အင်တာဗျူး

Dideon Kim (ZFU/PDF Zoland ကာကွယ်ရေးဌာန) ဦးဆောင်သူ နှင့် သီးသန့်ဆက်သွယ်မေးမြန်းခြင်း

[သီးသန့် ဆက်သွယ်မေးမြန်းခြင်း]

ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ လူမျိုးတွေက အစကတည်းက ကိုယ့်ပြဌာန်းချက်နဲ့ကိုယ် ကိုယ့်ဘာသာစကား၊ ကိုယ့်ဓလေ့ထုံးတမ်းနဲ့ကိုယ် အုပ်ချုပ်တည်ရှိခဲ့ကြတာပါ။ အဲ့ဒါတွေကို လေးစားပြီး အားလုံးသဘောတူတဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်နိုင်ဖို့လိုမယ်။ ဘယ်အာဏာရှင်စနစ်၊ ဘယ်လူမျိုးကြီးဝါဒမှ မြန်မာ ပြည်မှာကော ချင်းထဲမှာပါ မရှိရလေအောင် လုပ်ဆောင်ရမှာပါ။ ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်းကမှ လက်ဝါး ကြီးအုပ်ထားတာ မဖြစ်စေရဘူး။

Dideon Kim (ZFU/PDF Zoland ကာကွယ်ရေးဌာန) ဦးဆောင်သူ နှင့် သီးသန့်ဆက်သွယ်မေးမြန်းခြင်း

မေး။    ပထမဆုံး ဆရာ ရဲ့ အမည် နဲ့ တပ်တွင်းမှာ အဓိက ဘာ တာဝန်ယူထားလဲ။ တပ်ထဲမှာ တစ်နေ့တာ ပုံမှန် လုပ်ငန်းတွေကို ပြောပြပေးပါဦး။

ဖြေ။     ကျွန်တော့နာမည် Dideon Kim ပါ။ ကျွန်တော်က ZFU ရဲ့ PDF Zoland (ကာကွယ်ရေးဌာန)ကို အဓိကဦးဆောင်နေပါတယ်။ တစ်နေ့တာပုံမှန်လုပ်ငန်းဆိုတာမျိုး မရှိနိုင်လောက်အောင်ကို အမျိုးမျိုး ပြောင်းလဲ တော်လှန်နေရတဲ့ကာလဆိုတော့ ပုံမှန်ဆိုတာမရှိနိုင်သေးဘူးပြောရမယ်။ ပုံမှန်လုပ်နေရာတာကတော့ ပုံမှန်မဟုတ်တဲ့ အလုပ်တွေကို ပုံမှန်လုပ်နေရပါတယ်။

မေး။    စစ်အာဏာမသိမ်းခင် ZFU/PDF Zoland ထဲမဝင်ခင်မှာ ဘာလုပ်ခဲ့လဲ

ဖြေ။     စိုက်ပျိုးရေးနဲ့ ပရဟိတအလုပ်တွေကို အဓိကလုပ်ဆောင်ပါတယ်။

မေး။    တဆက်တည်းမှာ ဆရာရဲ့ နိုင်ငံရေးခံယူချက်နဲ့ နိုင်ငံရေးပန်းတိုင် အကျဉ်းချုံးသိလိုပါတယ်။

