တိုင်းရင်းသားများသတင်း

ဆွမ်ပီယန် စစ်ဘေးရှောင် ပြည်သူများ နေရပ်မပြန်နိုင်သေး

ဓါတ်ပုံ – KNG

ဖက်ဒရယ်ဂျာနယ်
မတ် ၂၂၊ ၂၀၂၂

ဆွမ်ပီယန် စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်ချင်သော်လည်း ကျေးရွာအနီးဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲထားသလို တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသောကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့  ဆွမ်ပီယန် စစ်ဘေးရှောင် အမျိုးသမီးတဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

၎င်းက “ကျမတို့ ဆက်သွယ် မေးမြန်း စုံစမ်းကြည့်တော့ လက်ရှိအချိန်မှာ ရွာကိုပြန်ဖို့ လုံးဝမဖြစ်နိုင်သေးတဲ့ အခြေနေမှာရှိတယ်။ တောထဲမှာ ကျန်နေတဲ့ သူတွေနဲ့လည်း အဆက်အသွယ်ရတယ် ရွာအဝင်မှာ ချောင်းတခုရှိတယ် အဲ့ဒီချောင်းဖြတ်တာနဲ့တော့ စစ်တပ်ကနေပြီးတော့ မင်းတို့ကို ပစ်သတ်မယ်ပြောတယ် ရွာထဲဝင်လို့ မရဘူး ရွာအနီးမှာ စစ်ကောင်စီတပ်က စခန်းထိုင်နေဆဲဖြစ်တယ်” ဟု ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားလာလျှင် ဒေသခံများသည် တစာခံအဖြစ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခြင်းတို့ကို ကြုံတွေ့ခံစားလျက်ရှသည်။ ထို့ကြောင့် ဆွမ်ပီယန် ဒေသခံများ အနေဖြင့် တိုက်ပွဲများကြောင့် အိုးပစ် အိမ်ပစ် နေရပ်စွန့်ခွာ သိမ်းရှောင်နေရသည့် အချိန်လာ၍ တိုက်ပွဲအနီးဝန်းကျင်တွင် သိမ်းရှောင်နေရသည့် ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ ရိုက်နှက်၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်မည်ကိုလည်း စိုးရိမ် ပူပန်နေကြသည်။

၎င်းက “KIA ကိုကျတော့ ကျမတို့ရဲ့တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတယ်တာမို့လို့ ကျမတို့အနေနဲ့ ဘာမှတော့ မှတ်ချက်မပေးလိုပါဘူး။ NUG နဲ့ စစ်ကောင်စီကိုတော့ ကျမတို့ကို ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်အောင် စီစဉ်ပေးစေချင်ပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်အနေနဲ့ နှစ်ဖက်တိုက်တာတော့တိုက်ပါ ဒါပေမဲ့ ကျမတို့ရွာသားတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ရိုက်နှက်တာတွေ ရွာကို မီးရှို့တာတွေကိုတော့ မလုပ်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာ စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် အိမ်ခြေ (၂၀၀)ဝန်းကျင်ခန့်ရှိ ဒေသခံများသည် ကျေးရွာနှင့် အနီးဝန်းကျင် ၁ မိုင်ခန့်အကွာ တောတွင်းနေရာများ၌ စစ်ဘေး သိမ်းရှောင်ခဲ့ရသည်။ ဒေသခံတချို့သည် တော်တွင်းခရီးနှင်၍ မြစ်ကြီးနားသို့ သိမ်းရှောင်ခဲ့ကြပြီး တချို့စစ်ဘေးရှောင်များသည် တော်တွင်းနေရာများ၌ မိုးကာတဲများဖြစ် ကြုံသလိုတည်ခင်း၍ ဆက်လက် သိမ်းရှောင်နေကြကြောင်းသိရသည်။ ဖေဖော်ဝါရီလ လဆန်းမှ စတင်ခဲ့သည့် ဆွမ်ပီယန်ကျေးရွာ တိုက်ပွဲသည် ၂ လနီးပါးကြာမြှင့်လာပြီလည်း ဖြစ်သည်။

Related Articles

Back to top button