တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ပဒိုစောရွှေမောင်း ပြည်ထောင်စုအခမ်းအနားတက်ရောက်ခြင်းသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မသက်ဆိုင်ကြောင်း ပဒိုစော‌တောနီးပြော

ဓါတ်ပုံ – Yangon Media Group

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

နေပြည်တော်တွင် စစ်ကောင်စီကကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့  KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တက်ရောက်သည်ကို တွေ့ရသည်။

ပဒိုစောရွှေမောင်းနှင့်စောချစ်လှတို့သည် စစ်ကောင်စီက နေပြည်တော်တွင် ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို KNU ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ဘဲ သီးခြားဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ တက်ရောက်စဉ် KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးမည့်စာကို ယူဆောင်သွား မည်ဖြစ်ကြောင်း ပဒိုစောရွှေမောင်း CNI သတင်းဌာနသို့ ယမာန်နေ့က ပြောဆိုထားသည်။

ပဒိုစောရွှေမောင်းက “ဟုတ်ကဲ့ ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တက်လို့ရတယ်ဆိုတဲ့အပေါ်မှာ ကျနော်က ပုဂ္ဂိုလ်ရေး အရ သွားပြီးတော့ တက်ရောက်မှာပေါ့၊ တက်ရောက်တဲ့ အပေါ်မှာ ဥက္ကဋ္ဌကြီးကလည်း စာပါထည့်ပေးလိုက်မယ်တဲ့ အဲတာစာပါ တပ်ချုပ်ကြီးဆီကို စာပို့မှာပေါ့”ဟု ပြောသည်။

မိမိတို့အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကိုသာ တက်ရောက်မှာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်များပေါ် ဆွေးနွေးရန် တာဝန်ပေးထားချက် မရှိကြောင်း ၎င်းက ပြောထားသည်။

ပဒိုစော‌ရွှေမောင် တက်ရောက်ခြင်းနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ၊ နိုင်ငံခြား ရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ၎င်း၏ပုဂ္ဂိုလ်ရေးသာဖြစ်ကြောင်း ဖက်ဒရယ်ဂျာနယ် ကို ပြောသည်။

“သူ ပဒိုစောရွှေမောင်း တက်တာက KNU အဖွဲ့အစည်းနှင့် မသက်ဆိုင်ဘူး သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူးလေ ဒါကြောင့် ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး”ဟု ပြောသည်။

ပဒိုစောရွှေမောင်းသည် KNU ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တာဝန်မှ နှုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၇ ရက်က ကျင်းပ သည့် ခရိုင်အရေးပေါ် အစည်းအဝေးတွင် တင်ပြ အသိပေးထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

 

Related Articles

Back to top button