ဖြေ။     ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ လူမျိုးတွေက အစကတည်းက ကိုယ့်ပြဌာန်းချက်နဲ့ကိုယ် ကိုယ့်ဘာသာစကား၊ ကိုယ့်ဓလေ့ထုံးတမ်းနဲ့ကိုယ် အုပ်ချုပ်တည်ရှိခဲ့ကြတာပါ။ အဲ့ဒါတွေကို လေးစားပြီး အားလုံးသဘောတူတဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်နိုင်ဖို့လိုမယ်။ ဘယ်အာဏာရှင်စနစ်၊ ဘယ်လူမျိုးကြီးဝါဒမှ မြန်မာပြည်မှာကော ချင်းထဲမှာပါ မရှိရလေအောင် လုပ်ဆောင်ရမှာပါ။ ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်းကမှ လက်ဝါးကြီးအုပ်ထားတာ မဖြစ်စေရဘူး။ မြောက်ပိုင်းဖြစ်တဲ့ တီးတိန်၊ တွန်းဇံမြို့နယ်တွေမှာဆို ကျွန်တော်တို့ လူမျိုးတွေစီကနေ စီးဆင်းလာတဲ့ ZFU/PDF Zoland ရှိသလို၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာလည်း ကျွန်တော်တို့လိုပဲ ဘယ်အဖွဲ့အစည်း လက်အောက်ခံမှမဟုတ်တဲ့ CDF Kanpalet, CDF Mindat, CNDF (CNO), CNF နဲ့ အခြားသော အဖွဲ့အစည်းများစွာရှိပါတယ်။ ဒီအဖွဲ့အစည်းတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့လေးစားမှုအပြည့်ထားရမယ်။ သူ့လူမျိုး ကိုယ့်လူမျိုးကို လေးစားမှုအပြည့်ထားရမယ်။ ကိုယ့်နယ်သူ့နယ်ကို ကျူးကျော်မှုမရှိဘဲ လေးစားစွာဆက်ဆံရမယ့် ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲနိုင်ရမယ်။ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင်တော့ Federal within Federal ပေါ့။ မြို့နယ်အလိုက် အခြေပြုအုပ်ချုပ်မှုကနေ ချင်းပြည်ကိုပေါင်း၊ ချင်းပြည်ကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Union မှာပေါင်းပေါ့။

မေး။    ဆရာတို့တပ်ဖွဲ့ရဲ့ အဓိကစိန်ခေါ်မှုကဘာတွေဖြစ်မလဲ။

ဖြေ။     အခြားတော်လှန်ရေး လုပ်ဖော်ကိုင်ဖက်တွေလိုပဲ အခက်အခဲကတော့ အများကြီးရှိပါတယ်။ အခက်အခဲအများကြီးထဲကမှ အဓိက စိန်ခေါ်မှုကတော့ လက်နက်နဲ့ ငွေကြေးအခက်အခဲတွေဖြစ် ပါတယ်။ ဒါ့အပြင် တော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြားထဲမှာတောင် နိုင်ငံရေးအရ လက်ဦးချင်တာတွေလည်း ကြုံတွေ့ရပါတယ်။ ကျွန်တော်တို့ ZFU/PDF Zoland က အဖွဲ့လိုက်ဦးဆောင်မှုကို အလေးထားတာဖြစ်လို့ စိန်ခေါ်မှုတွေကို အချင်းချင်းဆွေးနွေးနည်းလမ်းရှာရင်း ရင်ဆိုင်ဖြေရှင်းနေရသလို အခြားသော ပြည်တွင်းပြည်ပက တော်လှန်ရေး ရဲဘော်တွေနဲ့ လက်တွဲကျော်ဖြတ်နေကြပါတယ်။

မေး။    တပ်တွင်းစည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ် ဥပဒေ စနစ်တကျရှိသလား (ဥပမာရဲဘောတစ်ဦးဦးက စခန်းတွင်း စည်းကမ်းပိုင်းအားနည်းတာမျိုးရှိခဲ့သော်) ဘယ်လိုအရေးယူ ဆောင်ရွက်လဲ

