရီခန့်အချိန်ဝန်းကျင် ဆိုင်းတောင်ရွာအထွက် ရွာဟောင်းနားတွင်တွေ့ရှိခဲ့ကြကြောင်း အလောင်းကို ဆေးရုံပို့ပေးခဲ့သည့် လူမူကူညီရေးအသင်းမှ သိရသည်။ ”ကျွန်တော်တို့သွားပို့ပေးတာကတော့ နတ်မော်နဲ့တော့ဝေးတယ် ဆိုင်းတောင်အထွက် ရွာဟောင်းနားမှာဗျဆိုင်းတောင်ရှေ့မှာရွာဟောင်းရှိတယ် လက်တွေကိုလည်းကြိုးနဲ့ သုတ်ထားတယ် မျက်နာကိုလည်းတိပ်နဲ့ပတ်ထားတယ် ”ဟု ၎င်းကပြောသည်။

 

  • လောင်းလုံးမြို့နယ် အောက်ပိုင်းတစ်နေရာမှာရဲစခန်းက ကင်းလှည့်လာတဲ့စစ်ကောင်စီကား ၂ စီးကို ယနေ့မနက် ၈နာရီ ၅၀ အချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ် လို့ လောင်းလုံး PDF ကထုတ်ပြန်ပါတယ်။ မိုင်း ၄ လုံးနဲ့ဖောက်ခွဲခဲ့တာဖြစ်ပြီး ကားပေါ်မှာ စစ်ကောင်စီတပ်သားအင်အား ၁၅ ဦးဝန်းကျင်လိုက်ပါလာ တယ်လို့သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်အင်အားမမျှတာကြောင့် ပြည်သူ့ကာကွယ် ရေး တပ်တွေဘက်ကပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ဆိုပါတယ်။

 

  • ဧရာ၀တီတိုင်းရှိ မြို့နယ်ပညာရေးမှူးရုံးများမှာ စစ်ကောင်စီက CDM အခြေခံပညာရေး၀န်ထမ်းများကို လုပ်ငန်းခွင်ကိုပြန်၀င်ပါက မူလတာ၀န်များ ပြန်လည်ပေးအပ်မယ်လို့ ကြေငြာပြီးနောက်ပိုင်း ပြန်လည် လျှောက်ထားသူ ၆၀ ကျော်ရှိနေပြီလို့ တိုင်းပညာရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “မေလကုန်ထိ တိုင်းအတွင်းက မြို့နယ်တွေကပညာရေးမှူးရုံးမှာ CDM ကနေမူလတာ၀န်ပြန်လျောက်ထားတာ ကျောင်း ဆရာ ၂၃ ဦး၊ဆရာမ ၄၀ ဦးစုစုပေါင်း ၆၃ ဦးရှိပြီ။ တိုင်းကိုမပို့သေးတဲ့စာရင်းတွေရှိသေးတယ်။ အတိအကျ တော့ပြောလို့မရသေးဘူး” လို့ တိုင်းပညာရေးရုံးနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်ဟု ဆိုသည်။

 

  • မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနှင့် ကုန်းတလင်းရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဆိုင်ကယ် ၃ စီးနှင့် စစ်ကားသည် မိုင်းကွင်း၌ ရပ်နားထားစဉ် Yesagyo PDF တပ်ဖွဲ့မှ ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃ဝ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကားနှင့် ဆိုင်ကယ်များသည် ကျေးရွာများ အတွင်းမှ ပြည်သူပိုင် ပစ္စည်းများကို အဓ္ဓမ သိမ်းယူတင်ဆောင်လာစဉ် မိုင်းဆွဲ တိုက်ခိုက် ခံရခြင်း ဖြစ်ပြီး မိုင်းထိမှန်ခဲ့သော ဆိုင်ကယ် ၃ စီးသည် လွင့်ထွက် သွားကာ စစ်ကားမှာ လမ်းဘေး ထိုးကျသွားပြီး စစ်တပ်က ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း Yesagyo PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း Yesagyo PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

Related Articles

Back to top button