ဖြေ။     ကျွန်တော်တို့ ZFU အနေနဲ့ PDF Zoland တစ်ခုတည်းမဟုတ်ဘူး ကျန်တဲ့ဌာနတွေအတွက်လည်း လိုက်နာရမယ့် မူဝါဒတွေ စည်းကမ်းတွေရှိပါတယ်။ ZFU ကနေ နိုင်ငံရေးလမ်းပြ မြေပုံရှိထားသလို PDF Zoland မှာလည်း အခြေခံဥပဒေရှိထားပါတယ်။ Geneva Convention ရဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ကိုးကားပြီး ရေးဆွဲထားတဲ့ PDF Zoland ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်လည်းရှိပါတယ်။ ဒီကျင့်ဝတ်တွေကို ကျွန်တော်တို့ လက်တွေ့လိုက်နာကျင့်သုံးလျက်ရှိပြီး တော်လှန်ရေးနဲ့လည်း ကိုက်ညီပါတယ်။ ဒါ့အပြင် ဒီကျင့်ဝတ်တွေနဲ့အညီ ပြည်သူတွေအကျိုးကို အကောင်းဆုံး ပံ့ပိုးကာကွယ်နိုင်အောင် ရည်ရွယ်ပုံဖော်ကြိုးစားနေကြပါတယ်။

သင်တန်းပြုလုပ်တိုင်းမှာလည်း တခြားကာကွယ်ရေးပညာရပ်များနည်းတူ နိုင်ငံရေးအခြေခံလမ်းပြမြေပုံ နဲ့ ဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလည်း အမြဲသင်ကြားပေးပါတယ်။ ပြည့်စုံတယ်လို့မရှိသေးပေမယ့် ပြုပြင်ရင်း ကျင့်သုံးရင်းသွားနေကြပါတယ်။ စည်းကမ်းပိုင်း လိုက်နာနိုင်မှု လိုအပ်ချက်ကတော့ အဖွဲ့အစည်းတိုင်းမှာလိုပဲ အနည်းနဲ့အများ ကျွန်တော်တို့မှာရှိပါတယ်။

အခု ကျွန်တော်တို့အားလုံးက လူမျိုးနဲ့နိုင်ငံအတွက် အသက်ကို volunteer ပေးထားတာဖြစ်တဲ့အတွက် ပြစ်ဒဏ်ပေးရင်လည်း အထူးသတိထားရတယ်။ ဥပမာ- သောက်စားလို့အပြစ်ပေးတဲ့အနေနဲ့ အစောကြီး ၁၀ မိုင်ထပြေးခိုင်းတာမျိုးဆို ကျွန်တော်ကိုယ်တိုင် သူတို့နဲ့ လိုက်ပြေးတယ်။ သူတို့စည်းကမ်းဖောက်ဖျက်တာက ကျွန်တော့်လိုအပ်ချက်လည်းပါတယ်ဆိုပြီး တာဝန်ယူမှုကို သူတို့နဲ့ မျှဝေတာပေါ့။ သူတို့ကို ခံရအောင်ပေးတဲ့ ပြစ်ဒဏ်မဟုတ်ဘူး သူတို့ကို ပိုကောင်းတဲ့သူ၊ ပိုကောင်းတဲ့ အဖွဲ့အစည်းဖြစ်အောင် အားလုံးဝိုင်းလုပ်နေတယ်ဆိုတာ သိစေချင်တာ။ ပြီးပြည့်စုံနေတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အားလုံးလိုအပ်ချက်တွေကို အတူတကွ သည်းခံဖြည့်ဆည်းပြီး စည်းကမ်းတွေကို ချမှတ်နေရတာပါပဲ။

မေး။    လက်ရှိ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်အတွင်းက စစ်ရေး၊ နိုင်ငံရေးအခြေအနေဘယ်လို အနေအထားမှာရှိနေလဲ သုံးသပ်ပြောပေးလို့ရမလား

ဖြေ။     ကျွန်တော်တို့ မြောက်ပိုင်း တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာဆိုရင် စစ်ရေးအရဆိုရင်တော့ စကစရဲ့ လှုပ်ရှားမှုကိုကြည့်ရသလို တော်လှန်ရေးရည်မှန်းချက်ပြည့်မြောက်ဖို့အတွက် ဗျူဟာကျကျ လှုပ်ရှားနေရပါ တယ်။ အထူးသဖြင့် စကစ ဘက်က သာလွန်အင်အားသုံးပြီး စစ်ဘေယဉ်သုံးတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ ဘက်က တုန့်ပြန်မှုက ဗျူဟာကျဖို့လိုပါတယ်။ ရှိတဲ့အင်အားအရင်းအမြစ်တွေ အထိရောက် ဆုံးဖြစ်အောင် ချိန်ဆ လှုပ်ရှားနေရပါတယ်။  နိုင်ငံရေးအရကတော့ ကျန်တဲ့ဌာနကခေါင်းဆောင်တွေပိုမယ်ထင်တယ်။ ဓမ္မနှင့် အဓမ္မ ယှဉ်တိုက်နေရတဲ့ ဒီကာလမှာ ဓမ္မဖက်ရပ်တည်တဲ့ ပြည်သူလူထုကတော့ ကျွန်တော်တို့နဲ့ တစ်သား တည်းရှိပါတယ်။ ပြည်တွင်းပြည်ပကနေလည်း အမြဲဆုတောင်းပေးနေကြပါတယ်။ ZFU ကနေ နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ ပြည်သူ့အုပ်ချုပ်ရေးဖက်ကို ကြိုးစားပြီးဦးဆောင်နေပါတယ်။ ကျွန်တော့်တစ်ဦးထဲ အမြင်ပြောရရင်တော့ PDF Zoland ဆိုတာ ပြည်သူလူထုထဲကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်လို့ ပြည်သူလူထုနဲ့အမြဲ တစ်သားတည်းရှိပါတယ်။

မေး။    တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်  ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေလဲ ဖွဲ့စည်းပြီလို့သိရတယ်။ ဆိုတော့ ဘယ်လိုယန္တရားတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီလဲ

ဖြေ။     ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ပြည်သူ့အုပ်ချုပ်ရေးတွေနဲ့ လက်တွဲလုပ်ဆောင်နေတာတွေရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရဲ၊ သပိတ်ဌာန၊ ပြည်သူ့ဆက်ဆံရေး၊ မူဝါဒဆိုင်ရာဌာန၊ ဘဏ္ဍာငွေရှာဖွေရေး စသဖြင့် ဌာနပေါင်းစုံနှင့်အတူ ပြည်သူလူထူလိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေပါတယ်။ အထူးသဖြင့် အရပ်သားအုပ်ချုပ်ရေးကို အခုကတည်းက စတင်ကျင့်သုံးနေပါတယ်။ အုပ်ချုပ်ရေးဖက်မှာလည်း လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ နိုင်ငံတကာရောက် ဇိုမီးလူမျိုးစုနှင့် တော်လှန်ရေးအားပေးတဲ့ လူမျိုးပေါင်းစုံရဲ့ အားပေးထောက်ပံ့မှုလည်း ပြည်သူ့အုပ်ချုပ်ရေးအတွက် အင်မတန်မှ အကျိုးရှိပါတယ်။

မေး။    စစ်ရေး နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ထားတာရှိလား

ဖြေ။     ကျွန်တော်တို့ နိုင်ငံရေးအနေနဲ့ကတော့ CRPH လို body နဲ့ ပုံမှန်တွေ့နေတာရှိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ CDF Kanpalet, CDF Mindat, Civic Defence Militia – Siyin, CNDF, PDF Kalay, PDF Tamu တပ်ရင်း (၄) စတာတွေနဲ့ မဟာမိတ်ဖွဲ့ထားသလို ကျန်တဲ့ စစ်ကောင်စီကို တော်လှန်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့အသင့်ပါပဲ၊ လုပ်ဆောင်ခဲ့တာတွေလဲရှိပါတယ်။ Hiangzing တိုက်ပွဲလို၊ Rih မှာဖြစ်တဲ့ တိုက်ပွဲလိုဟာတွေပေါ့။ ပြီးတော့ ချင်းပြည်အတွင်းမှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင် (၁၇)ဖွဲ့ပေါင်းပြီးလည်း ကော်မတီတစ်ခု စုပေါင်းထားတာရှိတယ်။ လိုသလို ပူးပေါင်းကူညီလို့ရအောင် ဖွဲ့ထားတာပေါ့ CJDC ဆိုပြီးတော့ဖွဲ့ထားတာပါ။ ဘယ်လောက်ထိရောက်မလဲတော့ မသိသေးဘူးပေါ့။

မေး။    နွေဦးတော်လှန်ရေး ဘယ်တော့ပြီးမယ်ထင်လဲ

ဖြေ။     ကျွန်တော် ဒီမေးခွန်းကို ချင်းပြည်တွင်းမှာရှိတဲ့ လူမျိုးအားလုံးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးအားလုံးနဲ့ ဆိုင်တဲ့ မေးခွန်းလို့ထင်ပါတယ်။ တောင်တန်း-ပြည်မ မှာရှိတဲ့ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ အားထုတ်မှုကလည်း အခရာကျပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ တောင့်တမှုမပြည့်မခြင်း တိုက်ပွဲဝင်နေမှာပါ။

မေး။    နွေဦးတော်လှန်ရေးပြီးသွားရင် ဆရာတို့အဖွဲ့ကို ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။ DDR/SSA ပြုပြင်ပြောင်းလဲရေးနှင့် လက်နက်ဖြုတ်သိမ်းရေးတို့ အတွက် ကြိုတင်စဉ်းစားမှုနဲ့ ဒီ့အတွက် မူချမှတ် ထားပြီးသားရှိလား

ဖြေ။     ကျွန်တော်တို့ ZFU တစ်ခုလုံးအနေနဲ့ Road Map ရှိပါတယ်။ အသေးစိတ်ကိုတော့ “Zomi Federal Union” Facebook page မှာ ကြည့်ပေးပါ။ အတိုပြောရရင်တော့ ကျွန်တော်တို့က အခုလက်ရှိ ဖွဲ့စည်းပုံမှာလည်း လက်နက်မကိုင်တဲ့ ပြည်သူတွေဦးဆောင်ထားတဲ့ အရပ်သားအုပ်ချုပ်မှုကို အလေးထားပါတယ်။

တော်လှန်ရေးပြီးသွားရင်လည်း လက်နက်ကိုင်လမ်းစဉ်နဲ့ပတ်သက်ပြီး ပြောင်းလဲမှုအများကြီးထပ်လုပ်ဖို့ရှိ ပါတယ်။ ဒီမှာတော့ အသေးစိတ်ပြောပြဖို့ခက်ပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းစဉ်အတိုင်း ပြည်သူတွေဆီကနေ စီးဆင်းလာတဲ့ တိကျခိုင်မှာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရင် Standard ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး၊ အရပ်ဖက်ပြန်လည် ဝင်ရောက်လိုတဲ့ တော်လှန်ရေးတပ်သားတွေအတွက် ထောက်ပံ့မှု အစီအစဉ်စသဖြင့်ပေါ့ ပြည်သူ့လက်အောက်မှာ ကျွန်တော်တို့ လက်နက်ကိုင်တွေရောက်သွားပါမယ်။ အဲ့အခါကျရင် လက်နက်ဆက်ကိုင်ချင်တဲ့သူတွေက ပြည်သူတွေအတွက် ပြည်သူ့ပြဌာန်းချက်တွေအတိုင်း လက်နက်ကိုင်မယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့် Professional ဒါမှမဟုတ် ကိုယ့်အနာဂတ်အတွက် ကိုယ်စိတ်ဝင်စားတာကို ဆက်လုပ်ကြမှာပါ။ ဗမာ ထဲမှာဖြစ်ဖြစ်၊ ချင်း ထဲမှာဖြစ်ဖြစ် ဘယ်လက်နက်ကိုင် အာဏာရှင်သစ်မှ ပြန်လည်ပေါ်ပေါက်မလာဖို့ကို အလေးထားပါတယ်။

ကျေးဇူးတင်ပါတယ်။

Related Articles

Back to top button